Thursday, 20 December 2012

၃နှစ်ကြာအမှုအား ပြန်လည်စစ်ဆေးပေးရန် ဆန္ဒထုတ်ဖော်ခွင့် တောင်းဆိုမှု နှစ်ကြိမ်တိုင် ပယ်ချခံရ

လွန်ခဲ့သည့် (၃)နှစ်က စစ်ခုံရုံးမှ ထောင်ဒဏ်(၁၀)နှစ် အမိန့်ချခဲ့သည့် လူသတ်မှုအား ပြန်လည် စစ်ဆေးပေးရန် ဖခင်ဖြစ်သူ၏ ဆန္ဒထုတ်ဖော်ခွင့်တောင်းဆိုမှုကို ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ နှစ်ကြိမ်တိုင် ပယ်ချခဲ့သည်။
အမျိုးသမီးတစ်ဦးအား သစ်တောအတွင်း တရားခံတပ်ကြပ် သန့်ဇင်ဝင်းက ဓါးဖြင့်ထိုးသတ်သည်ဟု ယူရဆရသည့်အမှုကို လွန်ခဲ့သည့် (၃)နှစ်က စစ်ခုံရုံးမှ ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခဲ့သည့်အပေါ်တွင် ပြန်လည်စစ်ဆေးပေးရန် တရားဝင်ဆန္ဒထုတ်ဖော်ခွင့်တင်ခဲ့သူ ဖခင်ဦးရွှေဝါ၏ ခွင့်ပြုမိန့် တင်ပြမှုကို  ပယ်ချခဲ့ခြင်းဖြစ်သည်။ 
 

 
သားရဲ့အမှုကိုပြန်စစ်ဆေးဖို့ တောင်းဆိုတဲ့ဆန္ဒထုတ်ဖော်ခွင့်ကို ဒီဇင်ဘာ(၁၇)ရက်နေ့က ရရှိဖို့ တင်တာ ပယ်ချခံခဲ့ရလို့ (၁၈) ရက်နေ့မှာ ထပ်တင်တာ ပယ်ချတယ်။ ဖြစ်စဉ်အမှန်ပေါ်ဖို့ လည်း အထက် အဆင့်ဆင့်နဲ့ နိုင်ငံတော်သမ္မတအထိ ၃ နှစ်ကြာအောင် အကြိမ်ကြိမ် တင်ပြခဲ့တာလည်း ဖြေရှင်းချက်တစ်ခုမှ ပြန်မလာဘူး ဟု ဖခင်ဖြစ်သူဦးရွှေဝါက ပြောသည်။
 
 
ကျောက်ဆည်မြို့တပ်မတော်အဆင့်မြင့်နည်းပညာသုံးဆက်သွယ်ရေးနှင့်အီလက်ထရောနစ် ပစ္စည်းများ ထုတ်လုပ်ရေး သုတေသနဌာနချုပ်မှ တပ်ကြပ်ကြီး သန့်ဇင်ဝင်းမှာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ အတွင်းက အဝေးသင်စာမေးပွဲဖြေဆိုရန် ပုသိမ်မြို့သို့ ရောက်ရှိနေစဉ် ၄င်းနှင့်ဘာသာရပ်တူ မြန်မာစာ တတိယ နှစ်ကျောင်းသူ မနီလာထွေးအား ပုသိမ်တက္ကသိုလ်အနီး မလေးရှား သစ်တောထဲတွင် ထိုးသွင်းဓားဒဏ် ရာများဖြင့် သတ်ခဲ့သည်ဟု စစ်ခုံရုံးမှ ဆုံးဖြတ်ခဲ့သည့်အတွက် ထောင်ဒဏ် ၁၀ နှစ်ချ မှတ်ခဲ့ရသည့် အပေါ်တွင် ပြန်လည်စစ်ဆေးပေးရန် ဖခင်ဖြစ်သူမှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
 
 
ချမှတ်ခဲ့သော ပြစ်ဒဏ် (၁၀)နှစ်အား ပြန်လည်စစ်ဆေးပေးရန်အတွက်  နိုဝင်ဘာ ၂၉ ရက်နေ့က ဆန္ဒ ထုတ်ဖော်ခွင့်   လျှောက်ထားချက်   စာအမှတ် ၁၀၀၄(၁၇၂၀)/ ၁၁၃ ဖြင့် ငြင်းပယ်သည့် အမိန့်စာကို  ပုံစံ(၈)ဖြင့် ဒီဇင်ဘာ(၁၄)ရက်နေ့က  ထုတ်ပြန်ပေးခဲ့ကြောင်း ဖခင်ဖြစ်သူထံမှ သိရသည်။
 
 
ဒီလိုဆန္ဒထုတ်ဖော်မယ့်အစား ဖြေရှင်းပေးလို့ရမယ့်၊ လူကြီးတွေဆီ တင်ပြဖြေရှင်းပေးလို့ ရပါတယ်။ ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။
 
 
 ငြင်းပယ်ရသည့်အကြောင်းအရင်းမှာ လျှောက်ထားနေရာတွင် ရွှေမုဌော ဘုရားရင်ပြင်တော်ပေါ်တွင် ၀တ်ပြုဆုတောင်းခြင်းများ ပါရှိနေသည့်အတွက် ဘာသာရေးနှင့် လူမှုရေးကိစ္စများ ရောထွေးမှုကို မလိုလား၍ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်သည့်အတွက်ကြောင့် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
 
 
အပြစ်ရှိလို့ အထက်လူကြီးတွေက သုံးသပ်ပြီး အပြစ်ပေးခဲ့တာပါ။ အပြစ်မရှိဘူးဆိုရင် စောစောစီးစီးကတည်းက ဖြေရှင်းသင့်ပါတယ်။ ဟု ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးဦးဇော်ဝင်းကျော်မှ ၄င်း၏ အမြင်ကို ပြောသည်။
 
 
ထောင်ဒဏ်ကျခံရသူ၏ မိသားစုဝင်များမှာ ကျေးလက်နေထိုင်သူများဖြစ်ခြင်း၊ သေဒဏ်အထိကျခံ ရ သော ပြစ်မှုတွင်   ရှေ့နေအကျိုးဆောင်နှင့်ချေပခွင့် မရခဲ့ခြင်း၊ အယူခံဝင်ရန် ၃ နှစ် ကြာသည်အထိ အမှုတွဲ ကူးယူခွင့် မရခဲ့ခြင်းတို့ကြောင့် ဆန္ဒထုတ်ဖော်ခွင့်တင်ခဲ့ရကြောင်း မိခင်ဖြစ်သူ ဒေါ်သောင်းဆင့် က ဆိုသည်။
 
 
ကနဦးခွင့်ပြုမိန့်တင်ရာတွင် သာသနာပိုင် အဆောက်အဦးပရ၀ုဏ်အတွင်း စီတန်းလှည့်လည်မှုပါဝင် မှုကြောင့် ကန့်ကွက်ခဲ့သည့်အတွက် ရွှေမုဌောဘုရားပေါ်တွင် ဆုတောင်းမည့်အစီအစဉ်ကို ဖယ်၍  ဒုတိယအကြိမ်ခွင့်ပြုမိန့် ထပ်မံတင်ခဲ့သော်လည်း ခွင့်ပြုခဲ့ခြင်းမရှိဟု ဦးရွှေဝါ က ဆိုသည်။
 
မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)

No comments:

Post a Comment