Saturday, 30 June 2012

မော်တော်ကားဝယ်ယူခွင့် ပါမစ်ရအောင် ငွေကျပ် ၅၂ သိန်း လိမ်လည် ရယူမှု ဖြစ်ပွား

လွိုင်ကော်မြို့၊ ရှမ်းစုရပ်ကွက်ရှိ တည်းခိုခန်းပိုင်ရှင် အမျိုးသမီးထံမှ တည်းခိုခန်းတွင် လာရောက်တည်းခိုသူ ဧည့်သည်အမျိုးသမီးက မော်တော်ကား ဝယ်ယူခွင့် ပါမစ်ရရှိအောင် ပြုလုပ်ပေးမည်ဆိုကာ ငွေကျပ် ၅၂ သိန်းကို လိမ်လည်  ရယူသွားသည်ဆိုသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နှစ် ဇူလိုင် ၅ ရက်တွင် လွိုင်ကော်မြို့၊ ရှမ်းစုရပ်ကွက်ရှိ ဝင်းနားပဲလေ့စ် တည်းခိုခန်းသို့ လာရောက် တည်းခိုသော ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေ ဒေါ်အေးသီတာနိုင် (ခ) ဒေါ်အိသက်ထား (၃၉) နှစ်က ၎င်းသည် မော်တော်ကား ဝယ်ယူခွင့်ပါမစ်
ရရှိအောင် ပြုလုပ်ပေးနိုင်သည့် အသိုင်းအဝိုင်းမှ လူတစ်ဦးဖြစ်၍  မော်တော်ကား ဝယ်ယူခွင့်ပါမစ် ရရှိအောင် ပြုလုပ်ပေးမည်ဆိုကာ တည်းခိုခန်းပိုင်ရှင် ဒေါ်ခိုင်ဇာထွေး (၃၄ နှစ်) ထံမှ ငွေကျပ် (၅၂) သိန်းကို အလီလီ ရယူပြီး ယမန်နှစ် သြဂုတ် (၄) ရက်တွင် တည်းခိုခန်းမှ ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။

ယမန်နှစ် စက်တင်ဘာ (၁၉) ရက်တွင် ဒေါ်အေးသီတာနိုင်က မော်တော်ကား ထုတ်ယူနိုင်ရေးအတွက် ဒေါ်လာဈေး တက်သွားသောကြောင့် ငွေကျပ် (၇) သိန်းကို ထပ်မံ ပေးသွင်းနိုင်ရန် ဒေါ်ခိုင်ဇာထွေးထံသို့ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ ဒေါ်ခိုင်ဇာထွေးက ဒေါ်အေးသီတာနိုင်အပေါ် သံသယဝင်လာသဖြင့် စုံစမ်းရာ ဒေါ်အေးသီတာနိုင်မှာ မော်တော်ကား ဝယ်ယူခွင့် ပါမစ် ရရှိအောင် ပြုလုပ်ပေးနိုင်သူ မဟုတ်ကြောင်း သိရှိခဲ့ရပြီး ငွေကျပ် (၅၂) သိန်းကို ပြန်လည်တောင်းသော်လည်း မပေးဘဲ ရှောင်တိမ်းနေသည်ဟု ဆိုသည်။ ထိုဖြစ်ရပ်အပေါ် တရားဥပဒေအရ အရေးယူဆောင်ရွက်ရန် မခိုင်ဇာထွေးက သက်ဆိုင်ရာသို့ တိုင်ကြားရာ လွိုင်ကော်ရဲစခန်းက (ပ) ၅၃/၁၂၊ ပြစ်မှုပုဒ်မ ၄၂၀ အရ အမှုဖွင့် စုံစမ်းနေကြောင်း သိရသည်။
@Hot News Weekly Journal

No comments:

Post a Comment