ဧဒင်အချစ်ပုံပြင်: အကျင့်ပျက်ခြစား အကောက်ခွန်အရာရှိများ ဌာနပြောင်း

Monday 5 March 2012

အကျင့်ပျက်ခြစား အကောက်ခွန်အရာရှိများ ဌာနပြောင်း


ရန်ကုန် ဆိပ်ကမ်းများမှ တရားမ၀င် ကားတင်သွင်းမှုများ၏ လာဘ်ပေးလာဘ်ယူ ကိစ္စများစွာနှင့် ပတ်သက်သည်ဟု သတင်းထွက်နေသော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအကောက်အခွန် ညွှန်ကြားရေးမှူးများကို ယခင်ဌာနထက် ပိုမိုအရေးကြီးသော ဌာနခွဲများသို့ မကြာသေးမီ တာဝန်ပြောင်းရွှေ့ ခန့်ထားလိုက်ကြောင်း သတင်းရရှိသည်။


ကွန်တိန်နာအတွင်း မော်တော်ယာဉ်တစီး တင်သွင်းလာပုံကို ၂၀၁၁ ခု ဇူလိုင်လ ၁၃ ရက်နေ့က ရန်ကုန်ဆိပ်ကမ်းတခုတွင် စစ်ဆေး တွေ့ရှိရပုံ။ ကားကို စားသောကုန်ပစ္စည်းများဖြင့် ဖုံးကွယ်ပြီး တင်ဆောင်လာခြင်း ဖြစ်သည်။
(ဓာတ်ပုံ - Eleven Media Group)
အကောက်ခွန်ဦးစီးဌာန လက်အောက်ရှိ အရေးကြီးသော ဌာနခွဲများဖြစ်သည့် ပို့ကုန်/သွင်းကုန် ဌာန၊ ထောက်ပို့ဌာနများ အပါအ၀င် တခြားသောဌာနများသို့ ပြောင်းရွှေ့တာဝန်ပေးလိုက်ခြင်း ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် အကောက်ခွန် အေဂျင်စီ အသိုင်းအ၀ိုင်း က ပြောသည်။
“ဦးသိန်းဆွေက ပို့ကုန်/သွင်းကုန်ဌာနခွဲရဲ့ ညွှန်ကြားရေးမှူး၊ ဦးထင်ပေါ်က ထောက်ပို့ဌာနခွဲရဲ့ ညွှန်ကြားရေးမှူး၊ အခြားညွှန်ကြားရေး မှူးတွေလည်း အဲဒီလို ဌာနခွဲတွေအလိုက် အပြောင်းအလဲလုပ်တယ်”ဟု ရန်ကုန်မြို့မှ အကောက်ခွန် ၀န်ဆောင်မှု အေဂျင်စီ ပိုင်ရှင် တဦးက ပြောပြသည်။

ရာထူးနေရာပြောင်းရွှေ့ခံရသော ညွှန်ကြားရေးမှူးတချို့မှာ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက အကျင့်ပျက်ခြစားမှုများနှင့် ပတ် သက်ပြီး စုံစမ်းစစ်ဆေးခံထားရသော သူများဖြစ်ပြီး ယခုအခါ အရေးယူမှု မခံရသည့်အပြင် အရေးကြီးသော ရာထူးနေရာများကိုပါ ရယူလာခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ရန်ကုန် ဆိပ်ကမ်းများမှ တရားမ၀င်တင်သွင်းသည့် လိုင်စင်မဲ့ကားများနှင့်ပတ်သက်ပြီး အစိုးရက တရားဝင်အရေးယူမှု မရှိသေးပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကလည်း ရန်ကုန် ဆူးလေ ဆိပ်ကမ်းတွင် တရားမ၀င်လိုင်စင်မဲ့ကား ၆ စီး ထပ်မံဖမ်းဆီးမိခဲ့ပြီး အစိုးရ၀န်ထမ်းအချင်းချင်း မကျေမနပ်ဖြစ်ရာမှ သတင်းပေါက်ကြားပြီး ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်ဟု အကောက်ခွန် အသိုင်းအ၀ိုင်း က ပြောသည်။

လက်ရှိတွင် စက်မှုဝန်ကြီးဌာနက စက်မှုဇုန် ကားထုတ်လုပ်ရေး ကုမ္ပဏီတချို့ကို Light Truck ကားစီးရေ မြောက်မြားစွာ ထုတ် လုပ်ခွင့် ချထားပေးလိုက်သည့်အတွက် Light Truck ကားများ နယ်စပ်နှင့် ဆိပ်ကမ်းများမှ ၀င်ရောက်လျက်ရှိသည်ဟုလည်း သိရှိရ သည်။ ထိုကားများမှ အင်ဂျင်များနှင့် ပြန်လည်ပြင်ဆင် ထုတ်လုပ်ကြခြင်းဖြစ်သည်။

“Light Truck တွေကတော့ ဇိမ်ခံဆလွန်းကားတွေလို သိပ်တော့ပြဿနာမကြီးဘူး၊ နားလည်မှုနဲ့ အချင်းချင်းချိတ်ဆက်ပြီးလုပ်ကြ တာပဲ၊ ပုံစံအမျိုးမျိုးရှိတယ်၊ စက်မှုဇုန်ကားကုမ္ပဏီတွေက လိုင်စင်မဲ့တရုတ် Light Truck တွေကို ပုံစံအမျိုးမျိုးနဲ့ကိုသွင်းနေကြ တယ်”ဟု အကောက်ခွန် အေးဂျင့်တဦးက ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ လဆန်းက ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန လက်အောက်ရှိ အကောက်ခွန်ဦးစီးဌာန ၀န်ထမ်းများသည် ခွင့်ပြုချက်မရဘဲ ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် ဆက်သွယ်သတင်းပေးဖြေကြားမှု ပြုလုပ်ပါက ထိရောက်စွာ အရေးယူခံရမည် ဟု ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းက ဌာနတွင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

လာဘ်ပေး လာဘ်ယူမှု ဆိုင်ရာ သတင်းများ၊ မသမာမှုများ ဖော်ထုတ်စုံစမ်း စစ်ဆေးသည့် သတင်းများနှင့် ဌာနတွင်း သတင်း အချက်အလက်များ ပေါက်ကြားပါက အစိုးရ လျှို့ဝှက် အက်ဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်ခြင်း ဖြစ်သည်။

သတင်းပေါက်ကြားမှုကြောင့် ဌာနတွင်း ဂယက်ရိုက်ခတ်မှုများစွာဖြစ်ပေါ်ခဲ့ပြီး လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ရဲထွဋ် တိမ်းရှောင်ရသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း အကောက်ခွန် ၀န်ထမ်းများက ပြောဆိုသည်။

၂၀၀၆ ခုနှစ်ကလည်း လာဘ်ပေးလာဘ်ယူမှုဖြင့် အကောက်ခွန် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး အပါအ၀င် အကောက်ခွန် ၀န်ထမ်း ၆၀၀ ကျော်ကို ဖမ်းဆီးထောင်ချမှု ဖြစ်ပွားခဲ့သည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် စတင်တာဝန်ယူလာသည်မှာ တနှစ်ပြည့်လာပြီဖြစ်သော်လည်း လာဘ်ပေး လာဘ် ယူ၊ အကျင့်ပျက် ခြစားမှုများနှင့် ပတ်သက်ပြီး စံပြ အရေးယူမှုမရှိသေးဘဲ ခြစားမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ပြည် တွင်း သတင်းမီဒီယာများတွင် ခြစားမှုများနှင့်ပတ်သက်ပြီး လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်မရသေးကြောင်း သတင်း မီဒီယာ အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

from ဧရာဝတီ by inzali

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...