Sunday, 24 June 2012

ဂီတအစည်းအရုံးပြန်လည်ဖွဲ့စည်းပြီးတာနဲ့ ခိုးကူးကိစ္စကို အရင်ဆုံး လုပ်ရမယ် ဘိုဘိုဟန်

ရှိုးပွဲတွေမှာ မတွေ့ရတာကြာပြီဖြစ်တဲ့ တစ်ခေတ်တစ်ခါကနေ အခုအချိန်ထိ နာမည်ကျော်ကြားနေဆဲဖြစ်တဲ့ ဘိုဘိုဟန်ကို SKY NETရဲ့ ရှိုးပွဲမှာ ပြန်တွေ့ခဲ့ရပါတယ်။ အဲဒီနေ့ပွဲမှာ သူ့ရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့ အကောင်းဆုံးသီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ ‘ပေါင်ချိန်စက်’နဲ့စတင်ဆိုခဲ့သလို ပရိသတ်ရဲ့အားပေးမှုကလည်း တစ်ခဲနက် ဆိုသလို အားပေးမှုရခဲ့တဲ့အတွက် အရင်ခေတ်ကနေ အခုဆယ်စုနှစ်၂စုကျော် အောင်မြင်နေတဲ့ သူ့ရဲ့သီချင်းတွေအကြောင်းမေးကြည့်တော့..”ဟိုးတုန်းက သီချင်းတွေကို ဆိုချင်တိုင်းဆိုလို့ မရသေးဘူး။ စာပေစိစစ်ရေးကို တင်ရတယ်။ အဲဒီမှာ စာသားတွေကို တင်ပြီးခွင့်ပြုမှ အဲဒီသီချင်းကို အခွေသွင်းရတာပေါ့။ ဒီဘက်ခေတ်မှာတော့ အရင်ကလို မဟုတ်တော့ဘူး။ လွယ်ကူလာပြီ”လို့ ဘိုဘိုဟန်က ပြောပြပါတယ်။ သူတို့ခေတ်တုန်းက အခုလို ခိုးကူးခွေဆိုတာမျိုးမရှိတဲ့အပေါ်ကို ဆက် လက်ပြောပြတာ ကတော့ ”ဟိုးတုန်းက ခိုးကူး ဆိုတာမရှိဘူး။ အဲဒီတုန်းက ကက်ဆက်ခေတ်ပေါ့။ အဲဒီတုန်းက ခိုးကူးကလည်း လမ်းဘေးကနေ စက်မရှိရင် ကူးလို့မရဘူးလေ။ ခိုးကူးဖို့လည်း မလွယ်ဘူး။
ဒီဘက်ခေတ်စီဒီတွေ ပေါ်လာတဲ့အချိန်ကျတော့ ခိုးကူးက တအားလွယ်သွားတယ်။ အဲဒါတွေကြောင့် ဒီဘက်ခေတ်မှာ ဂီတပိုင်းယိမ်းယိုင် လာသလို လုပ်ရတာတွေလည်း မလွယ်တော့ဘူးပေါ့”လို့ ဘိုဘိုဟန်က ပြောပြပါတယ်။ အခုလည်း ဂီတအစည်းအရုံးကို ပြန်လည်ဖွဲ့စည်းတော့မယ့်အပေါ် အကြံပြုပြော ကြားစကားများ ရှိမလားလို့မေးတဲ့အခါမှာတော့..”ဦးတို့ကလည်း ဂီတအစည်းအရုံးဗဟိုမှာလည်း လုပ်တယ်ဆိုတော့ ဒါကို နိုင်ငံတော်ကလည်း အကောင်းဆုံးလုပ်ပေးမှာ ပါ။ အခုဟာက မဲစနစ်နဲ့သွားရမှာဆိုတော့ မဲလက်ခံရတဲ့အများဆုံးလူက အဆင့်ရှိသွားမှာပါ။ ဘာမှ ပြောဖို့တောင်လိုမှာ မဟုတ်ပါဘူး။ ဖွဲ့လိုက်ပြီး ပြီဆိုရင်တော့ အရင်ဆုံး ခိုးကူးကိုတော့ နိုင်အောင်လုပ်ရမယ်”လို့ပြောပါတယ်။အခု နောက်ပိုင်းဂီတလူငယ်လေးတွေက သူတို့ခေတ်ထက်ပိုပြီးတော့ ကောင်းမွန်လာကြကြောင်း ဟစ်ဟော့ပ် ပိုင်းတွေကို သိပ်ပြီးနား မလည်ပေမယ့် သူတို့တွေရဲ့ဆိုပုံဆိုပေါက် တွေက တအားကောင်းတဲ့အတွက် အောင် မြင်လာကြတာကို တွေ့နေရကြောင်း ပြောပြပါတယ်။
”စိုင်းစိုင်းခမ်းလှိုင်တို့၊ရဲလေးတို့ဆိုရင် အတော်ကို အောင်မြင်ကြတယ်။ အဲဒါတွေ ကလည်း ပရိသတ်က လက်ခံတဲ့အတွက် သူတို့လေးတွေ နာမည်တအားကြီးတာပေါ့။ ဦးတို့ခေတ်ကလည်း အဲဒီလိုပါပဲ။ သီချင်းဆိုတာလည်း ပုံစံအမျိုးမျိုးရှိနေတော့ ဒီဘက် လူငယ်တွေကလည်း တအားကိုဆိုတတ်၊ ရေးတတ်တယ်။ အဲဒါတွေအပြင် တီးတဲ့ အပိုင်း တွေမှာကအစ သူတို့နဲ့လိုက်ဖက်အောင် လုပ်နိုင်ကြတယ်။ ဦးကတော့ သူတို့လေးတွေကို အားပေးတယ်”လို့ အခုခေတ် ဂီတလူငယ်လေးတွေရဲ့ ဂီတလှုပ်ရှားမှု စွမ်းအင်တွေအပေါ်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။
ထက်လူလူ

No comments:

Post a Comment