Wednesday, 28 November 2012

ဝက်သားတုတ်ထိုး အိမ်မှာလုပ်စားကြည့်ရအောင်



ပါဝင်သောပစ္စည်းများ

၁။ ကိုယ်ကြိုက်နှစ်သက်ရာ ၀က်အစုံ – ၁ပိသာ
၂။ ခရုဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
၃။ ပျားရည် – စားပွဲတင်ဇွန်း ၁၀ဇွန်း
၎။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၅ဇွန်း
၅။ ရှာလကာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
၆။ နတ်နတ်ပွင့် – ၇ခု
၇။ သစ်ဂျပိုး – ၄ခု
၈။ ကလဝေရွက် – ၆ခု
၉။ နတ်မတ် (nutmeg) – ၂ခု (ခြစ်ထည့်ပေးပါ)

ချက်ပြုတ်နည်း

၁။ ၀က်အစုံ များကို အတုံးကြီးကြီး တုံးပါ။

၂။ ပြီးလျှင် ၀က်အစုံအားလုံးကို ( ဆား(လက်ဖက်ရည်ဇွန်း ၁၀ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၇ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပျားရည်၊ ရှာလကာရည်၊ နတ်နတ်ပွင့်၊ သစ်ဂျပိုး၊ ကလဝေရွက်၊ နတ်မတ် ) ထည့်ရောနုယ်ပေးပြီး ၃နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။

၃။ မချက်ခင် ရေခဲသေတ္တာထဲမှ နာရီဝက်ခန့် ကြိုထုတ်ထားပါ။

၎။ ပြီးမှ ဒယ်အိုးကြီးထဲ ဆီ(စားပွဲတင်ဇွန်း ၅ဇွန်း) ထည့် နုယ်ထားသော ၀က်အစုံကို ထည့်မွှေပေးပါ။

၎။ ဆီပြန်လျှင် ရေကို ၀က်အစုံမြုပ်သည်အထိထည့် မီးပြင်းပြင်းဖြင့်တည်ထားပေးပါ။ ရေခန်းပြီး ဆီပြန်လာလျှင် ၅ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်ပေးပါ။

၅။ ၀က်အစုံနူးအိလာပြီး ဆီပြန်လာပြီးဆိုလျှင် ဆော့ရည်အနည်းငယ်ချန်၍ မီးပိတ်လိုက်ပါ။

၆။ ထို့နောက် ၀က်အစုံကို ပါးပါးလှီးပြီး တုတ်ထိုးပြီး ရလာသော ဆော့ရည်နှင့်လည်း တွဲဖက်စားနိုင်ပါသည်။

(သို့)

၇။ ၀က်အစုံကို ပါးပါးလှီးပြီး ပန်းကန်ပြားကြီးကြီးပေါ်တွင် စီထည့်လိုက်ပါ။ ပြီးမှ ၀က်အစုံမှ ဆော့ရည်များကို လောင်းချလိုက်ပါ။

၈။ ကိုယ်အိမ်တွင် အလွယ်တကူလုပ်စားနိုင်မည့် ၀က်သားတုတ်ထိုးရရှိပါသည်။ ၀က်သားတုတ်ထိုးကို ငရုတ်သီးဆော့နှင့်တွဲဖက်စားနိုင်ပါသည်။

Wutyee Food House မှကူးယူမျှဝေသည်။

No comments:

Post a Comment