Tuesday, 31 July 2012

သီပေါမင်းအရိုးအိုး ပြန်သယ်ရန် လွှတ်တော်တွင် တင်ပြ



သီပေါမင်း

မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းရဲ့ အရိုးအိုးကို အိန္ဒိယနိုင်ငံကနေ ပြန်သယ်ဖို့ အမျိုးသားလွှတ်တော်မှာ လွှတ်တော်အမတ်တဦးက ဒီနေ့ တင်ပြ ဆွေးနွေးတယ်လို့ သိရပါတယ်။

ရတနာဂီရိက လူနေရပ်ကွက်မှာ မထင်မရှား သင်္ဂြိုဟ်ထားတဲ့ မြန်မာဘုရင်ရဲ့ အရိုးဂူကို ပြည်တော် ပြန်သယ်ဖို့ အမျိုးသားလွှတ်တော်အမတ်၊ ကုန်းဘောင်မင်းဆက်အကြောင်း စာတွေရေးနေတဲ့ ဦးသန်းဆွေ (ထားဝယ်)က ဓာတ်ပုံ အထောက်အထားတွေနဲ့ လွှတ်တော်မှာ တင်ပြခဲ့တာပါ။


အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က “ထားဝယ် ဦးသန်းဆွေက ရတနာဂီရိမှာ ရှိတဲ့ သီပေါမင်းအုတ်ဂူကို မြန်မာပြည်က ဆွေတော်မျိုးတော်တွေ သွားပြီး သရဏဂုံတင်ရတာတွေလည်း သူက ဓာတ်ပုံတွေ ရိုက်ပြီး ဘုန်းကြီးတွေကိုလည်း ပြတယ်။ 


ဒီအရိုးဂူကို အဲဒီအချိန်က အိန္ဒိယကလည်း ဒါကို ဘယ်လိုလုပ် တန်ဖိုးထားမလဲ။ သိရတာကတော့ သီပေါဘုရင်ကို သင်္ဂြိုဟ်တုန်းက ကြေးအခေါင်းကြီးနဲ့ ထည့်ပြီး သင်္ဂြိုဟ်တယ်။

ဒါပေမယ့် နောက်လူတယောက်က သွားပြီး လေ့လာတဲ့အခါကျတော့ ကုလားတွေက ကြေးခေါင်းကြီးကို မသွားပြီးတော့ အရိုးကြီးကို ထားခဲ့တယ်လို့ ပြောတယ်ဗျ။ 

အဲတော့ နောက်လူကတွေ့တော့ ကြေးအခေါင်းကြီးက ပျောက်သွားပြီ။ အရိုးပဲ တွေ့တော့ အရိုးကိုပြန်ပြီး ဂူပိတ်ထားတယ်လို့ ပြောပါတယ်။ 

အခုလည်း လူနေရပ်ကွက်ထဲ ရောက်နေတယ်ဆိုတော့ သူတို့အတွက်တောင် ရှုပ်နေတဲ့ပုံရတယ်။

သူတို့ဘုရင်မှ မဟုတ်တာကို။ ဒါပေမယ့် ကျနော်တို့လူမျိုးက ကျနော်တို့ ဘုရင်ကို အလေးအနက် ထားပြီး ပြုပြင်သင့်တယ်ဆိုတဲ့ သဘောနဲ့ ညှိနှိုင်းပြီး အဲဒါကို အဆိုပြုတင်တာပါ။”

ဦးသန်းဆွေ (ထားဝယ်) တင်ပြတဲ့ ဒီအဆိုကို နောင်လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ ဆက်လက် ဆွေးနွေးကြဖို့ ရှိပါတယ်။


အကယ်၍ ဒီအဆိုကို လွှတ်တော်မှာ ဆက်ဆွေးနွေးလို့ အတည်ပြုပြီးရင် မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရ ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။


သီပေါမင်းဟာ အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲအပြီး ၁၈၈၅ ခုနှစ်မှာ မန္တလေး နေပြည်တော်ကနေ အိန္ဒိယနိုင်ငံ၊ ကမ်းခြေမြို့ဖြစ်တဲ့ ရတနာဂီရိကို ပါတော်မူခဲ့ပြီး ၁၉၁၆ ခုနှစ် သက်တော် ၅၇ နှစ်မှာ နန်းကျဘုရင်ဘ၀နဲ့ နတ်ရွာစံခဲ့တာဖြစ်ပါတယ်။


သီပေါမင်း အရိုးအိုးကို ပြည်တော်ပြန်သယ်ဖို့ ကိစ္စကို (ဖဆပလအစိုးရ) လက်ထက်မှာ ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

from Democratic Voice of Burma by နေသွင်

No comments:

Post a Comment