Friday, 23 November 2012

ယာဉ်ကြောပိတ်ဆို့မှုကြောင့်လည်း ကားအရောင်းအ၀ယ် သိသိသာသာကျဆင်းစေ

ရန်ကုန်မြို့တွင်း ကာလရှည်ကြာစွာ ကြုံတွေ့နေရာမှ ပိုမိုဆိုးရွားလာသည့် ယာဉ်ကြောပိတ်ဆို့မှုများကြောင့်   မော်တော်ကားအရောင်းစင်တာများ၌ ကားအရောင်းအဝယ် ၅၀%ထိ လျော့ကျလျှက်ရှိကြောင်းသိရသည်။
 
 
 “ကားအရောင်းအဝယ်တွေကတော့ ကျတယ်။ အတော်ကိုကျတာ။ ရာခိုင်နှုန်းနဲ့ ပြောရမယ်ဆိုရင် ၅၀%နှုန်း ထိလောက်ကို ကျသွားတာဟု Myo Motor Services co.ltd ပိုင်ရှင် ဦးအောင်မျိုးဝင်းကပြောသည်။
ကားအရောင်းအဝယ် လျော့ကျလာရခြင်းမှာ ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများမှာ ယခင်ကထက်ပိုမိုဆိုးရွား လာသောကြောင့်   ကားဝယ်ယူလိုသူများမှာ လက်ရှိအချိန်တွင် ဝယ်ယူမှုမရှိသေးခြင်း ဖြစ်နိုင်ကြောင်း ဟံသာဝတီ ကားရောင်းဝယ်ရေး စခန်းမှ ကားအရောင်းအဝယ်လုပ်ငန်းအား  နှစ်(၃၀)ကျော် လုပ်ကိုင်ခဲ့သူ ဝါရင့်ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

 
 
အခုအဓိက လမ်းမကြီးတိုင်းကို ကြည့်လိုက် ယာဉ်ကြောပိတ်ဆို့မှုတွေက တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာ နေတာ။ အကိုတို့ဆီမှာလဲ အရောင်းအဝယ်တွေက မဖြစ်သလောက်ပဲ ။ အဓိက အရောင်းအဝယ် ကျတာတော့ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ အများကြီးဆိုင်တယ်။ နောက်တစ်ခုက စလစ်ဈေးတွေရယ်၊ လေလံကားတွေ အကုန်အပ်လို့ ရတာတွေရယ်ကြောင့် ကားဈေးက မငြိမ်ဘူး။ အဲဒါကြောင့်လည်း ပါတယ် ”ဟု ဟံသာဝတီ ကားရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။
 
 
ထိုကဲ့သို့ ဈေးကွက်အတွင်းကားဝယ်ယူလိုမှု လျော့ကျလာခြင်းနှင့်အတူ မော်တော်ကားဈေးနှုန်းများမှာ လည်း ၁၀%ခန့် ကျဆင်းလာကြောင်း ဈေးကွက်အတွင်းက သိရသည်။
 
 
လွန်ခဲ့တဲ့ ၃ လလောက်အထိက တစ်လကို ကားအစီး(၅၀)နဲ့ (၆၀)ကြားမှာရောင်းရတယ်။ အခုက တစ်လနေမှ (၁၅)စီးတောင် မရချင်ဘူး။ ကားဈေးနှုန်းတွေကလည်း ၁၀%နှုန်းလောက် အထိ ပြုတ်ကျတယ်ဟု Myo Motor Services co.ltd ပိုင်ရှင် ဦးအောင်မျိုးဝင်းက ပြောသည်။
 
 
လက်ရှိအချိန်တွင် ကားဈေးကွက်အတွင်း ဝယ်လိုအားနည်း၍ ရောင်းလိုအားများနေသည်။
 
ကားပြောင်းစီးမယ်ဆိုပြီး ကျွန်တော့်ကားလေးကို ရောင်းလိုက်တာ(၅)လလောက်လောက်ရှိပြီ။ သိန်း(၁၅၀)လောက်ရှုံးတယ်။ အခု ကားပြန်ဝယ်မလို့ကို ဈေးတွေကျနေတာတောင် မဝယ်ဖြစ် သေးဘူး။ တစ်ရက် တစ်ရက် လမ်းပိတ်နေတာတွေ တွေ့ပြီး ကားမောင်ချင်စိတ် ပျောက်တယ်။ နေ့ခင်းဘက် အပြင်ထွက်ချင် ရင်တောင် ကားငှားသွားတယ်။ စိတ်မရှည်ရင် လမ်းဆင်းလျှောက်လိုက်တယ်ဟု သန်လျှင် GTC မှ အသက်(၂၁)နှစ်အရွယ်ကျောင်းသားတစ်ဦးက ပြောသည်။
 
 
လက်ရှိတွင် ယာဉ်ကြောပိတ်ဆို့မှုလျော့ကျစေရေးအတွက် လမ်းစည်းကမ်းနှင့် ယာဉ်စည်းကမ်းလုပ်ငန်းများ အပါအ၀င် လမ်းတံတားတိုးချဲ့မှုများ ဆောင်ရွက်လျက်ရှိသော်လည်း လမ်းပိတ်ဆို့မှုမှာ တနေ့တခြား ပိုမို ဆိုးရွားလာခြင်းဖြစ်ကြောင်း   ပြည်သူများက သုံးသပ်သည်။
ကျော်ဇင်မန်း(မြစ်မခ)

No comments:

Post a Comment