Tuesday, 8 May 2012

ရန်ကုန်စည်ပင်က အဆောက်အဦ ကန်ထရိုက်တာများ၏ လုပ်ငန်း အာမခံကြေး တိုးမြှင့်

alt
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဆောက်အဦ ကန်ထရိုက်တာများ၏ လုပ်ငန်းလိုင်စင် အာမခံကြေး ငွေအား ကျပ် သိန်း ၅၀၀ သို့ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။
ယခင်က အဆိုပါ အာမခံကြေး ငွေမှာ ကျပ်သိန်း ၁၀၀ ဖြစ်ပြီး ယခုရက်ပိုင်း အတွင်းမှာပင် အဆောက်အဦ ကန်ထရိုက်တာများသို့ စာပို့ အကြောင်းကြား ကာ ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ၊ ယခု အာမခံကြေးမှာ ကျပ် သိန်း ၅၀၀ ဖြစ်သွားသည့်အတွက် ယခင်ထက် ကျပ်သိန်း ၄၀၀ ထပ်စောင်း ပေးရမှာ ဖြစ်ပြီး လုပ်ငန်း တွက်ခြေကိုက်ရန် ခက်ခဲစေနိုင်ကြောင်း အဆောက်အဦ ကန်ထရိုက်တာ တစ်ဦးက ပြောကြားခဲ့သည်။
“ပြီးခဲ့တဲ့ ဧပြီ လကုန်ပိုင်းမှာ စာပို့တယ်။ အခု သိန်း ၄၀၀ ထပ်ပြီး ပေးရတော့မယ်။ အဲဒါကို လာမယ့်
စက်တင်ဘာ ၃၀ နောက်ဆုံးထား ပေးသွင်းရမယ်လို့ စည်ပင်က ပြောတာပဲ”ဟု အဆိုပါ ကန်ထရိုက်တာက ပြောကြားခဲ့သည်။
ထို့ပြင် လိုင်စင် ရရှိထားသော ကန်ထရိုက်တာများ အနေဖြင့် ယခင်ပေးသွင်းပြီး ကျပ်သိန်း ၁၀၀ အပေါ် ထပ်ဆောင်း ပေးသွင်းရမည့် ကျပ်သိန်း ၄၀၀ ကို တစ်လုံးတည်း ပေးသွင်းရန် အခက်အခဲ ရှိပါက၊ တစ်ကြိမ်လျှင် ကျပ် သိန်း ၁၀၀ နှုန်းဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားကာ လေးကြိမ် ခွဲ၍ ပေးသွင်းနိုင်ကြောင်းနှင့် ယင်းသို့ ပေးသွင်းခြင်းကို ပျက်ကွက်ပါက အဆောက်အဦ ကန်ထရိုက်တာ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်အား ပြန်လည် ရုပ်သိမ်းမည် ဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန (အဆောက်အဦ) က ထုတ်ပြန် ကြေညာ ထားသည်။
---
Photo by ကိုကို (ရွှေလုံး)

No comments:

Post a Comment