Sunday, 1 July 2012

အဆောက်အအုံ ဆောက်ရန် မြေကျင်းတူးရာမှ စစ်ကျန်လေယာဉ်ချ ဗုံးတစ်လုံး တွေ့ရ

မုံရွာမြို့ ဘုန်းစိုးရပ်ကွက် နယ်မြေ (၃) လမ်းသွယ် (၄) မှ အိမ်ပိုင်ရှင် ဦးကျော်ဆန်း ၏ နေအိမ်ခြံဝင်းအတွင်း အဆောက် အအုံ ဆောက်လုပ်ရန် မြေကျင်းတူးဖော်ရာမှ ဒုတိယ ကမ္ဘာ့စစ်အတွင်း အသုံးပြုခဲ့သည်ဟု ယူဆရသော စစ်ကျန်လေယာဉ်ချဗုံး တစ်လုံးကို ဇွန်လ ၂၀ ရက်တွင် တူးဖော် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
“မြေကျင်းအနက် တစ်ပေခွဲမှာ လေယာဉ်ချဗုံးရဲ့ နောက်ပိုင်း ဒလက်သုံးလက်ကို စတွေ့တယ်။ ဗုံးရဲ့ထိပ်ဖူးက မြေအောက်ကို စိုက်မြုပ်နေပြီး နောက်မြီးပိုင်းက ထောင်နေတဲ့ အနေအထားနဲ့ တူးဖော် ရရှိတာပါ။ စစ်ကျန်ဗုံးကြီးကို ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တပ်မတော် အရာရှိကြီးတွေ ကိုယ်တိုင်ကြီးကြပ်
တူးဖော်ပြီး ဘေးကင်းရာကို သယ်ယူသွားပါတယ်” ဟု ဘုန်းစိုးရပ်ကွက် လမ်းသွယ် (၄) နေ စစ်ကျန်ဗုံး တူးဖော်ရာတွင် မျက်မြင်ကြုံတွေ့ခဲ့သူ တစ်ဦးက ပြောကြားသည်။
“စစ်ကျန်ဗုံးလို့ ယူဆရပါတယ်။ လေယာဉ်ချဗုံး အမျိုးအစားဖြစ်ပြီး ဗုံးအလျား (၄၁) လက်မ၊ လုံးပတ် (၂၅) လက်မ၊ အလေးချိန်ပေါင် (၂၀၀) နီးပါး ရှိပါတယ်” ဟု မုံရွာမြို့ ဒေသခံ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခု တွေ့ရှိခြင်းသည် မုံရွာမြို့တွင် တတိယအကြိမ်မြောက် စစ်ကျန်ဗုံး တူးဖော်တွေ့ရှိခြင်း ဖြစ်ကြောင်း မုံရွာဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
မျိုးမင်းဦး
7Day News

No comments:

Post a Comment