Wednesday, 9 May 2012

ပယောဂကိုအရက်တိုက်ရိုက်ပုတ်ကုသရာမှသေဆုံးခဲ့တဲ့ မြိတ်မြို့နယ်ကဖြစ်ရပ်မှန်

လွန်ခဲ့သော ရက်(၂၀)ခန့်က တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်၊ ပထော်ရွာသူ မလှဌေးဟာ ရွာနီးချင်း ဖြစ်တဲ့ ကမ်းတောရွာကို အလည်သွားရောက်ခဲ့ပါတယ်၊ အဲ့ဒီ ကမ်းတောရွာမှာ  ပယောဂဆရာ ဦးနောင်မဲ ဦးဆောင်တဲ့ လူ(၃)ဦးက ပယောဂမိနေတဲ့ (အပမိနေတဲ့) လူနာတစ်ဦးကို သူတို့ရဲ့ ပယောဂနည်းနဲ့ ဆေးကုနေသတဲ့ဗျ၊ ပယောဂ ကုတယ်ဆိုတော့ ရွာသူ/သားတွေ ကလည်း ၀ိုင်းအုံလို့ ကြည့်ကြတယ်တဲ့လေ၊ အဲ့ဒါကို မလှဌေးကလည်း မိန်းမသားတို့ သဘာဝ စပ်စုချင်တော့ သွားကြည့်တာပေါ့၊
အဲ့ဒီ အချိန်မှာပဲ လူနာကို ၀င်နေတဲ့ ပယောဂဟာ စီးရှင် ၀င်ကပ်နိုင်တဲ့ လူတစ်ဦးဦးကို ၀င်ကပ်ခိုင်းပြီး ကုသမှ ရမယ်လို့ ပယောဂ ဆရာ ဦးနောင်မဲ ဆိုသူက ပြောတာကြောင့် မလှဌေးကလည်း ကူညီချင်ဇောနဲ့ သူဟာ စီးရှင် ၀င်လေ့ရှိသူ ဖြစ်ကြောင်း ပြောလေတော့ ပယောဂ ဆရာအတွက် ကွက်တိ ကျသွားပြီး မလှဌေးကို စီးရှင် ၀င်ခိုင်းခဲ့တယ်တဲ့၊ အင်း မလှဌေးကတော့ စီးရှင် ၀င်လား/ မ၀င်လား မသိဘူးပေါ့ဗျာ၊ ပယောဂဆရာက ဒီလောက်ဖြစ်တဲ့ ပယောဂ ရေမန်း တိုက်စရာ မလိုဘူး၊ အရက်တိုက်ပြီး ကုမယ်ဆိုပြီး စီးရှင် ၀င်ခိုင်းထားတဲ့  မလှဌေးကို အရက်တွေတိုက်ပြီး ရိုက်နှက်ပါလေရောတဲ့၊ ပယောဂဆရာ ဦးနောင်မဲ ဦးဆောင်တဲ့ (၃)ဦးအဖွဲ့ဟာ မလှဌေးကို အရက်တွေချည်းတိုက်.. စီးရှင်အနေနဲ့ ဒီပယောဂကို ဖယ်ရှားပေးပါဆိုပြီး အမိန့်ပေး၊ မလှဌေးမှာလည်း စီးရှင်က တကယ် မ၀င်တော့ ဟိုလူနာက မသက်သာ၊ အင်း.... လူနာက မသက်သာတော့ ပယောဂဆရာက စီးရှင် ၀င်နေတယ်လို့ ယူဆထားတဲ့ မလှဌေးကို ထပ်ရိုက်နဲ့ ရိုက်ပုတ်လိုက်ကြတာဗျာ မလှဌေးရဲ့ ဦးခေါင်း၊ မျက်နှာနဲ့ ရင်ဘတ်တွေမှာ ဒဏ်ရာ ဗလပွနဲ့၊ နောက်ဆုံး မှာတော့ မလှဌေးဟာ မရှုမလှ သေဆုံးခဲ့တယ်လို့ သိရပါတယ်၊ ပယောဂဆရာ ဦးနောင်မဲနဲ့ အဖွဲ့ကိုလမ်း ရဲစခန်းက ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
          သူငယ်ချင်းတို့ရေ.... ကျနော်တို့ မြန်မာ့ အတွေးအခေါ် အယူအဆတွေမှာ မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာ့ ကိုးကွယ်ရာ၊ မြန်မာ့ အားကိုးရာတွေ ရှိတာကို ကျနော် လက္ခံပါတယ်၊ ဒါပေမယ့်ဗျာ.... မတောက်တခေါက် အသိတရားတွေနဲ့ လူပုံအလယ်မှာ ဆရာဂုဏ် မောက်ချင်တဲ့ မြိတ်မြို့က ပယောဂဆရာ ဦးနောင်မဲ ဦးဆောင်တဲ့ လူ(၃)ဦးလို ""လုပ်ဆရာ"" တွေနဲ့ မတွေ့ကြပါစေနဲ့၊ မလှဌေးလို ဓါးစာခံဘ၀ ရောက်ရတဲ့ လူမျိုးတွေလည်း မရှိပါစေနဲ့လို့ မှန်ကန်သော ဆန္ဒကို ဖေါ်ပြ လိုက်ရပါတယ်.. ခင်ဗျာ။
  shweba ရေးသားပါသည်

No comments:

Post a Comment