Wednesday, 7 August 2013

မော်လမြိုင်ကျွန်းကျေးရွာများတွင် မိကျောင်းသုံးကောင် သွားလာလှုပ်ရှား ကျေးရွာပြည်သူများနှင့် ရေလုပ်သားများအတွက် အန္တရာယ်ရှိနေ

မော်လမြိုင်ကျွန်းမြို့နယ်အောက်ဘက် ရှောင်ချောင်းကျေးရွာအုပ်စု ရေချို ရေငန်စပ်နေသော ဆင်မဝဲချောင်းကျေးရွာအနီး ဆန်းသစ်ကျေးရွာချောင်း ကမ်းစပ်တွင် သြဂုတ် ၅ ရက် နံနက် ၉ နာရီက မိကျောင်းသုံးကောင် သွားလာလှုပ်ရှားနေကြောင်း ဒေသခံပြည်သူများနှင့်ရေလုပ်သားများက တွေ့မြင်လိုက် ကြရသည်ဟု သိရသည်။


ယင်းမိကျောင်းသုံးကောင်မှာ အလျား(၁၃)ပေကျော်ခန့်ရှိ မိကျောင်း တစ်ကောင်နှင့် အလျား ကိုးပေခန့်ရှိမိကျောင်းနှစ်ကောင် တို့ကို တွေ့ခဲ့ရ ကြောင်း မျက်မြင်တွေ့ရှိသူရေလုပ်သားများကပြောသည်။ ယင်းမိကျောင်းများမှာ ဆင်မဝဲချောင်း၊ ဆန်းသစ်၊ ပုဂံပုံ၊ ဖုန်းဆိုးနှင့် ငါးတန်တစ်ရာကျေးရွာများ၌ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် သွားလာလှုပ်ရှားနေပြီး ဒေသခံပြည်သူများနှင့် ရေလုပ်သားများကို အန္တရာယ်မပြုသော်လည်း ကျေးရွာချောင်းကမ်းစပ်များရှိ ကြက်၊ ဘဲနှင့် ဝက်များကို ဆွဲယူစားသောက်နေသည်ဟု သိရသည်။

အဆိုပါ မိကျောင်းများခိုလှုံနေထိုင်သည့် ဆင်မဝဲချောင်း ဆန်းသစ် ကျေးရွာနေ ဦးမြင့်အေး၊ ဦးမြင့်ဇော်နှင့် ဦးထွန်းရှင်တို့က ''ဒီမိကျောင်းတွေက မနှစ်က မိကျောင်းအသိုက်လုပ်ပြီး ဒီရွာတွေဘက်မှာ ခိုလှုံနေထိုင်ကြပါတယ်။ ဒီနှစ်တော့ အသိုက်လုပ်တာမတွေ့ရတော့ပါဘူး။ လူတွေကို လောလောဆယ်အန္တရာယ်မပြုသေးပေမယ့် ရေကြောင်းခရီးသွားလာလှုပ်ရှားနေတဲ့ ဒေသခံ ပြည်သူတွေနဲ့ရေလုပ်သားတွေကတော့ သတိထားဖို့လိုနေပါပြီ''ဟု ပြောသည်။

မိကျောင်း ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများက ဖမ်းယူထိန်းသိမ်းပေးနိုင် ဖို့ ဒေသခံပြည်သူများက လိုလားနေကြကြောင်း သိရသည်။

The Mirror Daily

No comments:

Post a Comment