Tuesday, 23 October 2012

DETAIL NEWS မန္တလေး- လားရှိုးလမ်းချဲ့ထွင်ရာ၌ နားအိုက်ခန်းဒေသခံများ ထိခိုက်နစ်နာမှုရှိနေ

အေးရှားဝေါကုမ္ပ္ပဏီမှ မန္တလေး-လားရှိုးလမ်းမကြီးချဲ့ထွင်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နားအိုက်ခန်းကျေးရွာရှိ လူနေအိမ်ခြံစည်းရိုးနှင့် အုတ်တံတိုင်းများပါရှိသွားမှုအပေါ် ပြန်လည်ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
 
 အောက်တိုဘာလ(၂၀)ရက်နေ့မှစတင်၍ အေးရှားဝေါကုမ္ပဏီမှလမ်းချဲ့ထွင်ရာ ၄င်းကျေးရွာရှိ ရွာသူရွာသားများအား ကြိုတင်အကြောင်းကြားခြင်းမရှိပဲ လုပ်ဆောင်မှုကြောင့် ကားလမ်းမကြီး နံဘေးရှိ လူနေအိမ်ခြေ (၉)လုံး၏ အိမ်ရှေ့ ခြံစည်းရိုးအုတ် တံတိုင်းများနှင့် သစ်ပင်၊ ပန်းပင်များပါသွားခဲ့သည်။
 
 " တခြားရွာတွေမှာက လမ်းမကြီးဘေးကို သုံးပေလောက်ပဲချဲ့တာ၊ ကျွန်တော်တို့ရွာထဲမှာလမ်းချဲ့တော့ လမ်းဘေးကို (၇)ပေ လောက်ချဲ့သွားတယ်၊ ခြံစည်းရိုးတွေ၊ အုတ်တံတိုင်းတွေနဲ့ ခြံထဲမှာစိုက်ထားတဲ့ အပင်တွေလဲ ပါသွားတယ်" ဟု ဂေါ်ရခါးလူမျိုး  ကျေးရွာဥက္ကဌတစ်ဦးဖြစ်သည့် ဦးထူလဘိုင်က ပြောသည်။

 
 ကျေးရွာစာသင်ကျောင်းမျက်နှာစာရှိ ကျောင်းသူကျောင်းသားများ စိုက်ပျိုးထားသော ပန်းပင်များ၊အရိပ်ရသစ်ပင်များနှင့် လူနေအိမ်များ၏ ခြံစည်းရိုးများကို ဘူဒိုဇာနှစ်စီးဖြင့် ထိုးချေသွားမှုအပေါ် ကုမ္ပ္ပဏီမှတစ်စုံတစ်ရာ ပြန်လည် ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်းကိုလည်း  ဒေသခံများထံက သိရသည်။
 
 `အဲ့ဒီနေ့က ကျွန်တော်က စိုက်ခင်းကိုသွားနေတာ၊ ပြန်လာတော့အိမ်ရှေ့က ခြံစည်းရိုးရော ခြံထဲမှာစိုက်ထားတဲ့ အပင်တွေ ပါမရှိတော့ဘူး ဘေးကအိမ်နီးနားချင်း (၈) အိမ်လည်း အဲ့လိုဖြစ်နေတယ်၊ တစ်ကယ်တမ်းဆို ကြိုတင်ပြီး အကြောင်းကြား သင့်တာပေါ့´ ဟု ရွာသားတစ်ဦးဖြစ်သူ ဦးအောင်မြင့်ထွန်းကပြောသည်။
 
 ခြံစည်းရိုးများ ပါရှိသွားသော နေအိမ်များမှာ ၁၉၉၈-၉၉ ခုနှစ်ဝန်းကျင်တွင် တရားဝင် ၀ယ်ယူထားသော ဂရံပေါက်မြေများ ဖြစ်ပြီး ဂရံမှ မြေတိုင်းအရ အိမ်ရှေ့မျက်နှာစာအချို့မှာ (၇) ပေအထိပါရှိသွားခဲ့ကြောင်း သိရသည်။
 
 အဆိုပါကိစ္စနှင့်ပတ်သက်၍ အဓိကလမ်းမကြီးများချဲ့ထွင်ခြင်းနှင့်ပတ်သက်၍ နစ်နာမှုများရှိပါက ကုမ္ပဏီမှ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း အေးရှားဝေါကုမ္မ္ပဏီမှ လမ်း/တံတားပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးကဆိုသည်။

"မိန်းလမ်းမကြီးကိုချဲ့မယ်ဆိုရင်တော့ ကြိုတင်အကြောင်းကြားရတာမျိုး မရှိပါဘူး၊ ကျွန်တော်တို့ အဲ့ရွာမှာ ဖြစ်တဲ့ကိစ္စကို သိတောင် မသိရသေးပါဘူး၊ ရွာသူရွာသားတွေအတွက် နစ်နာမှုရှိခဲ့ရင်တော့ ကုမ္မ္ပဏီက စစ်ဆေးပြီး ဆောင်ရွက်ပေးသွားမှာပါ " ဟု ကျောက်မဲ အေးရှားဝေါကုမ္ပဏီမှ လမ်း/တံတားပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
by-နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )

No comments:

Post a Comment