Friday, 7 December 2012

မထသ (ဗဟို)တွင် ပြီးခဲ့သည့် (၄) လအတွင်းအမှု အများဆုံးမှာမချေမငံပြောဆိုသည့်အမှု အများဆုံးဖြစ်

ရန်ကုန်မြို့အတွင်းပြေးဆွဲလျှက်ရှိသော ယာဉ်လိုင်းများအားအကြောင်းအမျိုးမျိုးကြောင့် တိုင်ကြားရာတွင် ယာဉ်နောက်လိုက်များမှ မချေမငံပြောဆိုဆက်ဆံမှုနှင့် ယာဉ်စီးခပိုတောင်းခြင်းသည်အများဆုံးဖြစ်ကြောင်း မထသ (ဗဟို) မှ သိရသည်။
 
 
အဆိုပါတိုင်ကြားရာတွင် ပြီးခဲ့သည့် လေးလအတွင်း မချေမငံပြောဆိုဆက်ဆံမှုသည်စုစုပေါင်း (၈) မှုရှိပြီး ယာဉ်စီးခပိုတောင်းခြင်းမှာ (၆) မှုရှိကြောင်းသိရှိရသည်။
 
 
အလားတူ အသက်အန္တရယ်ဖြစ်လောက်အောင် အရှိန်ပြင်းစွာမောင်းနှင်မှုမှာ (၂)မှုရှိကြောင်းကိုလည်း သိရှိရသည်။ ယင်းတိုင်ကြားမှုများသည် မထသ (ဗဟို) သို့(၄) လအတွင်း ဖုန်းဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်းတိုင်ကြားမှုများဖြစ်ကြောင်း သိရသည်။
 

 
 “မထသ(ဗဟို)အနေနဲ့က ကျွန်တော်တို့ သက်ဆိုင်ရာအစိုးရအဖွဲ့တွေဆီကိုတင်ပြပြီးတော့ သင်တန်းတွေဖွင့် ပါတယ်။ အခြေခံသင်တန်းဆို ၂နှစ်မပြည့်သေးတဲ့သူတွေကို ဆွေးနွေးပါတယ်။ ၂ နှစ်ကျော်သွားတဲ့သူတွေကိုလည်းမွမ်းမံသင်တန်းဆိုပြီးဆွေးနွေးပါ တယ်။” ဟု မထသ (ဗဟို) ဥက္ကဌဦးလှအောင်က ပြောကြားသည်။
 
 
မထသ (ဗဟို)အနေဖြင့် သင်တန်းများဖွင့်လှစ်သင်ကြားနေပြီးယခုလိုတိုင်ကြားနေမှုများဖြစ်ပေါ်နေရခြင်းမှာ ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များ၏ အသက်အရွယ်အပိုင်းအခြားရဖြစ်ကြောင်းသိရသည်။
 
 
“ဒီလိုတွေလုပ်နေပေမယ့်လည်း အခုလိုဖြစ်စဉ်တွေဖြစ်နေတာတွေတွေ့နေတော့လေ့လာကြည့်တဲ့အခါမှာယာဉ်နောက်လိုက်တွေ ရဲ့ အသက်အပိုင်းခြားကိုသုံးသပ်ကြည့်တဲ့အခါမှာ အသက် (၃၀)ပတ်ဝန်းကျင်က အများစု ဖြစ်နေတာကိုတွေ့ရတယ်။ သုံးသပ်မိ တာကလူငယ်သဘာဝအရဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ဓာတ်တွေကိုပိုပြုပြင် ပေးဖို့လိုတာကိုသုံးသပ်မိတယ်။”ဟု မထသ (ဗဟို) ဥက္ကဌက ဆက်ပြောသည်။
 
 
မထသ (ဗဟို) သည် သင်တန်းများဖွင့်လှစ်သင်ကြားရာတွင် မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၁) မှ (၁၁/ ၂၀၁၂) ထိ ယာဉ်မောင်း (၄၃၈) ဦး၊ယာဉ်နောက်လိုက် (၆၅၃) ဦး သင်တန်းပို့ချပေးခဲ့ပြီး အခြေခံသင်တန်းအမှတ်စဉ် (၁/ ၂၀၁၁) မှ (၁၃/ ၂၀၁၂) ထိ ယာဉ်မောင်း   (၄၅၂) ဦး၊ယာဉ်နောက်လိုက် (၇၆၈) ဦးအား သင်တန်းများ ပို့ချပေးခဲ့ကြောင်း သိရသည်။
  by-ထက်အောင်ခန့် (မြစ်မခ)

No comments:

Post a Comment