ဧဒင်အချစ်ပုံပြင်: သင်္ကြန်က ပျော်ပွဲရွှင်ပွဲကြီး သက်သက် ဖြစ်လာတယ်လို့ ပြောတဲ့ လူမင်း

Tuesday 10 April 2012

သင်္ကြန်က ပျော်ပွဲရွှင်ပွဲကြီး သက်သက် ဖြစ်လာတယ်လို့ ပြောတဲ့ လူမင်း


သင်္ကြန်မှာ ငယ်တဲ့အတွက် ငယ်တဲ့ ပျော်ရွှင်မှုနဲ့ ပျော်ပါ။  ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် ဘုန်းကြီးဝတ်ဖို့၊ တရားစခန်းဝင်ဖို့ ဆိုရင် လာမပြောနဲ့ဆိုပြီး ပြောခဲ့တာလေ။ အဲဒီအရွယ် ကျော်လွန်လာခဲ့တော့ နောက်ပိုင်းမှာ သင်္ကြန်ဆိုတာ ထူးထူးခြားခြား မရှိတော့ဘူး။ ရန်ကုန်သင်္ကြန်ကတော့ ကောင်မလေးတွေ ပိုပြီး လွတ်လပ် ပွင့်လင်းလာတယ်။ ငယ်ငယ်တုန်းက ရေပက်တာ ပျော်တာကတော့ အရင်တုန်းက ဒီလိုပါပဲ။
ရန်ကုန်ဆိုတာက မြန်မာနိုင်ငံရဲ့ အတိုးတက်ဆုံး၊ ခေတ်အမီဆုံး မြို့တော်ကြီးတစ်ခုလေ။ အတွေးအခေါ် အယူအဆဆိုတာက ခေတ်ကာလနဲ့အညီ ပြောင်းလဲသင့်တာ ပြောင်းလဲရမှာပဲလေ။ သင်္ကြန်ဆိုတာက မြန်မာမင်းများ လက်ထက်မှာတော့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းခြင်းကို သင်္ကြန်လို့ ခေါ်ခဲ့ကြတာလေ။ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောသန့်စင်တယ်လို့ အယူအဆလေးတွေနဲ့ ကျင်းပလာခဲ့ကြတာကိုး။ အခုနောက်ပိုင်း ခေတ်ကာလ ရွေ့လျားလာခဲ့ကြတော့ မြန်မာသင်္ကြန် ပွဲတော်ကြီးဟာ ပျော်ပွဲရွှင်ပွဲကြီး တစ်ခုလို သက်သက်ဖြစ်လာခဲ့တယ်။ အဲဒါကလည်း လူတွေအတွက်တော့ လိုအပ်တယ်။ ကျောင်းသား၊ အစိုးရဝန်ထမ်း၊ စီးပွားရေးသမား စသည်တို့က တစ်နှစ်လုံးမှာ ပင်ပန်းနွမ်းနယ်ခဲ့သမျှ သင်္ကြန်ဆိုတဲ့ လေးငါးခြောက်ရက် အတွင်းမှာ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်လိုက်တာဟာ နှစ်သစ်မှာ စိတ်ကူးသစ်၊ အင်အားသစ်တွေ ရရှိလာမှာပဲလေ။ အဲဒီလို ပျော်တာ၊ ရွှင်တာကလည်း ကောင်းပါတယ်။ကျွန်တော်လည်း သဘောကျတယ်။

တစ်ခုပဲရှိတာက ကိုယ့်ရဲ့ ပျော်ရွှင်မှုက သူတစ်ပါးကို အနှောင့်အယှက် မဖြစ်စေဖို့ပဲ။ နောက်ပြီး ဘေးအန္တရာယ် ကင်းရှင်းဖို့ကတော့ ခေါင်းထဲမှာ မမေ့ဖို့ အရာတစ်ခုပါပဲ။ သင်္ကြန်မှာဆိုရင် လူငယ်တွေ သောက်စားမူးယစ် ရန်ဖြစ်တာတို့ကတော့ နှစ်တိုင်း ရှိနေဦးမှာပါပဲ။ ထိန်းထိန်းသိမ်းသိမ်းလေးနဲ့ သည်းခံသင့်တာ သည်းခံပြီး သဘောထားကြီးဖို့ လိုအပ်တယ်။ ပျောက်သွားဦးမှာတော့ မဟုတ်ပါဘူး။ အခုဆိုရင် သင်္ကြန်မှာ သံချပ်သံတွေ ပြန်ကြားရတော့မယ် ဆိုတော့ ကျွန်တော်တို့ ရင်ခုန်သံထက် တိုင်းပြည်အတွက် အင်မတန် ကောင်းမွန်တဲ့ ရင်ခုန်သံတစ်ခုပါ။ ကျွန်တော်တို့ရိုးရာ သင်္ကြန်နဲ့ အင်မတန်လိုက်ဖက်ပြီး ပျော်ရွှင်စရာတစ်ခုလည်း ဖြစ်တယ်လေ။ တကယ်ကို အကျိုးပြုနိုင်တဲ့ အနုပညာရပ်တစ်ခုပါ။ ဥပမာဆိုရင် ဌာနဆိုင်ရာ အကြီးအကဲတွေ မသိနိုင်တဲ့ အရာတွေကို သံချပ်တွေက တိုက်ရိုက်ပြောနိုင်တဲ့ စကားတွေပါပဲ။ ပြည်သူတွေအတွက် အကျိုးပြုနိုင်တဲ့ အရာတစ်ခုပါပဲ။

ဒါကြောင့် သင်္ကြန်မှာ လူငယ်တွေ ပျော်တာရွှင်တာတွေကို ကျွန်တော်အားပေးပါတယ်။ လက်ခုပ်တီးပါတယ်။ ဒါပေမဲ့ သူတစ်ပါးကို အနှောင့်အယှက် မဖြစ်ဖို့နဲ့ နိုင်ငံကြီးသားပီသဖို့ ပြောချင်ပါတယ်။ ကိုယ့်ပျော်ရွှင်မှုဟာ သူတစ်ပါးအတွက် အနှောင့်အယှက် ဖြစ်သွားရင် တစ်ဘဝစာ၊ တစ်သက်စာ နောင်တရစရာမျိုးတွေ ဖြစ်သွားနိုင်တယ်လေ။ ဘာမှမဟုတ်တဲ့ ဒေါသလေး တစ်ချက်ကြောင့် တစ်သက်တာ နောင်တရစရာတွေ ဖြစ်သွားနိုင်တယ်။ အဲဒါလေးတွေကို သတိထားဖို့ ပြောချင်ပါတယ်။
@8 Days Journal

2 comments:

  1. သံချပ်တွေက မလုပ်ရဘူးလို့လည်းကြားတယ်.....ဘယ်ဟာမှန်လဲမသိ....

    ReplyDelete
  2. လာဖတ်သွားပါတယ်..

    ReplyDelete

Related Posts Plugin for WordPress, Blogger...