Friday, 19 April 2013

ပြောင်းရွှေ့နေထိုင်သူများ အခက်တွေ့နေသော ကျပ် ၁၅၀၀ တန် မိုဘိုင်း လျှောက်ထားစနစ်

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ချထားပေးမည့် ကျပ် ၁၅၀၀ မိုဘိုင်းဆင်းကဒ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွင် သန်းခေါင်စာရင်း၊ မှတ်ပုံတင်တို့ဖြင့် လျှောက်ထားရခြင်းကြောင့် ရပ်ကွက်တွင်း ပြောင်းရွှေ့ နေထိုင်သူများ အခက်အခဲကြုံတွေ့လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
 
"ကျွန်တော်တို့က နယ်ကနေပြောင်းလာတာ သိပ်မကြာသေးဘူး။ ဒီမှာကလည်း အိမ်ငှားနေတာ။ သန်းခေါင် စာရင်းက နယ်က၊ ဒီမှာပြန်လုပ်ဖို့ကြတော့လည်းအခက်အခဲနဲ့။ ကျပ် ၁၅၀၀ ပေမယ့်လည်း လျှောက်လို့မရဘူး"ဟု ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင် အိမ်ငှားနေထိုင်သူ ကိုတာတီးက ပြောသည်။
 
အဆိုပါ ဆင်းကဒ်များကို တိုင်းနှင့် ပြည်နယ်များသို့ ချထားပေးမည့် ခွဲတမ်းများမှ မြို့နယ်၊ ရပ်ကွက်အလိုက် ပြန်လည်ခွဲဝေချထားပေးခြင်းကြောင့် သန်းခေါင်းစာရင်းနှင့် မှတ်ပုံတင် ပူးတွဲလျှောက်ထားရန် ပြုလုပ်ရခြင်းဖြစ် ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများထံက သိရှိရသည်။
 
"နယ်က သန်းခေါင်စာရင်းနဲ့တော့ မရပါဘူး။ ရပ်ကွက်မှာနေထိုင်တဲ့ အိမ်ထောင်စုနဲ့ ခွဲတမ်းရတာဆိုတော့။ ရပ်ကွက်မှာ နေတဲ့ သူတွေတောင် မဲနှိုက်ပြီး ပေါက်တဲ့သူရှိသလို မပေါက်တဲ့သူလဲရှိမှာပါ။ မဲမပေါက်လို့ ကျန်တဲ့ သူကလည်း နောက်လတွေမှာ မဲဆက်နှိုက်သွားရမှာ"ဟု အလုံမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှုး တစ်ဦးက ပြောသည်။
 
ထိုကဲ့သို့လျှောက်ထားရာတွင် အိမ်ထောင်စုဝင် (သန်းခေါင်စာရင်း)တစ်ဦးလျှင် တစ်ကြိမ်သာလျှောက်ထားနိုင် ပြီး ရပ်ကွက်များသို့ ချထားပေးမည့် ဆင်းကဒ် ခွဲတမ်းများကို တစ်လလျှင်တစ်ကြိမ် မဲစနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများထံက သိရသည်။
 
"ကြေညာတုန်းက တိုင်းနဲ့ပြည်နယ်တစ်ခုကို တစ်လမှာ သုံးသိန်းခွဲချပေးမယ်ဆိုပြီး အခုကျတော့ တစ်သိန်းကျော်ဆိုတော့ ဘယ်လိုလို့လောက်မှာလဲ လာမယ်ကြာမယ် ကိုင်ရမယ်စောင့်ရမယ် ဒီလိုပဲနေမှာပါ"ဟု မရမ်းကုန်းမြို့နယ်မှ တက္ကစီယာဉ်မောင်း တစ်ဦးက ပြောသည်။
 
မိုဘိုင်းဖုန်းဆင်းကဒ်များကို ပြည်ထောင်စု ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ သတ်မှတ်ပေးခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်သူများထံသို့ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
 
"ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ လူဦးရေရယ် ဖုန်းကိုင်ထားတဲ့လူဦးရေရယ်ကို တွက်ပြီးတော့ ဆင်းကဒ်အရေ အတွက် ချထားပေးတာပါ။ အခုချထားပေမယ့်ထဲက အစိုးရ ၀န်ထမ်းတွေအတွက် ဆင်းကဒ် သုံးသောင်းခွဲတမ်းပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွက် ဧပြီလအတွင်းချထားပေးမည့် မိုဘိုင်းဖုန်းဆင်းကဒ်ခွဲတမ်းမှာ တစ်သိန်း တစ်သောင်း ကိုးထောင် ရရှိကာ အစိုးရ၀န်ထမ်းများအနေဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများတွင်လျှောက်ထား နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက သိရှိရသည်။
 ရွှေစင်စုလတ် (မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment