Friday, 12 October 2012

၂ နှစ်သားအား သံပုရာရည်နှင့် ဝီစ္စကီ မှားပေးခဲ့သည့် စားသောက်ဆိုင်






ဝေးလ်စ်နိုင်ငံ၊ ဆွမ်းဆီးမြို့မှ Frankie and Benny’s စားသောက်ဆိုင်၌ ၂ နှစ်ပြည့် မွေးနေ့ပွဲ ဆင်နွှဲနေသည့် Sonny Rees အမည် ရှိ ကလေးငယ်တစ်ဦးအား သံပရာရည်နှင့် ဝီစ္စကီအရက် မှားပေးခဲ့မှု မကြာသေးမီက ဖြစ်ပွားခဲ့သည်။
ကလေးငယ်အားလည်း ဆေးရုံအရေးပေါ်သို့ တင်ပို့ခဲ့ပြီး စောင့်ကြည့်ခဲ့ရာ စိုးရိမ်ဖွယ်ရာ မရှိသည့်အတွက် ယခုအခါတွင် နေအိမ်၌ အနားယူနေကြောင်း၊ အဆိုပါ ဖြစ်ရပ်အတွက် စားသောက်ဆိုင်မှလည်း တောင်းပန်ခဲ့ကြောင်း သိရှိရသည်။
မိခင်ဖြစ်သူက Sonny လေး ဝီစ္စကီသောက်နေသည်ကို တစ်ခွက်လုံးနီးပါး ကုန်ခါနီးမှ သတိပြုမိခဲ့ကြောင်း ဆိုသည်။Sonny ၏ မိခင် အသက် ၃၄ နှစ်ရှိ Nina Rees က “ကျွန်မတို့အားလုံး သူ့မွေးနေ့
အတွက်ဆိုပြီး နေ့လည်ပိုင်းမှာ အဲဒီ စားသောက်ဆိုင်ကို သွားခဲ့တာပါ။ ဆိုင်ရောက်တော့ Sonny ရဲ့ အကြိုက်ဆုံးဖြစ်တဲ့ သံပုရာရည်ကို မှာပေးခဲ့ပါတယ်။ အချိုရည်ခွက် ရောက်လာတော့ အငန်စာတွေ စားနေတဲ့ သားလေးကို သံပုရာရည် များများသောက်ဖို့ ပြောခဲ့ပါတယ်။” ဟု ပြောပြခဲ့သည်။
သူမက ဆက်လက်ပြီး “အားလုံးစားသောက်နေရင်း သားလေးရဲ့မျက်နှာက အရက်မူးနေတဲ့ ပုံစံဖြစ်နေတာကို သတိထားမိခဲ့ပါ တယ်။ ဒါနဲ့ သူ့ရဲ့ သံပုရာရည်ခွက်ကို ကျွန်မ ယူသောက်လိုက်တဲ့ အခါမှာတော့ ဝီစ္စကီဖြစ်နေတာကို သိလိုက်ရပါတယ်။ အရမ်းပြင်း ပါတယ်။ လည်ပင်းထဲမှာ တစ်ခါတည်းကို ပူကနဲ ဖြစ်သွားပါတယ်။ သားလေးကလည်း ၁၀ ငုံလောက်တောင် သောက်ပြီးသွားပြီ ဆိုတော့ မူးနေတာ သေချာသွားခဲ့ပါတယ်။ ကျွန်မလည်း အရမ်းကို စိုးရိမ်ပြီး အရမ်းကို ငိုခဲ့ရပါတယ်။” ဟု ပြောပြခဲ့သည်။
ယင်းနောက် မိခင်ဖြစ်သူက ဆိုင်မန်နေဂျာအား စောဒကတက်ပြီး ရန်တွေ့ခဲ့သည်။ ဆိုင်မန်နေဂျာမှလည်း အဆိုပါ ခွက်အား ယူသောက်ကြည့်ခဲ့သော်လည်း တောင်းပန်မှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့သဖြင့် မိခင်ဖြစ်သူ Nina က ဗြိတိန် အမျိုးသား ကျန်းမာရေး ဌာနသို့ ဖုန်းဆက်တိုင်ကြားခဲ့ပြီး ကလေးအား နီးစပ်ရာ ဆေးရုံရှိ အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
Sonny လေး သည် ဆေးရုံးသို့ ရောက်ရှိချိန်၌ အိပ်ပျော်နေပြီဖြစ်ကာ သူနာပြုများက အခြေအနေကို စောင့်ကြည့်ခဲ့ကာ အတန်ကြာတွင်မှ အိမ်ပြန်လွှတ်ခဲ့ခြင်း ဖြစ်သည်။
Sonny ၏ မိသားစုဝင်များကလည်း ဝီစ္စကီမှန်း မသိသေးခင်က အမှတ်တရ ဓာတ်ပုံ များ ရိုက်ကူးထားခဲ့သေးသည်။
နောက်ပိုင်းတွင် စားသောက်ဆိုင်၏ ပြောခွင့်ရ ပုဂ္ဂိုလ်က “ကျွန်တော်တို့ အနေနဲ့ ယခုဖြစ်ရပ်အတွက် တောင်းပန်ပါတယ်။ ရိုးသား တဲ့ မှားယွင်းမှုသာဖြစ်ပြီး နောက်နောင် မဖြစ်ပွားရအောင် အသေအချာ စီမံဆောင်ရွက်သွားမှာပါ။” ဟု ထုတ်ပြန်ကြေညာခဲ့သည်။
---
Ref: BBC

No comments:

Post a Comment