၂ဝ၁၂ ခုနှစ်၊ မေလ (၁) ရက်နေ့မှ ယနေ့ ဇွန်လ (၁၉)
ရက်နေ့အထိ ကျွန်တော်ကျော်သူနှင့် ဇနီးဖြစ်သူရွှေဇီးကွက်တို့သည်
အမေရိကန်နိုင်ငံရောက် မြန်မာ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးသော၊
မြန်မာ့လူမှုရေး သမားများကို ဂုဏ်မြှင့်ပေးသော၊ မြန်မာကို ကမ္ဘာကသိရှိအောင်
ကြိုးစားမြှင့်တင်ပေးနေသော မြန်မာပြည်သူ လူထုတို့နှင့် ဖွဲ့စည်းထားသော
“ပြည်သူ့ဂုဏ်ရည်” အဖွဲ့၏ ဖိတ်ကြားချက်အရ ရောက်ရှိနေဆဲဖြစ်သည်။
၂ဝ၁၂ ခုနှစ်၊ မေလ (၁) ရက်နေ့မှ အမေရိကန်နိုင်ငံရှိ Los Angeles သို့
ရောက်ရှိခဲ့ကာ ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ကိုကျော်ဝဏ္ဏနှင့်
ဇနီးဖြစ်သူ မမိုးချိုသင်း (ကဗျာဆရာကြီး တင်မိုး၏သမီး)တို့၏ နေအိမ်မှ
အစပြုကာ San Francisco, Seattle, New York, Washington D.C, Albany, Utica,
Buffalo, Florida , Phoenix အစရှိသည့် မြို့များသို့ လေယာဉ်ဖြင့်တစ်မျိုး၊
ကားနှင့်တစ်ဖုံ အဆက်မပြတ် သွားလာခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အဖွဲ့
မြန်မာပြည်သူလူထုတို့နှင့် လက်ပွန်း တစ်သီးတွေ့ဆုံ၍ မြန်မာပြည်တွင်းရှိ
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ဆောင်ချက်များ ဖြစ်သော
နာရေးကူညီမှုလုပ်ငန်းများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း၏ အများပြည်သူတို့ကို
(အခမဲ့) ဆေးဝါး ကုသပေးမှုများ၊ သုခအလင်း ပညာဒါနလုပ်ဆောင်မှုများ၊ ရေဘေး၊
မီးဘေး၊ သဘာဝဘေးအန္တရာယ်တို့ကို ကူညီထောက်ပံ့ပေးမှုများ၊
စစ်ဘေးဒုက္ခသည်များအား ကူညီဖေးမပံ့ပိုးမှုများ၊ အလုပ်အကိုင်ရှာဖွေနိုင်ရန်
အတွက် ပညာဒါနပြုလုပ်ပေးမှုများ၊ အရေးပေါ်ကယ်ဆယ်မှုလုပ်ငန်းများ စသည်တို့ကို
ရှင်းလင်းဟောပြော ပေးခြင်း၊ ရင်းနှီးစွာ ပြည်ပရှိ မြန်မာပြည်သူတို့နှင့်
အမေးအဖြေကဏ္ဍများ လုပ်ဆောင်ပေးခြင်း၊ နာရေးကူညီ မှုအသင်း(ရန်ကုန်)၏
ပေးဆပ်မှုပုံရိပ်များကို Photo Slideshow ပြုလုပ်၍
ပြသရှင်းလင်းခြင်းများအပြင် ဇနီးဖြစ်သူ ရွှေဇီးကွက်၏
လူမှုရေးသမားများ၏စိတ်ဓါတ်၊ ခံယူချက်တို့ကို “ဗုဒ္ဓဓမ္မနှင့် ပရဟိတ” ခေါင်းစဉ်
ဖြင့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားမှုများတို့ကို
ပြုလုပ်ပေးခဲ့သည်။
ပြည်ပ အမေရိကန်နိုင်ငံရှိ မြန်မာပြည်သူလူထုတို့သည် ကျေနပ်အားရစွာဖြင့်
သဒ္ဓါတရားထက်သန် စွာ လှူဒါန်းမှုများကို တက်ကြွစွာ ဖြင့်မိမိတို့၏
ချွေးနည်းစာထဲမှ လှူဒါန်းခြင်းကို တွေ့မြင်ခံစားခဲ့ရ၍ သာဓု … သာဓု … သာဓု
ဟူ၍ ခေါ်ဆိုမိပါသည်။
အမှန်စင်စစ်မူ … ပြည်တွင်းတွင် ဆင်းရဲဒုက္ခရောက်ရှိနေကြသော
မြန်မာပြည်သူတို့အား ကူညီပံ့ပိုး မှုများ ပြုလုပ်ပေးရန် လှူဒါန်းကြသော
ပြည်ပရှိ မြန်မာပြည်သူလူထုတို့သည်လည်း ချမ်းသာကြွယ်ဝကြ သော မီလျှံနာ
သူဋ္ဌေးကြီးများ မဟုတ်ပါ။ သူတို့သည်လည်း မိကွဲ၊ ဖကွဲ၊ သားသမီးတစ်ကွဲနှင့်
ပြည်ပ နိုင်ငံသို့ ပင်ပန်းဆင်းရဲဒုက္ခခံကာ
စွန့်လွှတ်စွန့်စားမှုပေါင်းမျိုးစုံနှင့် အကြောင်းအမျိုးမျိုးနှင့်
ရောက်ရှိလာကြ သော လူသားများပင်ဖြစ်သည်။
ပြည်တွင်းတွင်ဘဲနေနေ၊ ပြည်ပတွင်ဘဲနေနေ .. အားလုံး အားလုံးတို့သည်
လူသားများပင်ဖြစ်တော့သည်။ ထို့ကြောင့် လူသားပီသစွာ လူသားချင်းစာနာစိတ်ဖြင့်
မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုကြကာ
မိမိထက် နိမ့်ကျနေကြသော သူများအား တတ်နိုင်သလောက်၊ တတ်စွမ်းသလောက်
လှူဒါန်းကူညီထောက်ပံ့ကြသော ကုသိုလ်ရှင်များ ပင်ဖြစ်သည်။
ဤတွင် မြန်မာပြည်သူလူထု တို့သည် ဗုဒ္ဓ၏ ဆုံးမသြဝါဒအတိုင်း ကုသိုလ်ရှင်၊
ပါရမီရှင်၊ ဒါနရှင်များ ဖြစ်ကြရန် ကြိုးကုပ် အားထုတ်မှုများသည်
အတိုင်းထက်လွန်နေသည်ကို ကျွန်တော်မြင်တွေ့မိတော့သည်။
အကြောင်းမှာ . . . ပြည်တွင်းရှိ မြန်မာပြည်သူလူထုများ၊
အမေရိကန်ပြည်ထောင်စုရှိ မြန်မာပြည်သူလူထုများ၊ အခြား ပြည်ပ နိုင်ငံများရှိ
မြန်မာပြည်သူများ၊ အများစုတို့သည် မည်သည့်လုပ်ငန်း ကိုဘဲလုပ်လုပ်
အပြိုင်အဆိုင် အနိုင်မခံ အရှုံးမပေး လုပ်ဆောင်ကြသည်ကို တွေ့မြင်ရသည်။
အများ ကောင်းကျိုး လူမှုရေးလုပ်ငန်းအတွက် လုပ်ဆောင်ကြရာတွင်
သူ့ထက်ငါပေးဆပ်မှုများကို လုပ်ဆောင်ခြင်း ကိုကား မဆိုချင်ပါ။
အများကောင်းကျိုးအတွက် လူမှုရေးလုပ်ငန်းများ အပြိုင်အဆိုင်ပေးဆပ်နိုင်လျှင်
အများအကျိုးခံစားရမည် မဟုတ်ပါလား။ သို့ရာတွင် ထိုသို့ပြိုင်ကြ၊
ဆိုင်ကြရာတွင် တစ်ဖွဲ့ နှင့်တစ်ဖွဲ့ ၊ တစ်သင်းနှင့်တစ်သင်း၊
တစ်ကျောင်းနှင့်တစ်ကျောင်း၊ တစ်အုပ်စုနှင့်တစ်အုပ်စု ပုဂ္ဂိုလ်ရေး
ပုတ်ခတ်မှုများ၊ ဂုဏ်သိက္ခာချမှုများနှင့် မပြိုင်စေလိုပေ။ မိမိတို့၏ဖြူစင်သော
ပေးဆပ်မှုလုပ်အား၊ မိမိတို့၏ဖြူစင်သော စေတနာတို့နှင့်သာ မှတ်တိုင်ထူကြဖို့
အရေးကြီးလှသည်။ မှတ်တိုင်ထူရာတွင် ကောင်းသောမှတ်တိုင်ဖြစ်ဖို့ အဓိကပင်
ဖြစ်သည်။
ကောင်းသောမှတ်တိုင်ဟု ဆိုရာတွင်လည်း ဘုရားကြိုက်သော
ဓမ္မမှတိုင်ဖြစ်ဖို့လိုသည်။ ကျွန်တော်တို့၏ အမေရိကန်လူမှုရေးခရီးစဉ်တွင်
လူမျိုးပေါင်းစုံတို့နှင့် တွေ့ဆုံခဲ့ရသည်။ အားလုံး တို့သည် စေတနာထက်သန်မှု၊
ဒါနထက်သန်မှု စသည့်မြန်မာပီသမှုများကို တွေ့မြင်ခဲ့ရသည်။
သို့သော် . . . ကျွန်တော် အထက်တွင် ဖော်ပြရေးသားခဲ့သော သူ့ထက်ငါ အလုအယက်
ပေးဆပ်လိုမှုများကို မြင်တွေ့ မိရသည့်အခါများကို
ကြုံတွေ့ရခဲ့သည်များလည်းရှိသည်။
သူ့အဖွဲ့၊ ငါ့အဖွဲ့၊ သူ့အုပ်စု၊ ငါ့အုပ်စု၊ သူ့ကျောင်း ငါ့ကျောင်းစသည့်
“ငါ” မပြုတ်မှုများကို မြင်တွေ့ရသော် များစွာစိုးရိမ်မိခဲ့ရသည်များလည်း
ရှိခဲ့ရသည်။
စစ်မှန်သောချမ်းသာမှု၊ ငြိမ်းချမ်းမှုကို လိုချင်ပါက “ငါ” ဟူသော “အတ္တ” ကို ဖြုတ်ရမည် မဟုတ်ပါလား။
အထူးသဖြင့် မိမိကိုယ်ကို လူမှုရေးသမားဟု အမည်ခံထားသော လူမှုရေးအသင်းအဖွဲ့
လုပ်ကိုင် နေကြသော လူမှုရေးသမားတစ်ယောက်အနေဖြင့် … နာမည်ကြီးအောင်
လုပ်ယူလို့မရ၊ စီးပွားဖြစ်အောင် လုပ်လို့မရ၊ ဂုဏ်သိက္ခာတတ်အောင် လုပ်ယူ၍မရ၊
လူမှုရေးကို ခုတုံးလုပ်ကာ ကိုယ်ကျိုးရှာ၍ မရကြောင်း သိရှိထားဖို့လိုသည်။
မိမိ၏ ဖြူစင်သော စေတနာ၊ မေတ္တာ၊ မုဒိတာ၊ ကိုယ်ကျင့်သိက္ခာ စသည်တို့နှင့်သာ သက်ဆိုင်သည်။
လူမှုရေးဟုဆိုရာ၌ တစ်နိုင်တစ်ပိုင် မိမိနိုင်သလောက်ဝန်၊ မိမိထမ်းနိုင်သော အင်အား တို့နှင့် စုစည်းပေးဆပ်ကြဖို့သာ လိုအပ်သည်။
လူတစ်ဦးချင်းမှ အစုအဖွဲ့လေးများ၊ အစုအဖွဲ့လေးများမှ အုပ်စုကြီးများ
ဝိုင်းဝန်းကူညီပေးဆပ်ကြပါမှ လူ့လောကကြီး သာယာစိုပြေ
ငြိမ်းချမ်းစေမည်ဖြစ်သည်။
ဝိုင်းဝန်းကူညီ တွန်းအားပေးကြသော်ငြား မိမိတို့ရဲ့ဦးတည်ချက်၊ ရည်ရွယ်ချက်များ တူညီမှုများ ကိုက်ညီမှု၊ ထပ်တူကြဖို့ လိုအပ်သည်။
ဝိုင်းဝန်းကူညီတွန်း အားပေးကြသော မိမိတို့ရဲ့ ဦးတည်ချက်၊
ရည်ရွယ်ချက်များသည်လည်း တူညီမှုများ ကိုက်ညီမှုများ မရှိပါက မိမိတို့ဧ။်
မှတ်တိုင်၊ ပန်းတိုင်သို့ ရောက်မည်မဟုတ်ပေ။
တစ်ခါတစ်ရံ … မည်သည့် ပညာရှိကြီးကဘဲဖြစ်ဖြစ်၊ မည်သည့်
တရားဟောဆရာကဘဲဖြစ်ဖြစ်၊ မည်သည့် ဂုဏ်သိက္ခာမြင့်မားသော
ပုဂ္ဂိုလ်ကြီးကဘဲဖြစ်ဖြစ် ဆိုဆုံးမ၍မရသော ကိစ္စရပ်များကို မထင်မှတ်သော
ကလေးငယ်လေး၏ လုပ်ဆောင်မှုလေးတစ်ခုဖြင့် အားလုံးသော “ငါ”
မဖြုတ်နိုင်ကြသေးသော၊ ကိုယ်ကျိုး ဖက်နေကြသော လူ့ဗာလများအတွက် “ငါ”
ပြုတ်သွားကြကာအများအကျိုးဆောင်ရွက်လိုစိတ် မွေးဖွားစေ ခဲ့သော
လူ့ပဏ္ဏိတဖြစ်သွားကြသော ဖြစ်ရပ်များလည်း ကြုံတွေ့စေခဲ့ရသည်။
ဤဖြစ်ရပ်သည်ကား အမေရိကန်နိုင်ငံ Albany မြို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့နှင့်
ပြည်ပရှိ မြန်မာ ပြည်သူလူထုတို့အား ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့
တွေ့ဆုံခဲ့သည့် ပွဲတွင်ဖြစ်တော့သည်။
၂ဝ၁၂ ခုနှစ် မတိုင်မှီကတည်းက ပြည်ပနိုင်ငံတစ်ချို့တွင်
မြန်မာပြည်သူလူထုတို့၏ စေတနာ အရင်းခံ၍ ဖြစ်တည်လိုမှုများကြောင့်
မြန်မာအသင်းအဖွဲ့များ၊ မြန်မာပြည်သူတို့၏ လွန်ကဲသော
ယှဉ်ပြိုင်လိုမှုများဖြင့် ဖက်ပေါင်းစုံမှ စွဲခွာ၊ လှုပ်ယမ်း၊
လွန်ဆွဲမှုတွန်းအားများကြောင့် ပြိုလဲရတော့မည့် ဘာသာရေးအခြေခံသော
လူမှုရေးတည်းဟူသော ကျောက်တိုင်ကြီး ပြိုလဲရတော့မလို ဖြစ်နေချိန်တွင်
၂၆.၆.၂ဝ၁၂ ရက်နေ့ အမေရိကန်နိုင်ငံရှိ Albany မြို့ တွင်
ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ မြန်မာပြည်သူတို့နှင့်ရင်းနှီးစွာ
တွေ့ဆုံစည်းလုံးစေမည့် အခမ်းအနားကို ကျင်းပခဲ့သည်။
ထိုအချိန်ပြည်ပတွင် “ငါ” ဟူသော အတ္တကို လက်ကိုင်ပြု၍ ဟိုလူလာရင် ငါမလာဘူး။
ဟိုအဖွဲ့လာရင် ဒီအဖွဲ့မလာဘူး စသည့် စကားသံများနှင့်
ရင်ဆိုင်ကြုံတွေ့နေရချိန်လည်းဖြစ်သည်။
ပွဲစလျှင်စချင်း ပြည်သူ့ဂုဏ်ရည်အဖွဲ့မှတာဝန်ခံမှ အဖွဲ့ ၏ ရည်ရွယ် ချက်၊
လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီးနောက်၊ ရွှေဇီးကွက်၏ ဗုဒ္ဓဓမ္မနှင့်
ပရဟိတ ခေါင်းစဉ်ဖြင့် ပရဟိတလုပ်ငန်းများ၊ ကျွန်တော်၏
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ ရှင်းလင်းချက်များ စသည်တို့ကို
နာရီအားဖြင့် (၃း၃ဝ) ခန့် ပြောကြားပြသခဲ့ပြီးအချိန်တွင် Albany မြို့ရှိ
မြန်မာပြည်သူ၊ မိဘ ပြည်သူအပေါင်းမှ သဒ္ဓါတရားထက်သန်စွာ
လှူဒါန်းမှုများပြုလုပ်နေစဉ် အသက်အားဖြင့် (၁၃)နှစ်ခန့်ရှိသော ကလေး
သူငယ်တစ်ယောက်သည် ကျွန်တော်တို့ထံ ရောက်ရှိလာကာ “သားလည်းလှူချင်တယ်”
ဟုဆိုကာ ကလေးငယ်က သူ၏လည်ပင်းတွင် ချိတ်ဆွဲထားသော ရွှေဆွဲကြိုးအားဖြုတ်ပြီး
လှူဒါန်းမှုကို ပြုလုပ်ခဲ့ရာ ပွဲခင်းတစ်ခုလုံးမှ လူကြီးများနှင့်
ကျွန်တော်တို့ဇနီးမောင်နှံပါ အံ့သြဝမ်းသာ ကြက်သီးမွှေးများ ထလောက် အောင်
ပီတိများ လွှမ်းခြုံကာ သာဓု အကြိမ်ကြိမ် ခေါ်ဆိုလိုက်မိတော့သည်။
ထိုဖြစ်ရပ်သည် အချို့ သောလူကြီးများတွင်အရိုးစွဲနေသော“ငါ” ဟူသော “အတ္တ” လက်ကိုင်တုတ်ကို ရိုက်ချိုးခဲ့ခြင်းဖြစ်တော့သည်။
ထိုကလေးငယ်သည် အကြောင်းအမျိုးမျိုးနှင့် ဒုက္ခပင်လယ်ကြီးထဲမှ
ပြည်ပနိုင်ငံသို့ ရောက်ရှိလာခဲ့သော မြန်မာပြည်ဖွား ကရင်လူမျိုးတစ်ဦးပင်
ဖြစ်တော့သည်။
ငယ်စဉ်ကတည်းက မိဘဘွားဘွားတို့၏ ချွေးနည်း စာဖြင့်
ရှာဖွေစုဆောင်းဝယ်ယူထားသော ရွှေဆွဲကြိုးလေးအား မိမိတို့၏ ရင်သွေးငယ်ကို
မြတ်မြတ်နိုးနိုး မှတ်မှတ်ရရ တန်ဖိုးထားကာ ဆွဲချိတ်ပေးထားခြင်းပင်ဖြစ်သည်။
ထိုသို့လှူဒါန်းမှုပြုရန် ကလေးငယ်သည် ဝမ်းနည်းခြင်းမရှိ၊ နုမြောတသခြင်းမရှိ၊
ကြည်နူးပြုံးရွှင်စွာဖြင့် ကြေကြေနပ်နပ်ကြီး လှူဒါန်းခြင်းပင်ဖြစ်သည်။
သူ၏အနီးတွင် ရှိသော ကလေးငယ်၏ မိခင်ဖြစ်သူ မျက်နှာသည်လည်း ကြည်နူးမှုပီတိများ လွှမ်းခြုံနေသည်ကို သတိထား မိတော့သည်။
ထိုဖြစ်ရပ်ကား ကြည်လင်အေးမြသော “သာဓု” သံတို့ လွှမ်းခြုံသွားသည့် ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ တွေ့ဆုံပွဲ တစ်ခုပင်ဖြစ်တော့သည်။
ထို့ကြောင့် “ဘယ်ဖက်လက်က လှူတာကို ညာဖက်လက် မသိစေနဲ့” ဟူသော စကားအတိုင်း
ကျွန်တော်တို့ မြန်မာပြည်သူတို့၏ အရိုးစွဲနေသော ကဗ္ဗည်းထိုးလိုသည့်
အယူစွဲများ၊ အများအကျိုး ထမ်းရွက်ကြရာတွင် “ငါ” မဖြုတ်နိုင်သည့်
လူ့အတ္တများ၊ လူ့ဗာလများ၊ ငါ့ကျောင်း၊ ငါ့အဖွဲ့များကို “ငါ” အမြန်
ဆုံးဖြုတ်နိုင်ကြပြီး နောက်လူသားချင်းစာနာစိတ် မွေးဖွားကြကာ
သာယာချမ်းမြေ့သော ငြိမ်းချမ်းသော ဓမ္မမှတ်တိုင်များ ထူနိုင် ကြပါစေဟု
တိုက်တွန်းလိုက်ရပါတော့သည်။
ဤအကြောင်းအရာအား ၁၉.၆.၂ဝ၁၂ ရက်နေ့တွင် ကျွန်တော်တို့၏ ပြည်ပ အမေရိကန်
လူမှုရေး ခရီးစဉ်ရပ်နားခဲ့ပြီးနောက် မြန်မာပြည်သို့ပြန်ရန် Los Angeles
မြို့ ကိုကျော်ဝဏ္ဏ၊ မမိုးချိုသင်းတို့ နေအိမ် တွင် နားနေချိန်၌ ကျွန်တော်၏
နှလုံးသားထဲတွင် ပေါ်ပေါက်လာမှုတို့အား ရင်ဖွင့်ရေးသားခဲ့ခြင်း ဖြစ်ပေသည်။
မည်သူတစ်ဦးတစ်ယောက်၊ မည်သည့်အသင်းအဖွဲ့၊ မည်သည့်ကျောင်းကိုမျှ
မရည်ရွယ်ပါကြောင်း နှင့် လူဟူသော လူသားတို့တွင် ဖြစ်ပေါ်တတ်သော ဓမ္မနှင့်အဓမ္မ
လွန်ဆွဲမှုများအား ရုန်းကန်လွတ်မြောက် စေလိုသော၊ ဖြူစင်သောစိတ်ဆန္ဒဖြင့်
အဖြူထည်သက်သက် အတွေးဖြင့် ရေးသားခြင်းသာ ဖြစ်ပါကြောင်းနှင့် တေးရေး/ဆို
ကိုရဲလွင်၏ “အတ္တဖြုတ်ကြ” သီချင်းခေါင်းစဉ်အား ခွင့်မတောင်းဘဲ
သုံးခဲ့ခြင်းကို ဝန်ခံရပါ တော့သည်။
from ဒီမိုဝေယံ by ဒီမိုဝေယံ
ဦးကျော်သူရဲ့သတင်းလေးအတွက်ကျေးဇူးပါ
ReplyDeleteလာဖတ်သွားပါတယ်..
ReplyDelete