Friday, 5 October 2012

** အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းကမ်းခြေတွင် ဝေလငါးများသေဆုံးသောင်တင်**


အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ကျွန်းတစ်ကျွန်း၏ကမ်းခြေတွင် အောက် တိုဘာ ၂ ရက်နှောင်းပိုင်းက ဝေလငါးများသေဆုံးသောင်တင်နေသည်ကို တွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှားအရာရှိတစ်ဦးက အောက်တိုဘာ ၃ ရက်၌ ပြောကြားသည်။အဆိုပါ ဝေလငါးများသေဆုံးနေသည့် နေရာမှာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ နုဆာတန်ဂါရာပြည်နယ်ရှိ ဆာဗျူကျွန်းကမ်းခြေတွင်ဖြစ်သည်။ သေဆုံး သောင်တင်နေသည့် ဝေလငါးအကောင်ရေမှာ စုစုပေါင်း ၄၄ ကောင် ဖြစ်သည်။ ထိုသို့သေဆုံးသောင်တင်နေသည့် ဝေလငါးအချို့မှာ စတင်တွေ့ ရှိချိန်၌ အသက်ရှင်နေသေးသော်လည်း နောက်ပိုင်း၌သေဆုံးသွားခဲ့သည်။ ဒေသခံများက အဆိုပါအသက်ရှင်နေသောဝေလငါးအချို့ကို ပင်လယ်အတွင်း ပြန်လွှတ်ရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ကြောင်း သတင်း၌ဖော်ပြသည်။ ဒေသခံငါးဖမ်းသမားများ၊ ရေတပ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ အရာရှိများက ဝေလငါးများကို တတ်နိုင်သမျှ စောင့်ရှောက်သော်လည်း ဝေလငါးများသေဆုံးမှုဖြစ်ပေါ်လျက်ရှိသည်။ ကမ်းခြေသို့ရောက်ရှိလာသော အခြားဝေလငါးများကို ပင်လယ် ရေပြင်သို့ ပြန်လည်လွှတ်ပေးသော်လည်း ယင်းဝေလငါးများမှာ ကမ်းခြေ သို့ ပြန်လည်ရောက်ရှိလာလေ့ရှိကြောင်း အင်ဒိုနီးရှားအရာရှိများက ပြောကြားခဲ့သည်။ယခုသေဆုံးနေသော ဝေလငါးများမှာ ဆာဗျူကျွန်းကမ်းခြေ အရှည် မီတာ ၁၅ဝ အတွင်း လာရောက်သောင်တင်နေခြင်းဖြစ်သည်။ ၄င်းဝေလငါးများ၏ အရွယ်အစားမှာ တစ်ကောင်လျှင် နှစ်မီ တာမှ ငါးမီတာခန့်အထိ အရွယ်အစားအမျိုးမျိုးရှိသော ဝေလငါးများဖြစ်သည်။ (ရိုက်တာ)

No comments:

Post a Comment