Wednesday, 24 April 2013

ဖုန်းဆင်းကတ် အလွဲသုံးရောင်းချမှု ထိရောက်စွာ အရေးယူမည်

 



ကျပ် ၁၅၀၀ တန် ဖုန်းဆင်းကတ်များ ရောင်းချပေးရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့မှ ငွေကြေးနှင့် ရွေးချယ်ချထားပေးမှုများ ရှိလာပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ “ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် ပြည်သူကို ချပေးတာ ဖြစ်တာကြောင့် ပြည်သူအတွက် ချထားပေးတဲ့ လမ်းကြောင်းက လွဲဖယ်ပြီး တစ်ခုခုဖြစ်လာရင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးလုပ်တဲ့ တစ်ဦးဦးကို အရေးယူမယ်။ ဖြစ်လာရင်တော့ အပြုတ်ပဲ။ ပြည်သူကို သတ်မှတ်ကြေးထက် တစ်ပြားတစ်ချပ်မှ အကုန်အကျခံဖို့ လုပ်ထားတာ မဟုတ်ပါဘူး” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ဖုန်းဆင်းကတ်များကို ရောင်းချပေးရာတွင် မြို့နယ်နှင့် ရပ်ကွက်အလိုက် လူဦးရေ ခန့်မှန်းတွက်ချက်၍ ပျမ်းမျှအားဖြင့် ခွဲတမ်းချကာ စီမံထားကြောင်း၊ လက်ရှိတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုပ်ဆောင်ချက်များကို ပြည်သူမှ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားတင်ပြနေမှုများ ရှိနေကြောင်း၊ ထို့ကြောင်း တိုင်ကြားမှုများကို စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ၁၅၀၀ တန် ဖုန်းဆင်းကတ်များကို ဧပြီ ၂၄ ရက်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆင်းကတ်ပေါင်း ၃၅၀၀၀၀ ခန့်ကို စတင်ချထားပေးပြီ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွက် ဆင်းကတ် ၁၁၇၀၀၀ ချထားပေးကြောင်း၊ လက်ရှိ ချထားပေးသော ကတ်များမှ လေးပုံတစ်ပုံကို အစိုးရဝန်ထမ်းများအတွက် ပေးရန်လျာထားပြီး ဝန်ထမ်းစာရင်းတွင် အရာရှိအဆင့်များ ပါဝင်မည်မဟုတ်ကြောင်း သိရသည်။ အဆိုပါ ဖုန်းလိုင်း တစ်သိန်းကျော်ကို ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ပြည်သူများအတွက် ခုနှစ်သောင်း ခုနှစ်ရာ့ငါးဆယ် (၇၀၇၅၀) ရရှိမည်ဖြစ်ပြီး အစိုးရဝန်ထမ်းများ အတွက်မူ နှစ်သောင်းကိုးထောင့်ငါးဆယ် (၂၉၀၅၀) ခွဲတမ်းခွဲထားကြောင်း သိရသည်။ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိ ပြည်သူများအတွက်မူ တစ်သောင်းခုနှစ်ထောင့်နှစ်ရာ (၁၇၂၀၀) သတ်မှတ်ခဲ့ကြောင်း သိရသည်။ “လူဦးရေနဲ့ ဖုန်းအလုံးရေ တွက်ချက်ပြီးပေးဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရက ဆောင်ရွက်တာပါ။ မြန်မာ့ဆက်သွယ်ရေးကတော့ ဒီစနစ်ထဲမှာ မပါဝင်ပါဘူး” ဟု ဆက်သွယ်ရေးလုပ်ငန်း အကြီးတန်းအရာရှိတစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်

No comments:

Post a Comment