Tuesday, 13 November 2012

အသားစား ပင်လယ် ရေမြုပ် မျိုးစိတ်သစ် တစ်မျိုး သုတေသန ပညာရှင်များ ရှာဖွေ တွေ့ရှိ

ဝါရှင်တန် နိုဝင်ဘာ ၁၂
ဖယောင်းတိုင် ပန်းဆိုင်း ပုံစံ အသားစား တိရစ္ဆာန် မျိုးစိတ်သစ် တစ်မျိုးဖြစ်သော ပင်လယ် ရေမြုပ်ကောင် များကို အမေရိကန် နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ် မွန်တားရေး ပင်လယ်အော် ရေအောက်ကြမ်းပြင် အောက်တွင် သုတေသန ပညာရှင်များ က ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ ပင်လယ် ရေမြုပ်ကောင် များကို ကာလီဖိုးနီးယား ပြည်နယ် Moss  Landing    (မော့စ်လန်းဒင်း) ဒေသရှိ   မွန်တားရေး ပင်လယ်အော် အဏ္ဏဝါ သုတေသန ဌာနမှ   ပညာရှင် များက လွန်ခဲ့သော ၂ဝဝဝ ပြည့်နှစ်က ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ထိုရေမြုပ် ကောင်များသည်  ပင်လယ် ရေမျက်နှာပြင်အောက်  နှစ်မိုင် (၃ ဒသမ ၅ ကီလို မီတာ)  ခန့် အကွာတွင် အသက်ရှင် နေထိုင်လျက် ရှိကြကြောင်း သိရသည်။

၎င်းရေမြုပ်ကောင် နှစ်ကောင်အား ရယူ၍ သုတေသန စမ်းသပ်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာမှ အဆိုပါ မျိုးစိတ်သည် ယခင်က တွေ့ရှိ ထားသည့် ရေမြုပ်ကောင် မျိုးစိတ်များနှင့် မတူသည့် မျိုးစိတ် အသစ် ဖြစ်ကြောင်း  ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ အသားစား ရေမြုပ်ကောင်သည် စောင်းကောက် ပုံစံနှင့် ဆင်တူ သောကြောင့်   ၎င်းကို ''harp sponge"ဟု အမည် ပေးထားသည်။ ထိုရေမြုပ် ကောင်၏ အကိုင်းအခက်များ တွင် ချိတ်ကလေးများ ပါရှိပြီး ရေစီးတွင် မျောပါ လာသော ရေသတ္တဝါ များကို ၎င်း၏ လက်တံများဖြင့် အလွယ်တကူ ဖမ်းယူ စားသောက် နိုင်ကြောင်း သုတေသန ပညာရှင် များ၏ လေ့လာချက်များ အရ သိရသည်။ ရေမြုပ်ကောင် များသည် ပင်လယ် သမုဒ္ဒရာ ကြမ်းပြင်ရှိ  ရွှံ့ပြင် များတွင် တွယ်ကပ် နေလေ့ရှိပြီး တွေ့ရှိခဲ့သမျှ ရေမြုပ်ကောင် များထဲတွင် အကြီး ဆုံး ရေမြုပ်ကောင်မှာ ၁၄ လက်မ (၃၆ စင်တီမီတာ) အရှည် ရှိကြောင်း လေ့လာ ချက်များ အရ သိရသည်။


No comments:

Post a Comment