ဧဒင်အချစ်ပုံပြင်: အိန်္ဒိယတွင် ထိန်းသိမ်းခံထားရသော မြန်မာရေလုပ်သား ၁၀၀ ကျော် ပြန်ရောက်လာ

Thursday 11 July 2013

အိန်္ဒိယတွင် ထိန်းသိမ်းခံထားရသော မြန်မာရေလုပ်သား ၁၀၀ ကျော် ပြန်ရောက်လာ

Photo: အိန်္ဒိယတွင် ထိန်းသိမ်းခံထားရသော မြန်မာရေလုပ်သား ၁၀၀ ကျော် ပြန်ရောက်လာ
Thursday, 11 July 2013

အိန်္ဒိယနိုင်ငံ ရေပိုင်နက်သို့ ကျူးကျော် လုပ်ကိုင်မှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရသည့် မြန်မာရေလုပ်သား ၁၀၀ ကျော်သည် ဇူလိုင် ၁၀ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး MAI လေကြောင်းလိုင်းနှင့် ကမ္ဘောဇကုမ္ပဏီအုပ်စုတို့၏ ကူညီမှုဖြင့် ပြန်ရောက်လာခြင်း ဖြစ်သည်။

ယင်းရေလုပ်သားများမှာ အိန်္ဒိယနိုင်ငံ၊ ပို့ဘလဲယား အကျဉ်းထောင် တွင် ပြစ်ဒဏ်ကျခံခဲ့ပြီး Open camp (ဖမ်းဆီးချုပ်နှောင်ထားခြင်းမရှိသော လွတ်လပ်သောစခန်း)တွင် ထိန်းသိမ်းထားရှိသည့် မြန်မာနိုင်ငံသား ၁၂၃ ဦးဖြစ်ပြီး ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှ ဖြစ်သည်။

ယင်းသို့ ပြန်ရောက်လာခြင်းနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်က “ကောင်စစ်ဝန်ရုံးအချင်းချင်း ညှိတဲ့အခါ ဒီလူတွေ က မြန်မာနိုင်ငံသား ဟုတ်မဟုတ် လ၀က,က ကိုယ်တိုင် သွားစစ်ပါ တယ်။ မြန်မာနိုင်ငံသား ဟုတ်မဟုတ် မြန်မာဘက်ကနေ ဒီဘက်ကို အတည်ပြုချက် ပြန်ယူတယ်”ဟု ပြောသည်။

ပြန်လည်ခေါ်ယူရာတွင် လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် နိုင်ငံနှစ်ခု ညှိနှိုင်းပြီး ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

လေယာဉ်စင်းလုံးငှား ပြန်လည်ခေါ်ယူခဲ့သည့် MAI မှ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက “MAI လေကြောင်းလိုင်းက မလေးရှား ဒုက္ခသည်တွေကို နှစ်ကြိမ် အခမဲ့ ခေါ်ယူခဲ့ပြီး အိန်္ဒိယက ရေလုပ်ငန်း ဒုက္ခသည်တွေကို အခု ပထမအကြိမ် ခေါ်ယူပေးတာဖြစ်တယ်”ဟု ဆိုသည်။

ပြန်လည်ရောက်ရှိလာသည့် ရေလုပ်သားများတွင် ဧရာဝတီတိုင်းမှ အများဆုံးဖြစ်ပြီး ၁၀၃ ဦးပါဝင်သည်။ အများအားဖြင့် ယင်းရေပိုင်နက် တွင် မျှော့သွားငုပ်ကြသူများဖြစ်ပြီး ဈေးကောင်းရသောကြောင့် စွန့်စား သွားခဲ့ခြင်းဖြစ်သည်ဟုလည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောသည်။

ပြန်လာသူတစ်ဦးဖြစ်သည့် ဧရာဝတီတိုင်း၊ ပျဉ်စလူမြို့နယ်ခွဲ ကုန်းကြီးကျေးရွာမှ ဦးနှင်းလှိုင်က “ငါးဖမ်း ရင်း စက်ပျက်ပြီး မျော သွားတာ။ ထောင်ထဲမှာ လေးနှစ်ကြာတယ်။ မိသားစုနဲ့ အဆက်အသွယ် ရတာ တစ်နှစ်ကျော်ပြီ။ထောင်ဆိုတော့ အခက်အခဲကြုံရ တာပေါ့။ ထောင် ကအထွက် လေးလလောက်ကြာမှ အခုလို ပြန်လာရတာ”ဟုပြောသည်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ စွမ်းအင်ရွာမှ ကိုညီလေးက “အဲဒီမှာ မြန် မာနိုင်ငံသား ၁၀၀၀ နီးပါး ကျန်သေးတယ်။အခုလို မြန်မြန်ပြန်ရောက်အောင် လုပ်ပေးတဲ့ လူကြီးတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ထောင်ထဲမှာ ကျန်းမာရေးက ဘာသာစကား နားမလည်တဲ့အတွက် အဆင်မပြေဘူး။ ပို့ဘလဲယား ထောင်ကျတာ နှစ်နှစ်ခွဲလောက် ကျတယ်၊ နေရတာ သုံးနှစ်လောက် နေရတယ်”ဟု ပြောသည်။

ပြန်လာသူများကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အိမ်ပြန်ရန် စားစရိတ်၊ လမ်းစရိတ်များ ထောက်ပံ့ပေးသည်ဟုလည်း သိရသည်။ ယင်းကဲ့သို့ အစိုးရအစီအစဉ်ဖြင့် ပြန်ခေါ်ခြင်းကို ၁၉၉၈ ခုနှစ် ကပင် စတင်ခဲ့ခြင်းဖြစ်သည်။ 

အိန္ဒိယနိုင်ငံပိုင်၊ အန်ဒမန်ကျွန်းပေါ်ရှိ ပို့ဘလဲယားတွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည့် မြန်မာ ရေလုပ်ငန်းသား ၁၂၃ ဦးတို့ ရန်ကုန်လေဆိပ်သို့ ဇူလိုင်လ ၁၀ ရက် နေ့လည်ပိုင်းက ပြန်လည် ရောက်ရှိလာစဉ်။ 
ကမ္ဘောဇနှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်း၍ MAI လေကြောင်း လေယာဉ်စင်းလုံးဖြင့် အခမဲ့ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

(ဓာတ်ပုံ - ဟိန်းထက်)
မဇ္ဈိမ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...