ဧဒင်အချစ်ပုံပြင်: အိမ်ရှင်၏ နှိပ်စက်မှုဒဏ် မခံနိုင်သဖြင့် အိမ်အကူမိန်းကလေး ဒဏ်ရာများဖြင့် ထွက်ပြေး

Wednesday 18 July 2012

အိမ်ရှင်၏ နှိပ်စက်မှုဒဏ် မခံနိုင်သဖြင့် အိမ်အကူမိန်းကလေး ဒဏ်ရာများဖြင့် ထွက်ပြေး

အသက် ၁၄ နှစ် အရွယ်၌ အိမ်အကူ မိန်းကလေး တစ်ဦးကို အလုပ်ရှင် (အိမ်ရှင်)က ညှန်းပန်းနှိပ် စက်မှုတစ်ရပ် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
အဆိုပါ မိန်းကလေးမှာ မ ... အသက် ၁၄ နှစ် စစ်တန်းရပ် မိုးကုတ်မြို့မှဖြစ်ပြီး မန္တလေး မဟာ အောင်မြေမြို့နယ်ရှိ အိမ်တစ်အိမ်တွင် လွန်ခဲ့သည့်ခြောက်လခန့်မှစတင်၍ အိမ်အကူအဖြစ် တစ်လ စရိတ်ငြိမ်း ကျပ် ၂၀ဝ၀ဝ ဖြင့်လုပ်ကိုင်နေသူဖြစ်သည်။ အိမ်ရှင်မှာခြောက်လတာကာလအတွင်း အိမ်အကူ မိန်းကလေးအား ရိုက်နှက်ခြင်း၊ လက်ကို သံဘရက်ဖြင့်ခြစ်ခြင်း၊ ပေါင်ကို
လျှပ်စစ်မီးပူဖြင့်ကပ်ခြင်း၊ ခေါင်းကို ဒေါက်ဖိနပ်ဖြင့် ရိုက်ခြင်း၊ လက်ကို အုတ်နံရံဖြင့်ရိုက်ခြင်းအစရှိသဖြင့် သားသမီးချင်း ကိုယ်ချင်း မစာ ရက်စက်စွာ ညှန်းပန်းနှိပ်စက်ခဲ့ကြောင်း သိရသည်။
“အခုဖြစ်တဲ့ကလေးက ကျွန်မတို့ဆိုင်ကို ထမင်းလာလာဝယ်တယ်။ လာတဲ့အခါတိုင်း နှိပ်စက်ခံ ရတဲ့ဒဏ်ရာတွေကို ပြလေ့ရှိပါတယ်။ အဲလိုနဲ့ ဇူလိုင် ၅ ရက်နေ့ ရောက်တော့ ညနေပိုင်းလောက် ထင်တယ်။ ဒီဘက်ထွက်ပြေးလာရင်း မူးလဲသွားရှာတယ်။ အဲဒီအခါ ပတ်ဝန်းကျင်ကလူတွေကရပ်ကွက် ရုံးနဲ့ ရဲစခန်းကို အကြောင်းကြားပြီး ပြည်သူ့ဆေးရုံကြီးကို ပို့ပေးလိုက်ကြတယ်။ ဒဏ်ရာတွေကို ဓာတ် မှန်ရိုက်ကြည့်တော့ အရိုးအက်သွားလို့တဲ့။ ညတွင်းချင်းဆေးကုသမှုခံယူရတယ်။ ဇူလိုင်လ ၆ ရက်မှ ပြန်ဆင်းလာတယ်။ အဲဒါပြီး သူ့ဆန္ဒအတိုင်း အမှတ် ၇ ရဲစခန်းသွားပြီး အမှုဖွင့်တာဖြစ်ပါတယ်”ဟု ထိုမိန်းကလေးအား စောင့်ရှောက်ကူညီပေးခဲ့သူ အန်တီသိန်းကပြောသည်။
အလုပ်ရှင်၏ နှိပ်စက်မှုကို ခါးသီးစွာခံရရှာသော မ .... က “အိမ်ကို စရောက်ရောက်ချင်း အိမ် သာသွားချင်လို့မေးတဲ့အခါ သူတို့လမ်းပြပေးတဲ့နေရာကို မသိလို့ရေချိုးခန်း ထဲမှာပဲ အပေါ့စွန့်မိပါတယ်။ အဲဒီလို လုပ်ရမလားဆိုပြီး ပါးရိုက်ပါတယ်။ ဘာအမှားလုပ်လုပ် ရိုက်တာပါပဲ။ အဲဒီအတွက် အလုပ် မလုပ်ချင်တော့ဘူး ပြောတဲ့အခါကျလည်း နင့်အမေက တစ်နှစ်စာ ငွေကြိုယူထားတာ။ မလုပ်လို့မရဘူးလို့ ပြောတယ်။ မီးအိုး တိုက်ခိုင်းတာ မပြန့်လို့ဆိုပြီး ပေါင်ကို မီးအိုးနဲ့ကပ်တယ်။ အဝတ်လျှော်တာ မပြောင်လို့ ဆိုပြီးလည်း လက်ကို သံဘရက်နဲ့ ခြစ်တယ်။ ခွေးခြေခုံအပုလေးနဲ့လည်း ကောက်ရိုက်တယ်။ အဲဒါတွေ မခံနိုင်လို့ ပထမထွက်ပြေးဖူးတယ်။ အဲဒါမိသွားပြီး နင့်ကိုရဲစခန်းတော့ မပို့ဘူး။ တစ်ခါတည်း ချောင်းထဲ ပစ်ချမယ်လို့ ခြိမ်းခြောက်ပြီး အိမ်ကို ပြန်ခေါ်သွားတယ်။ အခု သုံးလလောက်ကြာမှ လွတ်အောင်ထွက် ပြေးနိုင်ခဲ့တာပါ။ အခုရဲစခန်းမှာ ရောက်နေတယ်။ ပိုက်ဆံလည်း မရှိပါဘူး။ အမှုပြီးအောင်လုပ်သွားမယ်။ ပြီးမှမိုးကုတ်ကိုပြန်မယ်”ဟု ပြောသည်။
အဆိုပါ မိန်းကလေး၏ ဖြစ်ရပ်ကို ကြားသိသိချင်းမိခင်ဖြစ်သူ ဒေါ် ... သည် မိုးကုတ်မြို့မှရောက် ရှိလာရာ “ကျွန်မက သူတို့ဆီကနေ ပိုက်ဆံကြိုယူထားတာမရှိပါဘူး။ သူတို့ကလာလည်းမယူခိုင်းပါဘူး။ သုံးလတစ်ကြိမ် မိုးကုတ်ကိုလာပေးတာပါ။ အခုလို ဖြစ်သွားလို့သမီးအပေါ် တကယ်စိတ်မကောင်း ဘူး။ တရားတွေဘာတွေ စွဲတာမျိုးတော့ မလုပ်ချင်ပါဘူး”ဟု စာနယ်ဇင်းများအား ပြောကြားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အမှတ် ၇ ရဲစခန်းသို့ သွားရောက် မေးမြန်းရာ ရဲစခန်းကအမှုဖွင့်ထား သည်မှာ သေချာကြောင်း ပြောကြားသည်။
မန်းမောင်မောင်
Venus News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...