Tuesday, 13 November 2012

ရွှေမန်းဦးတင်မောင်ရဲ့ မျိုးဆက် တင်မောင်ဆန်းမင်းဝင်းရဲ့ သားဦးမွေးဖွား

ရွှေမန်းသဘင်မှ တင်မောင်ဆန်းမင်း ဝင်းနဲ့ မအေးမမလှိုင်တို့ရဲ့ သားဦးကို နိုဝင်ဘာလ ၉ရက်၊ မနက်၆နာရီ ၁၅မိနစ်က ဆာကူရာဆေးရုံမှာ မွေးဖွားခဲ့ပြီဖြစ်ပါတယ်။ ၆ပေါင် ၃အောင်စရှိတဲ့ ရင်သွေးလေးကို OG ဒေါက်တာ ဒေါ်မေသူမျိုးညွန့်က မွေးဖွား ပေးခဲ့တာဖြစ်ပါတယ်။ ကလေးမွေးဖွားချိန် ဘေးမှာ အားပေးမယ့် ချစ်ခင်ပွန်း တင်မောင် ဆန်းမင်းဝင်းက ဇနီးဖြစ်သူ မမွေးခင်တစ်ရက် အလိုလောက်ကတည်းက နယ်မှာ ဇာတ်ကနေရတဲ့အတွက် မရှိပေးနိုင်ခြင်း အပေါ်အားငယ် စိတ်တော့ဖြစ်ခဲ့မိတယ်လို့ မအေးမမလှိုင်က ပြောပါတယ်။ “နဂိုကတည်းက ဒီရက်မှာ သူပွဲ ကရမယ်ဆိုတာ ကြိုသိပြီးသားပါ။ သူလည်း သွားရတာ စိတ်မဖြောင့်ဘူး။ အစ်မအနေနဲ့ လည်း အားတော့ တင်းထားရတာပေါ့။ ခွဲ ခန်းထဲဝင်တော့ မျက်ရည်တော့ကျမိတယ်။ သူများ ယောက်ျားတွေက ခွဲခန်းထဲမှာ အသီး သီးရှိနေပေမယ့် ကိုယ်ကတော့ တစ်ယောက် တည်းဖြစ်   နေတာပေါ့။ သြော် သူအလုပ်
လုပ်နေတာပဲဆို ပြီးတော့ပဲ အားတင်းထား လိုက်တယ်” လို့ မွေးဖွားခါနီး ဖြစ်ပေါ်လာတဲ့ ခံစားမှုကို ပြောပြပါတယ်။  တင်မောင်ဆန်းမင်းဝင်းက မကွေး မြသလွန် ဘုရားပွဲမှာ နိုဝင်ဘာ ၈ရက်နေ့ကနေ ၁၃ရက်နေ့အထိ ဇာတ်ကနေရပါတယ်။ ဇနီးသည်မွေးဖွား ချိန်မှာ ခင်ပွန်းသည် တစ်ယောက်အနေနဲ့ မရှိပေးနိုင်ခဲ့တဲ့ တင်မောင် ဆန်းမင်းဝင်းရဲ့ခံစားမှုကလည်း..”အစ်ကို့အနေနဲ့ ဒီပွဲကို လူမှုရေး အတိုင်းအတာနဲ့ ရွှေ့ လိုက်လို့ရတယ်။ ဒါပေမဲ့ ဘုရားပွဲမှာ စောင့်နေတဲ့ ပရိသတ်တွေ အတွက် သိပ်ကို အားနာစရာဖြစ်မှာလေ။ ဒါအနုပညာ သမားတွေရဲ့ ခံယူချက်ပေါ့။ ဇနီးက မွေးပြီးပြီးချင်း လှမ်း ဖုန်းဆက်လို့ ဇာတ်ကနေရင်းနဲ့ ၆ပေါင် ၃အောင်စရှိတဲ့ ကျွန်တော့်သားလေးမွေးပြီ လို့ပြော လိုက်တော့ ပရိသတ်တွေရဲ့ ဟေး လို့အော်ပြီး တီးကြတဲ့ လက်ခုပ်သံက ကျွန်တော့် အတွက် ပီတိဖြစ်စရာပါ” လို့ပြောပါတယ်။  မွေးဖွားဖို့ ရက်ကိုတော့ ကြိုရွေးခဲ့ပေမယ့် နာမည်ကို တော့ သူ့အနေနဲ့ ကြိုမစဉ်းစားရသေးကြောင်း၊ ချစ်စနိုးနာမည် အနေနဲ့ Little ဆန်းမင်းလို့ပဲ ခေါ်မှာဖြစ်ကြောင်း တင်မောင်ဆန်းမင်းဝင်း ကပြောပါတယ်။
လင်းအက္ခရာ၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

No comments:

Post a Comment