ဧဒင်အချစ်ပုံပြင်: ဆရာတော်များ ပရိတ်ရွတ်ရသည် အထိ ဆိုးဝါးစွာလူသေဆုံးမှုများခဲ့သော လမ်းတစ်လမ်းပေါ်က ကြေကွဲဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်

Saturday 14 December 2013

ဆရာတော်များ ပရိတ်ရွတ်ရသည် အထိ ဆိုးဝါးစွာလူသေဆုံးမှုများခဲ့သော လမ်းတစ်လမ်းပေါ်က ကြေကွဲဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်


အချိန်ကတော့ နှစ်ထောင် ပြည့်လွန်ပိုင်းပေါ့..။ မနက်မနက်ဆို မြူခိုးလေးတွေ ဝေ့သီနေတတ်တဲ့ တောင်ပေါ်မြို့ကလေးမှာ အေးချမ်းမှုအပြင် တိတ်ဆိတ်ခြင်းတစ်မျိုးက မင်းမူလို့နေတယ်..။ တိတ်ဆိတ်နေသူတွေထဲမှာ စိုင်းစိုင်းတို့ အုပ်စုလဲ အပါအဝင်ပေါ့...။ သူတို့အချစ်ဆုံး သူငယ်ချင်းရဲ့အိမ်မှာ ခါတိုင်းလို ရယ်မောပျော်ရွှင်မနေနိုင်တော့ဘူးလေ...။

တစ်ယောက်မျက်နှာ တစ်ယောက်ငေးရင်း မျက်ရည်တွေ ဝေ့သီနေကြတယ်..။ အိမ်တံခါးမကြီး ပွင့်လာတော့ အားလုံးပဲ အိမ်ဝင်းထဲကို လှမ်းကြည့်မိတယ်..။ သူတို့ကိုမြင်တော့ ရှိုက်သံသဲ့သဲ့နဲ့အတူ အခန်းထဲကို ချာကနည်း လှည့်ပြေးဝင်သွားတဲ့ သူတို့ချစ်သူငယ်ချင်း မောင်ကျော်ရဲ့ အစ်မ မနှင်း...။ သူတို့နဲ့အတူပါလာတဲ့ အိဖြိုး ထိန်းနိုင်တော့ဟန်မတူ..။ “ဟီး............... ” ငုတ်တုတ်ထိုင်ချပြီး အော်ငိုလိုက်တဲ့ အိဖြိုးကြောင့် စိုင်းစိုင်းတို့တစ်တွေ အလုပ်ရှုပ်သွားတယ်..။ “အိဖြိုး.. နင်ကလဲ အစ်မတို့ အန်တီတို့ ပိုစိတ်မကောင်းအောင်လုပ်နေပြန်ပါပြီဟာ... ” အဆုံးသတ်အသံ လိုက်ဖိုတုန်သွားတဲ့ စိုင်းစိုင်းကို ကျန်တဲ့ သူငယ်ချင်းတွေကလဲ အားပေးတဲ့အနေနဲ့ ပုခုံးကိုလာညစ်ကြတယ်..။ စိုင်းစိုင်းကိုယ်တိုင်လဲ ပါးပြင်ပေါ်ကို မျက်ရည်စတွေ တွဲခိုစပြုနေပြီကော..။ တစ်ယောက်လက်ကို တစ်ယောက် ခပ်တင်းတင်း ဆုပ်ကိုင်ရင်း သူတို့တစ်တွေ အိမ်ဝင်းထဲကို လှမ်းဝင်လိုက်တယ်..။ အိမ်ထဲကနေ လာလာ သားတို့လာကြ ဆိုတဲ့အသံနဲ့အတူ ထွက်လာတာကတော့ သူတို့ ချစ်သူငယ်ချင်း ရဲဇော်ရဲ့ အမေကိုယ်တိုင်ပါ..။ တစ်ရက်အတွင်းကို ချောင်ကျသွားတဲ့ မျက်နှာရယ်လေ...။

အားတင်းပြုံးပြလိုက်ရင်း တိတ်ဆိတ်စွာပဲ စိုင်းစိုင်းတို့ အိမ်အတွင်းကို လှမ်းဝင်လိုက်တယ်..။ ဧည့်ခန်းထဲမှာတော့ တစ်ညလုံး အိပ်ထားဟန်မတူတဲ့ ရဲဇော်ရဲ့ အဖေဖြစ်သူကို တွေ့လိုက်ရတယ်.. ။ နာရီနှစ်ဆယ်တောင် မပြည့်တဲ့ အချိန်တိုလေးအတွင်းမှာ အားလုံး ရုတ်တရက်ပြောင်းလဲသွားလိုက်တာ..။

“သားတို့ ရောက်ရင်လဲ သွားကြတာပေါ့..။ ဦးလေးတော့ ခေါင်းအုံနေလို့ ကားမမောင်းနိုင်ဘူး.. ။ ကိုတင့်ကို ခေါ်ထားတယ်..။ ကိုတင့်ကားကို စက်သွားနှိုးထားပြီးပြီ...။ အမေကြီးရေ.. ကလေးတွေကို ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ချပေးလိုက်ပါဦး..”

“ဟာ.. နေပါစေဦး.. ကျွန်တော်တို့ ဘာမှ မစားချင်ဘူးဦး.. ဆေးရုံကို တန်းသွားကြတာပေါ့.. ”

“အေးအေး.. အဲဒါဆိုလဲ သွားကြတာပေါ့ကွာ..”

စကားကိုဖြတ်ရင်း ဦးကျော်ထရပ်တော့ စိုင်းစိုင်းတို့လဲ အလိုက်တသိနှင့်ပင် ဝင်းထဲသို့ ပြန်ဆင်းခဲ့လိုက်တယ်.။ ခြံထောင့်ဘက်ကို မျက်စိဆွေကြည့်မိတော့ ရဲဇော်စီးနေကျ ဆိုင်ကယ် နှစ်စီးထဲမှ တစ်စီးကို အဖော်မဲ့စွာ တွေ့လိုက်ရတော့ စိတ်မကောင်း..။ အိဖြိုးကတော့ ဆိုင်ကယ်ကို မျက်ရည်အဝိုင်းသားနဲ့ ငေးနေရင်း နောက်ထပ် ပုလဲမျက်ရည်ဥတို့ လှိမ့်ဆင်းနေပြန်ပြီ..။ စိုင်းစိုင်း အိဖြိုးကိုအသာတွဲရင်း ခြံပြင်ကိုထွက်ခဲ့လိုက်တယ်..။ ခြံပြင်ရောက်တော့ နောက်ထပ်ရင်းနှီးတာရော သိပ်မရင်းနှီးတာရော စုံနေသည့် လူငယ်တစ်စုကို တွေ့လိုက်ရတယ်.. ။ စိုင်းစိုင်းနှင့်သာ မခင်တာပါ.. ရဲဇော်ကတော့ လူချစ်လူခင် များတယ်လေ..။ တစ်ယောက်နဲ့ တစ်ယောက် စကားမဆိုဖြစ်ပဲ မျက်နှာရိပ်ကဲလောက်ပဲ ပြဖြစ်ကြတော့တယ်..။

ဒီလိုနဲ့ ရဲဇော်အိမ်ကနေ ဆေးရုံကို သွားတဲ့ လမ်းတစ်လျှောက်လဲ ဆိုင်ကယ် စက်သံကလွဲလို့ ဘာမှ မကြားရတော့ဘူး..။ ဆေးရုံကိုရောက်တော့ ရင်ခွဲရုံဘက်ကို အသာလေးပဲ စိုင်းစိုင်းတို့ ဆက်မောင်းသွားလိုက်တယ်..။ ဆေးရုံ ရင်ခွဲရုံနားက အလောင်းစံရာနေရာမှာတော့ မျက်ရည်တွေ ဝေ့သီနေတဲ့ ရဲကျော်ကို တွေ့လိုက်ရတယ်..။ ရဲကျော်ဆိုတာ ရဲဇော်ရဲ့ အစ်ကိုလေ..။ စကားသိပ်မပြောပဲ အံကို တင်းတင်းကြိတ်ထားတာကို တွေ့လိုက်ရတော့ ဘယ်သူမှ စိတ်မကောင်းနိုင်..။ ရဲဇော်ကို စံထားတဲ့ အခေါင်းဘေးမှာတော့ သူ့အချစ်ဆုံး ဆိုင်ကယ်စီးဖော် ငပြည့်ကို တွေ့လိုက်ရတယ်..။ မျက်လုံးတွေ မို့လို့..။ တစ်ကယ်တော့ စိုင်းစိုင်းတို့ ရဲဇော်တို့ဆိုတာ အထက်တန်းကျောင်းသားလေးတွေပဲ ရှိသေးတာကိုး..။

သူတို့ကို မြင်တော့ ရဲကျော် အသာလေး ထလာတယ်..။ စိုင်းစိုင်းကို လက်ကုတ်ခေါ်သွားပြီး စိတ်မကောင်းစရာ သတင်းဆိုးကြီးကို အသေးစိပ်ရှင်းပြရှာတယ်..။

“ဒီကောင်ဖြစ်တာ ဒီလိုကွာ..။ ငါ့ညီ မနေ့က ဒီကောင် ဆိုင်ကယ်မမောင်းဘူး..။ မောင်းတာက တစ်ကောင်..။ ထုံးစံအတိုင်းပေါ့ကွာ.. စာတိုက်ရှေ့နားလောက်ကနေ ဆိုင်ကယ် စပြိုင်ကြတာ..။ မိုးစင်တင်တေးဂီတရှေ့နားလဲရောက်ရော ကလေးတစ်ယောက် လမ်းပေါ် ပြေးတက်လာတယ်လေ..။ တိုက်မိမှာကြောက်လို့ ရှောင်လိုက်တာ.. အရှိန်က တအားပြင်းတော့ ခြေနင်းခုံနဲ့ ကျွန်းမြောနဲ့လဲ ပွတ်မိရော စလစ်ဖြစ်တာပဲကွာ..။ မြင်တဲ့သူတွေပြောပြတာက ငဇော် ဆိုင်ကယ်နောက်မှာ တန်းလန်းပါသွားပြီး ကျွန်းမြောအလယ်က ပန်းခြံဘောင်နဲ့ ရင်ဘတ်နဲ့ တည့်ကို ဝင်ရိုက်မိတယ်တဲ့..။ တစ်ဘက်လမ်းကို ဒီကောင်ကျသွားတော့ ဇက်ကျိုးနေပြီ..။ ဇက်လိမ်နေပြီတဲ့ကွာ..။ ”

ပြောရင်း မျက်ရည်တွေ စီးကျလာပြန်တာမို့ ရဲကျော် စကားကို ခဏ နားလိုက်တယ်..။ စိုင်းစိုင်းတော့ မျက်ဝန်းမှာ မျက်ရည်တွေ တွဲခိုနေပြန်ပြီလေ..။

“ဒါပေမယ့် သတိမလွတ်သေးဘူးတဲ့..။ မြင်တဲ့သူတိုင်းက အရမ်းသနားပြီး ဒီကောင့်ကို နေရာမှာတင် သေသွားစေချင်တဲ့အထိပဲကွာ..။ ခေါင်းက တစ်ဘက်ချိုင့်နေပြီ..။ ဇက်က လုံးဝကို ခေါက်ပြီး လိမ်နေပြီ..။ ဒါပေမယ့် အသက်ရှူနေသေးတယ်..။ စကားပြောဖို့ ကြိုးစားနေသေးတယ်ကွာ..။ ဒီကောင် အဖိုးကို လွမ်းနေတယ်ထင်တယ်..။ အဲဒီ အက်ဆီးဒင့် ဖြစ်တဲ့ အချိန်လောက်တုန်းက မိုးကုတ်က အဖိုးက ဖုန်းဆက်လာတယ်..။ ငဇော့်ကို ဘာလို့ မိုးကုတ်မှာ လာခိုင်းရတာလဲတဲ့..။ ဒီကောင် မိုးကုတ်အိမ်မှာ ဝင်ပြီး နှုတ်ဆက်သွားတယ်တဲ့..။ မျက်နှာလဲ မကောင်းဘူးတဲ့..။ ငါ့မှာလေ အဖိုးကို ဒီကောင်ဆုံးသွားပြီမှန်း ချက်ချင်းမပြောရက်တော့ဘူးကွာ..။ နောက်ပြီး အဒေါ်တွေကလဲ ဖုန်းဆက်တယ်..။ ငဇော်ဘာဖြစ်တာလဲတဲ့..။ ငိုသံကြီးနဲ့ ညကြီး ဖုန်းဆက်လာလို့တဲ့..။ ဟရောင် အစိုင်း.. ငဇော်က ဆုံးတာဖြင့် လေးငါးနာရီရှိနေပြီကွာ..။ ငါတို့မိသားစု ဘာပြောရမှန်းမသိဘူး..။ အဖိုးသိရင် ငေါက်ကနဲ ဖြစ်သွားနိုင်တယ်..”စိုင်းစိုင်းတစ်ယောက် နားထောင်ရင်း မချိတော့..။ သြော် အစွဲကြီးလှချည်လား ငဇော်ရယ်...။ အခုတော့လဲ အခေါင်းထဲမှာ အပြစ်ကင်းတဲ့ မျက်နှာလေးနဲ့ ငဇော်တစ်ယောက် အေးချမ်းစွာ လဲလျောင်းနေပြီလေ..။ ဖြစ်လေရာ ဘဝတိုင်းမှာ ဒီလို အဖြစ်ဆိုးတွေနဲ့ ဝေးပါစေ သူငယ်ချင်း...

(တောင်ကြီးမြို့ တွင် သက္ကရာဇ် နှစ်ထောင်စွန်းစွန်းက ဖြစ်ပွားခဲ့သော ထူးဆန်းသည့် မင်းလမ်းအက်ဆီးဒင့် ကာလတွင် ကြွေလွင့်သွားကြသော လူများကို အမှတ်တရ ရေးဖွဲ့သည်..။ ဇာတ်လမ်းပါ ဇာတ်ကောင်နာမည်များမှာ နာမည်ရင်းမဟုတ်ပါ.. ။ တူညီမှုများရှိသွားပါက ခွင့်လွှတ်ပါရန် တောင်းပန်အပ်ပါသည်..။ ဇာတ်လမ်းကတော့ ဖြစ်ရပ်မှန်ကို ဆီလျော်အောင် ပြန်ဖွဲ့ဆိုထားခြင်းဖြစ်ပါသည်..။ မင်းလမ်း အက်ဆီးဒင့်ကာလဟု တင်စားရခြင်းမှာ နောက်ဆုံး မင်းလမ်းတစ်လျှောက် ကားတစ်စီးနှင့် ဆရာတော်တွေပင့်ပြီး ပရိတ်ရွတ်ရသည်အထိ ဆိုးဝါးစွာ အသက်ဆုံးပါးမှုများ ဆက်တိုက်ဖြစ်ပွားခြင်းကြောင့်ဖြစ်သည်..။ တိုက်ဆိုင်သည်ဟုပဲပြောပြော ထိုကာလသည် မကြွသင့်ပဲ ကြွေကျသွားခဲ့သော မျက်ရည်မိုးများ ဖြစ်တည်ရာ ကာလဟုသာ ဆိုလိုက်ပါရစေ..။ ကြွေလွင့်သွားသူများ ကောင်းရာသုဂတိ လားနိုင်ကြပါစေ)

By Ko Sai Sean
from- New myanmar mews 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...