Saturday, 21 July 2012

ကသာမြို့နယ် မိုးတားလေး ကျေးရွာတွင် ဘိန်းဖြူ သယ်ဆောင်သူကို သက်စွန့်ဆံဖျား ဖမ်းဆီးခဲ့ရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတာလေးကျေးရွာတွင် ဘိန်းဖြူကို လက်ဝယ်ထားရှိသူအား  ရဲတပ်ဖွဲ့ဝင်များက သက်စွန့်ဆံဖျား ဖမ်းဆီးခဲ့ရမှု (၉-၇-၂၀၁၂) ရက်နေ့ ညနေ (၅း၃၀) အချိန်၌ မိုးတာလေးကျေးရွာ၊ ရွာလယ်လမ်းမတွင် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ (၉-၇-၂၀၁၂) ရက်နေ့ ညနေ (၅း၃၀) အချိန်တွင် မိုးတားလေးကျေးရွာ ရဲစခန်းမှူး ဒုရဲအုပ် ထွန်းလွင်လွင်၊ ရဲတပ်ကြပ် တင်ဝင်းမြင့်၊ ရဲဒုတပ်ကြပ် ဝင်းနိုင်၊ ရဲတပ်သား စိုးနိုင်၊ ရဲတပ်သား စိုင်းသက်နောင်တို့သည် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သက်သေများအဖြစ် ရာအိမ်မှူး ဦးဝင်းတင်၊ ဦးညိုမောင်တို့နှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ မိုးတားလေးကျေးရွာ၊ ရွာလယ်လမ်းမရှိ ကွမ်းယာဆိုင်အနီး စောင့်ဆိုင်းနေကြသည်။




ယင်းသို့ စောင့်ဆိုင်းနေစဉ် ကွမ်းယာဝယ်ရန်လာသူ မင်းလွင်အား သက်သေများရှေ့၌ ရှာဖွေစစ်ဆေးစဉ် တရားခံက ၎င်းတွင် ပါလာသော ဓားရှည် (အရိုးအသွား-၂၈ လက်မ) ထုတ်၍ ခုခံခဲ့ရာ ရဲတပ်သား စိုးနိုင်၊ ရဲတပ်သား စိုင်းသက်နောင်တို့တွင် လက်နှင့် ဝမ်းဗိုက်တို့၌ ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်။ ထို့နောက် တရားခံအား ဝိုင်းဝန်းဖမ်းဆီးကြရာ တရားခံမင်းလွင်၏ ပုဆိုးခါးပုံစအတွင်းမှ ဘိန်းဖြူဟု ယူဆရသည့် အဖြူမှုန့် အလေးချိန် (၃) ဂရမ်၊ ကာလတန်ဖိုး (၃) သိန်းခန့် ထည့်ထားသည့် ပလတ်စတစ်ပုလင်း (၁) လုံး၊ ငွေစက္ကူတစ်ထောင်ကျပ်တန် အရိုးအသွား (၂၈) လက်မခန့်ရှိ ဓားအိမ်ပါ ဓားဦးချွန် (၁) ချောင်းတို့ကို သက်သေခံပစ္စည်းအဖြစ် သက်သေများရှေ့တွင် သိမ်းဆည်းရမိသဖြင့်  ဒုရဲအုပ်ထွန်းလွင်လွင်က တရားလိုအဖြစ် တိုင်တန်းခဲ့သည်။ တရားခံ သယ်ဆောင်ရာ လမ်းကြောင်းကို စစ်ဆေးရာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ကချင်စုရပ်တွင် နေထိုင်သူ အမည်မသိ ကချင်အမျိုးသမီးထံမှ အဆိုပါ ဘိန်းဖြူကို ဝယ်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ တရားခံမင်းလွင် (၂၉) နှစ်၊ (ဘ) ဦးကျော်မြင့်အား မိုးတားရဲစခန်းမှ မယ (ပ) ၅/၂၀၁၂။ မူး/စိန် ပုဒ်မ ၁၅/၁၉ (က)/၂၀ (က)/ ၂၂ (ခ) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီး သက်ဆိုင်ရာ ရဲစခန်းက ကွင်းဆက်တရားခံ ဖော်ထုတ်ခြင်း၊ သက်သေခံပစ္စည်းများအား ထင်မြင်ချက်တောင်းခံခြင်း၊ တရားလိုနှင့် သက်သေများ စစ်ဆေးခြင်း၊ အမှုအား ဥပဒေနှင့်အညီ တရားစွဲတင်ပို့ရန် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
@Hot News Weekly Journal

No comments:

Post a Comment