ဧဒင်အချစ်ပုံပြင်: အောက်ဘီးအရောင်းသွက်နေသည့် ရှမ်း/မြောက်ဆိုင်ကယ်ဈေးကွက်

Thursday 3 January 2013

အောက်ဘီးအရောင်းသွက်နေသည့် ရှမ်း/မြောက်ဆိုင်ကယ်ဈေးကွက်

မူဆယ်-ကျယ်ခေါင်မှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါမြို့နယ်သို့ ဆိုင်ကယ်တင်သွင်းသည့် လမ်းကြောင်းတွင် စစ်ဆေးခြင်းများ ယမန်နှစ်ကထက် ပိုမိုများပြားနေခြင်းကြောင့် မြောက်ပိုင်း ဈေးကွက်သို့ ဆိုင်ကယ်အ၀င်နည်းလာကြောင်း သိရှိရသည်။
  မူဆယ်-ကျယ်ခေါင်မြို့မှ ဆိုင်ကယ်များမှာ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ အ၀င်နည်းသော်လည်း အောက်ဘီးများသာ အရောင်းသွက်လျှက်ရှိသည်ဟု သီပေါမြို့ဆိုင်ကယ်ဈေးကွက်မှ သိရသည်။
ဒီလ ၁ ရက်နေ့လောက်ကစပြီး လမ်းဖြတ်သန်းတဲ့နေရာတွေမှာ စစ်ဆေးမှုတွေများလာလို့ ခါတိုင်း ထက်တော့ ဆိုင်ကယ်က အ၀င်နည်းတယ်၊ CZI လိုမျိုး တန်ဖိုးကြီးဘီးတွေသိပ်ပြီး အရောင်း အ၀ယ် မဖြစ်ဘူး ၊ ၁၁၀ စီစီထဲက ဆိုရင် Sumbo တို့ Followme တို့လို အောက်ဘီးတွေလောက်ပဲ ရောင်းရ
တယ် ”ဟု ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှ ဆိုင်ကယ် ၀ယ်ရောင်း ပြုလုပ်သူ ဦးကိုချစ်က ပြော သည်။
 
လိုင်စင်မဲ့ဆိုင်ကယ်များ တင်သွင်းခြင်းများကို စစ်ဆေးမှုပြုလုပ်လျက်ရှိသောကြောင့် ကယ်ရီမောင်းနှင် သူများလည်း နည်းပါးလျှက်ရှိပြီး အောက်ဘီးရောင်းချသည့် ဈေးကွက်မှာ အားကောင်းလျက် ရှိသည် ဟု ၄င်းက ဆိုသည်။
 
မူဆယ်-ကျယ်ခေါင်မှ ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းသို့ လိုင်စင်မဲ့ဆိုင်ကယ်တင်သွင်းမှု လမ်းကြောင်းတွင် စစ်ဆေးမှု များပြားလာခြင်းကြောင့် ကယ်ရီမောင်းသူများ နည်းပါးသွားပြီး ဆိုင်ကယ်အသစ်အ၀င်နည်း သော်လည်း ပျမ်းမျှ ကျပ်နှစ်သိန်းခြောက်သောင်း (၂၆၀၀၀၀) မှ သုံးသိန်း (၃၀၀၀၀၀) ၀န်းကျင်ခန့်ဈေးရှိသည့်  အောက်ဘီးများ မှာ ဈေးကွက်တွင် ရောင်းအားကောင်းနေခြင်း ဖြစ်သည်။
 
 “စစ်ဆေးတာတွေနဲ့လွတ်အောင်လို့ ကျွန်တော်တို့က ကွင်းလမ်းကနေပဲမောင်းတယ် တစ်ချို့ ကတော့ စစ်တဲ့ ဂိတ်ကို ပိုက်ဆံပေးပြီး ဖြတ်ကြတာပဲ၊ လမ်းကြောမှာက အခြေအနေ မကောင်းတော့ တန်ဖိုးကြီးဘီးတွေကို သိပ်ပြီးမမောင်းချင် လို့ အောက်ဘီးတွေလောက်ပဲ တော်တော်များများ မောင်းကြတာ “ ဟု မြန်မာ-တရုတ် နယ်စပ်မှသီပေါ၊ ကျောက်မဲသို့ ကယ်ရီမောင်းနှင်သူတစ်ဦးက ပြောသည်။
 
 Luojia (လော်ဂျား ) ကဲ့သို့တန်ဖိုးမြင့်ဘီးများအား တရားဝင်တင်သွင်းခွင့်ရှိသော်လည်း မြန်မာပြည် အလယ်ပိုင်းသို့ ကားများဖြင့်သာ တင်သွင်းသောကြောင့်  ရှမ်း/မြောက် ဆိုင်ကယ်ဈေးကွက်သို့ တင်သွင်းမှုမရှိတော့ကြောင်း  ဆိုင်ကယ်ပွဲစားအချို့ထံမှ သိရသည်။
 
လက်ရှိ ရှမ်း/မြောက် ဆိုင်ကယ်အသစ်ဈေးကွက်တွင် ကျပ် နှစ်သိန်းခွဲ(၂၅၀၀၀၀) ၀န်းကျင်မှ သုံးသိန်း -နှစ်သောင်း (၃၂၀၀၀၀) ကျပ် ၀န်းကျင်ခန့်ရှိသော တန်ဖိုးနည်းအောက်ဘီးများသာ အရောင်းအ၀ယ်ရှိပြီး အဟောင်းဈေးကွက်တွင် နှစ်သိန်းဝန်းကျင်ခန့် ဘီးများသာ အရောင်းအ၀ယ်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
 
နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...