Thursday, 23 August 2012
ဟိမဝန္တာ ဝက်ဝံ (အထီး) နှစ်ကောင်
(နေပြည်တော် သြဂုတ် ၂၂) ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့မှ သစ်ဆွဲဆင် လုပ်ငန်းပိုင်ရှင် ဦးစောဝါးဝါး က ဟိမဝန္တာ ဝက်ဝံ (အထီး) နှစ်ကောင်ကို နေပြည်တော် တိရစ္ဆာန် ဥယျာဉ်သို့ ယမန်နေ့ မွန်းလွဲပိုင်းက လာရောက် လှူဒါန်းရာ နေပြည်တော် တိရစ္ဆာန် ဥယျာဉ် မန်နေဂျာ ဦးတင်နိုင်နိုင်ထူးက လက်ခံရယူ၍ ကျေးဇူးတင် စကား ပြန်လည် ပြောကြား ခဲ့ကြောင်း သိရသည်။ အဆိုပါ ဟိမဝန္တာ ဝက်ဝံ နှစ်ကောင်ကို ပဲခူးတိုင်း ဒေသ ကြီး အုတ်တွင်း မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ် အစပ်မှ သစ်ဆွဲဆင် လုပ်သားများက ဖမ်းယူ ရရှိခဲ့ပြီး
ဖမ်းယူစဉ်က လသား အရွယ်သာ ရှိသည်။ ယခု လှူဒါန်းသည့် အချိန်တွင် တစ်နှစ်ခွဲ အရွယ်ခန့် ရှိကြောင်း သိရသည်။ နေပြည်တော် တိရစ္ဆာန် ဥယျာဉ် မန်နေဂျာ ဦးတင်နိုင်နိုင်ထူး၏ ပြောကြားချက် အရဟိမဝန္တာ ဝက်ဝံ မျိုးစိတ်သည် ဦးခေါင်းမှ ခန္ဓာကိုယ် အထိ အရှည် ၁၂ဝ စင်တီမီတာမှ ၁၅ဝ စင်တီမီတာ အထိရှိသည်။ အမြီး ခြောက် စင်တီမီတာမှ ၁ဝ စင်တီမီတာ အထိရှိသည်။ အမွေးများမှာ အနက်ရောင် အရှည်ဖြစ်ပြီး နားရွက် ကြီးသည်။ ရင်ဘတ်တွင် (V) ဗွီပုံသဏ္ဌာန် အဖြူရောင် အမွေးများ လက်မောင်းရင်း အထိ ပါရှိသည်။ ပေါက်ဖွား ရှင်သန်ရာ ဒေသများမှာ မြေညီ သစ်တောများနှင့် တောင်ကုန်း မမြင့်သည့် သစ်တောများ ဖြစ်၍ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ သစ်တောများတွင် တွေ့ရှိရပြီး တစ်ကောင်ချင်း နေထိုင် ကာ မျိုးပွား ရာသီတွင် အထီး၊ အမ အတူတွဲ နေထိုင်ကြသည်။ အစားအစာ အဖြစ် သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ ကျောရိုးမဲ့ သတ္တဝါများ၊ ကျောရိုးရှိ သတ္တဝါ ငယ်လေးများနှင့် စားစရာ အစုံ စားသောက်ကြကြောင်း သိရသည်။
kokomyanmarpyithar
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment