Tuesday, 17 July 2012

Sauerampfer (သို့) ချဉ်ပေါင်ရွက် အစားထိုး




ချဉ်ပေါင်ရွက်မရတဲ့ ဒီဒေသမှာ ချဉ်ပေါင်ဟင်း လွမ်းနေသူများအတွက် ချက်လိုက်ရင် အရသာ တထပ်တည်း တူတဲ့အရွက် ရှိတယ်နော်။

Sauerampfer (Rumex acetosa ) လို့ ခေါ်ပါတယ်။ သူက အလေ့ကျပေါက်တတ်ပြီး ခြံထဲမှာလည်း စိုက်ထားလို့ရတယ်။

မတ်လလယ်လောက်ဆို ထွက်လာပြီး သြဂုတ်လလောက်ထိတော့ ရှိတတ်ပါတယ်။ သူ့အရွက်က ချဉ်ပေါင်ရွက်ထက် နုဖတ်တယ်။

ဒီကလူတွေကတော့ ဆလတ် သို့မဟုတ် ဟင်းရည်အဖြစ် စားသုံးကြတယ်။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗစ်တာမင် စီနဲ့ သံဓါတ် အများအပြား ပါဝင်ပေမယ့် များများစားသုံးရင် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ oxalic acid လည်း ပါဝင်နေပြန်ပါတယ်။

သူ့မှာ အများအပြား ပါဝင်တဲ့ oxalic acid ဟာ သံဓါတ်ကို ပျက်ပြယ်သွားအောင် လုပ်လို့ စားသာစားတယ် ဘာသံဓါတ်မှမရပဲ ဖြစ်နိုင်ပါတယ်။

ဒီအက်စစ် ပါဝင်တဲ့အတွက် အထူးသဖြင့်တော့ ကျောက်ကပ်မကောင်းသူများ စားသုံးရန် မသင့်ပါဘူးတဲ့။
ဒါပေမယ့် ဟင်းချက်တဲ့ အခါ ဆိုဒါမှုန့်လေး နည်းနည်း ထည့်ချက်ရင်တော့ ဆိုဒါက အက်စစ်ကို ပျက်ပြယ်သွားအောင် လုပ်လိုက်တဲ့အတွက် သံဓါတ်တွေကို ရနိုင်ပါတယ်တဲ့။
အတိုချုပ် မှတ်ရမှာကတော့ များများမစားရ။ ဒါမှမဟုတ် ဆိုဒါထည့်ချက်ပါပေါ့။ ကျမကတော့ တခါမှ ဆိုဒါနဲ့ မချက်ဖူးသေးဘူး။

ဒီအရွက် ဒီမှာရှိကြောင်းကို ဒီက ဗမာလူမျိုးတယောက် ဖွင့်ထားတဲ့ စားသောက်ဆိုင်လေးမှာ သွားစားခဲ့လို့ သိခဲ့ရတာပါ။

သူတို့ဆိုင်က နှစ်ပေါင်းများစွာ နာမည်ရ စားသောက်ဆိုင်လေး ဖြစ်ပြီး ဒီကလူတွေ တော်တော် လာစားကြတယ်။
ပုံမှန်ချက်တဲ့ ဟင်းတွေကတော့ ကျမတို့စားလေ့ရှိတဲ့ ဗမာဟင်းတွေနဲ့တော့ ထပ်တူကြီး မဟုတ်ဘူးပေါ့။
ဗမာတွေ လာစားတဲ့အခါ ဗမာဟင်း စစ်စစ်တွေ မှာစားလို့လည်း ရပါတယ်။ ချက်ပေးပါတယ်။ မုန့်ဟင်းခါးလည်း ရောင်းတယ်။
တပွဲကို ၁၀ ထင်တယ်။ ကျမတို့ ညနေစာ သွားစားတော့ မှာစားတဲ့ ဟင်းတွေအပြင် အဲဒီဆိုင် ပိုင်ရှင်က စေတနာကောင်းကောင်းနဲ့ ချဉ်ပေါင်ဟင်းနဲ့ ငပိကြော်၊ ငါးခြောက်ကြော်တွေ အများကြီးပဲ အခမဲ့ လာချပေးခဲ့တယ်။ ကျမကမေးတာပေါ့ ချဉ်ပေါင်ဘယ်က ရတာလဲလို့။ ဆိုင်ပိုင်ရှင်က ရှင်းပြတော့မှ သိခဲ့ရတာ။

အဲဒီကတည်းက ဒီအရွက်ကို အစိမ်းရရင်လည်း ချက်စားတယ်။ အရွက်စိမ်းက စူပါမားကက်မှာ မတွေ့လိုဘူး။ အလေ့ကျ လိုက်ကောက်မှ ရတာ။ စိုက်ချင်ရင်တော့ လေဟာပြင်ဈေးတွေ ရှိတဲ့နေရာ အပင်ရောင်းတဲ့ဆိုင်မှာ သွားရှာရင် အပင်ပေါက်လေးတွေ ရောင်းတယ်။ နောက်တော့ မမျှော်လင့်ပဲ ဒီပုလင်းလေးတွေ ရှာတွေ့ခဲ့တယ်။ လွယ်သွားတာပေါ့။

သူငယ်ချင်းတွေကိုလည်း လက်ဆင့်ကမ်း ပြောပြတော့ သူတို့တွေလည်း ၀မ်းသာလို့။ ဒီက အာရှဆိုင်တွေမှာ ချဉ်ပေါင်ရွက် မရှိဘူးလေ။ ဒီလို စားနေရင်း ၀ယ်နေကျ စူပါမားကက်မှာ ဒီပုလင်းလေးတွေ ပြတ်သွားတာတောင် တော်တော်ကြီးကို ကြာသွားခဲ့ပြီ။

ဝယ်သူစားသူ နည်းလို့ထင်တယ် မတင်တော့တာ။ အခုမှ တခြားက ပြန်ရှာတွေ့တာ။ ဘယ်ရောက်ရောက်တော့ အမြဲရှာခဲ့ပါတယ်။ ခက်တာက နာမည်တူတဲ့ စူပါမားကက်တွေမှာကိုပဲ အသေးစိတ်ရနိုင်တဲ့ ပစ္စည်းချင်းက ကွဲတယ်လေ။

ပြီးခဲ့အပတ်ကတော့ အီခေးယား IKEA ကုန်တိုက်ကို ပစ္စည်းတခု သွားရှာကြတယ်။

ဒီကုန်တိုက်က ပရိဘောဂတွေက လက်တွေ့ကျကျ ပုံစံရိုးရိုးတွေမို့ ဘာပဲလိုလို ဒီကို သိပ်မလာဖြစ်ဘူး။

ကျမတို့က ဒီကုန်တိုက်ကို Ritter Sport Chocolate ရဲ့ ကြော်ငြာစာသားလေး သုံးပြီး နောက်လေ့ရှိတယ်....Quadratisch.... Praktisch.... Gut....လို့လေ။ အခုကတော့ ကျမရဲ့ အကြံပေးချက်နဲ့ အပြောင်းအလွဲလေးပေါ့...

လိုအပ်တာလေးလည်း တွေ့ရင်တွေ့မှာပါ ဆိုပြီး သွားလိုက်ကြတာ အဲဒီမှာ ဘာမှ မရခဲ့ပဲနဲ့ ကျမက အဲဒီမြို့ထဲ စူပါမားကက်က ဒီပုလင်းလေးတွေ ပြန်ရှာတွေ့လာပါတယ်။

စူပါမားကက် အသစ်ရောက်တိုင်း ကျမက ဒါကို အမြဲသွားသွားရှာတတ်တယ်လေ။ မစားရတာ ကြာတော့ ပြန်တွေ့တာနဲ့ တခါတည်း သုံးပုလင်း ယူခဲ့လိုက်တယ်။ လောလောဆယ်တော့ မချက်သေးဘူး။ နေပွင့်ပြီး တံခါးဖွင့်နိုင်တဲ့ နေ့မှ ချက်မယ်။ ခုတော့ အလှကြည့်ထားတုန်းပဲ။

suenwelay.blogspot မှကူးယူမျှဝေသည်။

No comments:

Post a Comment