Saturday, 16 February 2013

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ လုပ်ငန်းခွင် အဆင်မပြေမူများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ရန် အသိပညာပေးမည်

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ လုပ်ငန်းခွင်တွင် အဆင်မပြေမူများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ရန်အတွက် INGO  များ၊ မီဒီယာများနှင့် သံရုံးတို့မှ တစ်ဆင့် အသိပညာပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊အလုပ်အကိုင်နှင့် လူမူဖူလုံရေးဝန်ကြီးဌာနမှ  ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေးဝန်ကြီးဌာနနှင့်  အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းတို့  ကျင်းပပြုလုပ်သည့်   အလုပ်သမား ဥပဒေဆိုင်ရာ ဆွေးနွေးပွဲတွင် ဒုဝန်ကြီးမှ Eleven Media Group ၏ မေးမြန်းချက်အပေါ် ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

''ဇင်းမယ်မြို့ Central ကုန်တိုက်ဆောက်လုပ်ရေး လုပ်နေတဲ့ လုပ်ငန်းခွင်မှာ မြန်မာအလုပ်သမားတွေကို သွားတွေ့တယ်။ အဲဒီကလေးတွေက အချိန်ပိုကြေးနဲ့ ပတ်သက်ပြီး သိပ်အဆင်မပြေကြဘူး။ သိပ်နားမရှင်းကြဘူး။ ဒါနဲ့ ပတ်သက်ပြီး ဘယ်သူတွေကို Complain  တက်မလဲဆိုတာလည်း မသိ ကြဘူး။ တချို့ဆို သူတို့အလုပ်ရှင် ဘယ်သူလဲ ဆိုတာတောင်  သေသေချာချာ မပြောနိုင်ဘူး။သူတို့လက်ထဲမှာ ရှိနေတဲ့ အထောက်အထားတွေကလည်း နည်းတယ်။အဲဒီမှာ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းခွင်မဝင်ခင် အသိပညာပေးတဲ့ နေရာမှာ အရမ်းကို အားနည်းနေသေးတယ်ဆိုတာ တွေ့ခဲ့ရပါတယ်''ဟု ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေးဝန်ကြီးဌာနမှ  ဒုတိယဝန်ကြီးသည် ဖေဖော်ဝါရီလ ၄ ရက် နေ့က ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုင်းသံအမတ်နှင့်တကွ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား စောင့်ရှောက်ရေးအဖွဲ့နှင့် INGO များ ပါဝင်သည့် စာနယ်ဇင်းရှင်း လင်းပွဲတစ်ခုကို  ဖေဖော်ဝါရီလ ၉ ရက်နေ့က ထိုင်းနိုင်ငံတွင်  ပြုလုပ်ခဲ့သည်။                  
ထို့ပြင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း ၁၁ ခု၏ ဖုန်းနံပါတ်များကို မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး အေဂျင်စီများအားလည်း အလုပ်သမားများကို လုပ်ငန်းခွင်မဝင်မီ သိသင့်သိထိုက်သည့် အကြောင်းအရာများကို စနစ်တကျ အသိပညာပေးရန် ပြောကြားမည်ဖြစ်ကြောင်းလည်း သိရသည်။
by-.news-eleven.

No comments:

Post a Comment