Wednesday, 2 October 2013

ငါးမန်းများတွင် ရင်သားကင်ဆာတိုက်ဖျက်နိုင်သော ဆေးထုတ်လုပ်နိုင်တော့မည်ဟုမျှော်လင့်

ငါးမန်းများတွင် တွေ့ရှိရသည့် ပဋိပစ္စည်း တစ်မျိုးသည် အမျိုးသမီးထုကို ကြီးကျယ်စွာ ခြိမ်းခြောက်နေသည့် ရင်သားကင်ဆာ ရောဂါကို တိုက်ဖျက်နိုင်မည့် လမ်းစတစ်ခုအဖြစ် သုတေသီများက ယူဆနေကြောင်း သိရှိရသည်။ စကော့တလန်မှ ပညာရှင်များက သမုဒ္ဒရာကို ကြီးစိုးသော သားစား သတ္တဝါကြီးများသည် Herceptinထက် ပိုမိုထက်မြက်သည့် ဆေးဝါးတစ်လက် ဖြစ်လာရန် မျှော်လင့်လျှက် ရှိသည်။ Herceptinသည် (၂၅)နှစ်ကြာ ကာလအတွင်း ရင်သားကင်ဆာ တိုက်ဖျက်ရေး ကြိုးပမ်းမှုနှင့် ပတ်သက်လျှင် အကောင်းဆုံး ရှာဖွေတွေ့ရှိမှု တစ်ခုအဖြစ် ချီးကျူးခံခဲ့ရသည်။ Trastuzumab အမည်ရှိ ပဋိပစ္စည်းကို အသုံးပြုထားသည့် ဆေးဝါးသည် ကင်ဆာအခြေအနေ အစောပိုင်းအဆင့်များတွင် အထိရောက်ဆုံး ကုသနိုင်သည်။ သို့သော်လည်း HER2+ ပရိုတိန်းနှင့် ဆက်နွယ်သည့် ရင်သား ကင်ဆာသည် ပိုမိုလျင်မြန်စွာ ပျံ့နှံ့ကူးစက်တတ်သည့် အစွမ်းမျိုး ရှိနေပြီး သုတေသီများအတွက် စိန်ခေါ်မှုတစ်ခုသဖွယ် ရပ်တည်နေသည်။
ဗြိတိန်နိုင်ငံတွင် နှစ်စဉ် အမျိုးသမီး (၄၄၀၀၀)မျှ ရင်သားကင်ဆာ ဖြစ်ပွားနေကြောင်း ဖော်ထုတ်တွေ့ရှိရပြီး ပျမ်းမျှအားဖြင့် ယင်းတို့အနက် (၄)ဦးလျှင် (၁)ဦးတိုင်းသည် HER2+ အမျိုးအစားနှင့် ကြုံနေရသည်။ Herceptinသည် HER2+ကို ကုသရာတွင် အသုံးပြုနိုင်သော်လည်း ထိရောက်မှုမှာ အကန့်အသတ်များ ရှိနေသည်ကြောင်း သိရသည်။ အဘာဒင်း တက္ကသိုလ်မှ ဆေးသုတေသန ပညာရှင်များကမူ ငါးမန်းများတွင် တွေ့ရှိရသည့် ကိုယ်ခံအား တစ်ရပ်က HER2 အနွယ်ဝင် ပရိုတိန်းများကို ဆန့်ကျင်ကုသရန် အဖြေတစ်ရပ် ဖြစ်လာမည်ဟု မျှော်လင့်ထားသည်။
ငါးမန်းများရှိ ပဋိပစ္စည်း တစ်မျိုးသည် HER2 ပရိုတိန်းကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည်။ ယင်းသည် ကင်ဆာကြိတ်များ၏ မျက်နှာပြင်တွင် ဖြန့်ကျက် တွယ်ကပ်ပြီးနောက် ယင်းပရိုတိန်းကို လောင်စာအဖြစ် ဝါးမျိုကာ ကြီးထွားအားကောင်းလာနိုင်သည်။ ငါးမန်း၏ ကိုယ်ထဲသို့ HER2 ပရိုတိန်းများ ထိုးသွင်းသည့်အခါ ယင်းပဋိပစ္စည်းက အလိုလို တုံ့ပြန် တိုက်ထုတ်လိုက်သည်ကို တွေ့ရသည်။ နိုင်ငံတကာ ကင်ဆာသုတေသန ဌာနသည် ယခုတွေ့ရှိမှုအတွက် ဆေးသုတေသီ ဟယ်လန်ဒူလီနှင့် အဖွဲ့ကို ပေါင်စတာလင် နှစ်သိန်း ထောက်ပံ့အားပေးထားသည်။
ဒေါက်တာဟယ်လန်က "ငါးမန်းရဲ့ ဆူးတောင်ကနေ HER2 ပရိုတိန်းတွေကို ထိုးသွင်းပေးတယ်။ ပြီးတော့ လပေါင်း တော်တော်ကြာမှ အမြီးကနေ သွေးနမူနာယူပြီး လေ့လာခဲ့ပါတယ်"ဟု ဆိုသည်။ တွေ့ရှိချက်များ အရ ငါးမန်း၏ ခန္ဓာကိုယ်မှ ပဋိပစ္စည်းသည် ကင်ဆာဆဲလ်များ ပျံ့နှံ့မှု မရှိအောင် ချုပ်နှောင်တားဆီးထားပြီး HER2 ပရိုတိန်းများတွင် တွယ်ကပ်ဝါးမျိုရင်း ကြီးထွားလာနေသည်ကို တွေ့ရှိရသည်။ လက်ရှိတွင် ဓာတ်ပြုစမ်းသပ်ချက် အချို့အရ ယင်းပဋိပစ္စည်းကို ဆေးဝါးအဖြစ် ထုတ်လုပ်ရန် မျှော်လင့်ချက်လည်း ရှိနေသည်။
ငါးမန်း၏ ခန္ဓာကိုယ်ရှိ ပဋိပစ္စည်းသည် အလွန်သေးငယ်သော နေရာများထိ တိုးဝင်နိုင်ရာ အခြားသော ပဋိပစ္စည်းများက HER2 ပရိုတိန်း၏ ဖွဲ့စည်းမှုအတွင်း မဝင်ရောက်နိုင်ချိန်တွင် ယင်းတို့က အပြည့်အဝ နေရာဝင်ယူနိုင်ကြောင်း သိရသည်။ ဒေါက်တာ ဟယ်လန်က "Herceptinဟာ ကောင်းမွန်တဲ့ ဆေးစွမ်းတစ်လက်ပါ။ ဒါပေမဲ့ တချို့ အမျိုးသမီးတွေမှာ ဒီဆေးရဲ့ အာနိသင် သက်ရောက်မှုအတွက် မတုံ့ပြန်ဘူး။ တချို့ အမျိုးသမီးတွေ ကျပြန်တော့လည်း ဒီဆေး အစွမ်းပြလာဖို့ တော်တော် အချိန်ယူခဲ့ရ တာမျိုး ရှိတယ်"ဟု ရှင်းပြခဲ့သည်။
ဒေါက်တာဟယ်လန်နှင့် အဘာဒင်း တက္ကသိုလ်မှ သုတေသီများသည် အကောင်ကြီးသော်လည်း ယဉ်ပါးသည့် သူနာပြုငါးမန်း မျိုးစိတ်ဖြင့် ယခုစမ်းသပ်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအတွက် လိုအပ်သော ငါးမန်းများကို အမေရိကန်နိုင်ငံ၊ ဘာလ်တီမိုး ငါးပြတိုက်တွင် ထားရှိပြီး ထိုမှတစ်ဆင့် သွေးနမူနာများကို စကော့တလန်ရှိ သုတေသန အဖွဲ့ထံ ပေးပို့ခြင်း ဖြစ်သည်။ ဒေါက်တာဟယ်လန်က သုတေသနအတွက် ရွေးချယ်ရသော ငါးမန်းအတွက် ယဉ်ပါးသော မျိုးစိတ်ကို တမင်ရွေးချယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ "ငါးမန်းဖြူ တစ်ကောင်ဆီက သွေးနမူနာ ယူဖို့ကျတော့ ဒီထက်ပိုခက်နိုင်တယ်လေ"ဟု ဒေါက်တာဟယ်လန်က မှတ်ချက်ပြုသွားသည်။ 
By Planet

No comments:

Post a Comment