(ဓာတ်ပုံ - 7Day)
ရန်ကုန်မြို့က ဘတ်စ်ကားစီးအမျိုးသမီးတွေကိုကာအကွယ်ပေးဖို့ ထွင်ခဲ့တဲ့ Whistle Campaign အလုပ်မဖြစ်ဘူးလို့ ဒီနေ့ထုတ် ကြေးမုံသတင်းစာ ဆောင်းပါးတပုဒ်မှာ ရေးထားပါတယ်။
ခရီးသည်များ၊ ယာဉ်ဝန်ထမ်းများက အမျိုးသမီးတွေ ကားပေါ်မှာ စော်ကားခံရတာကို ၀င်ရောက်ကူညီဖေးမခြင်း မရှိတဲ့အတွက် Whistle Campaign ဆိုတာ ဖျက်သိမ်းလိုက်တာပဲ ကောင်းတယ်လို့ ဆိုပါတယ်။ အမျိုးသမီးစီးဘတ်စ်ကားအရေအတွက်တိုးပွားအောင်လုပ်ပေးသင့်တယ်လို့ သူ့အမြင်ကို ရေးထားပါတယ်။
ဘတ်စ်ကားပေါ်မှာ ကာယိနြေ္ဒ ထိပါးနှောက်ယှက်ခံရတဲ့ အမျိုးသမီးက သူ့အခြေအနေကိုအများသိဖို့ ၀ီစီမှုတ် အချက်ပေးရေးလှုပ်ရှားမှုက ဒီနှစ်ဆန်းပိုင်းမှာ ပေါ်ပေါက်ခဲ့တာပါ။
ရန်ကုန်မြို့ ဘတ်စ်ကားပေါ်မှာ အခြေအနေတွေက ဘယ်လောက် ဆိုးဝါးနေပါသလဲ။
ဖေဖော်ဝါရီလထုတ် 7Day ဂျာနယ်တစောင် မှာတော့ ဒီလို ရေးထားပါတယ်။
"လိုင်းကားပေါ်တွင် မဖွယ်မရာ ပြုလုပ်ခံရသူ အမျိုးသမီးများတွင် ဆယ်ကျော်သက် အရွယ်များ သာမက ၈ နှစ် ၉ နှစ်အရွယ် က လေးငယ်များ၊ သီလရှင်များပင် ပြုလုပ်ခံရမှုများ ရှိကြောင်း အမျိုးသမီးများဆိုင်ရာ အင်န်ဂျီအိုများ မှသိရသည်"
နယ်ကိုသွားတဲ့ ကားတွေပေါ်မှာလည်း ဒါမျိုးတွေ ဖြစ်နေတယ် တဲ့။
အန္တရာယ်ကြုံတဲ့အခါ ခရာမှုတ်ပြီး အသိပေး အကူအညီတောင်းတာဟာ " မြန်မာနိုင်ငံ၏အခြေအနေ၊ ယဉ်ကျေးမှုနှင့် ကိုက်ညီနိုင်သည့် အယဉ်ကျေးဆုံး၊အနူးညံ့ဆုံး အပြုအမူတစ်ခု" လို့ ဒီစီမံကိန်း အကောင်အထည်ဖော်သူများက ယူဆပါတယ်။
7Day ဂျာနယ်ပါ ပြဿနာအဟောင်းအတွက် အဖြေသစ် ဆိုတဲ့ သတင်းဆောင်းပါးမှာတော့ ဒီစီမံကိန်းမှာ ပါဝင် လုပ်အားပေးသူတွေက "ခရာများ ( Whistles) နှင့်လက်ကမ်းစာ ရွက် ၇၀ဝ၀ ကျော်ကို ရန်ကုန်မြို့ရှိ ဘတ်စ်ကား မှတ်တိုင်နေရာ ရှစ်ခုတွင်ဖြန့်ဝေပေးခဲ့ပြီးဖြစ်သည်" လို့ ရေးထားပါတယ်။
ဒီလို ခရာမှုတ်ပြီး အသိပေးရေး အစီအစဉ်က အမျိုးသမီးများကို အကာအကွယ်ပေးဖို့ ရည်ရွယ်ပေမယ့် အသိပေးခံရသူများဆီက ကူညီမှုမရတာကြောင့် ဒါဟာ အလုပ်မဖြစ်တဲ့ လှုပ်ရှားမှုလို့ ဒီကနေ့ ကြေးမုံသတင်းစာ ဆောင်းပါးတပုဒ်မှာ ရေးထားပါတယ်။
ဖတ်ကြည့်ပါအုံး။
Whistle Campaign နှင့် အမျိုးသမီးသီးသန့်
ခင်မောင်ဌေး (ပညာရေး)
ယခုခေတ်သည် Campaign များ ခေတ်စားသောခေတ်ဖြစ်သည်။ ကမ္ဘာသာမက မြန်မာနိုင်ငံတွင်လည်း မကြာခဏ တွေ့နိုင်သည့် Movement တစ်ခုဟုဆိုလျှင်ရနိုင်သည်။
မြန်မာနိုင်ငံတွင် Whistle Campaign (ခရာမှုတ်အချက်ပေးခြင်း)ကို ရန်ကုန်မြို့တွင် လှုပ်ရှားမှုတစ်ခုအသွင် လုပ်ဆောင်ဖူးသည်။ ရှားရှားပါးပါးလုပ်ဆောင်ခြင်းဖြစ်၍ လူတိုင်းသိပါသည်။
ယင်း Campaign မှာ ရည်ရွယ်ချက်ကောင်းပါသည်။ မွန်မြတ်သောလုပ်ငန်းလည်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများ၏ ကာယိနြေ္ဒကို တစ်နည်းတစ်လမ်းအားဖြင့် အကဲ စမ်းချင်သော ပုရိသများ၏ဘေးရန်မှ အထိုက်အလျောက် ဟန့်တားနိုင်ရန်ဖြစ်ပါသည်။
လှုပ်ရှားမှုအစတွင် ခရာများပင်လိုက်လံ ဝေငှထားမည်ဟုဆိုသည်။ လူဘုံအလယ်တွင် ဤသို့ခရာကြီးထ၍ မှုတ်ဝံ့သူရှိပါ့မလားဟု ဆိုသူများကလည်းဆိုခဲ့သည်။ တစ်နေ့ကတော့ ခရာထက် လူကိုယ်တိုင်နှုတ်မှအော်၍ အကူအညီတောင်းသည်ကိုပင် ကူညီရိုင်းပင်းမည့်သူမရှိ၊ မျက်ရည်စက်လက်ဖြင့် အရှက်ကိုရင်ဆိုင်ရသူအကြောင်း မရေးသင့်သော်လည်း နောင်အရှည်အတွက် ရေးရပေလိမ့်မည်။
အဖြစ်ကဤသို့။ ညနေ ၅ နာရီ မိနစ် ၄ဝ ခန့်။ စာရေးသူ၏သမီးဖြစ်သူနှင့်သူငယ်ချင်းမိန်းကလေးတစ်ဦး။ သူတို့အလုပ်လုပ်နေသည့်မြို့ထဲကုမ္ပဏီတစ်ခုမှ လှည်းတန်းသို့အပြန် (၄၈)အထူး အမြန်ဘတ်စ်ကားပေါ်သို့အတက်။ သူငယ်ချင်းဖြစ်သူက ပထမ တက်သည်။ သမီးဖြစ်သူက သူငယ်ချင်းနှင့်ရှေ့ဆင့်နောက်ဆင့် အတူတက်ရန်ပြင်သော်လည်း အားကောင်းမောင်းသန် လူကြီးပိုင်းတစ်ဦးက ကြားဖြတ်ကာအတင်းတိုး၍တက်သည်။ ပြီးတော့ ရှေ့ကမိန်းကလေးကို မဖွယ်မရာပြု၏။ မိန်းကလေးကအော်သည်။ ထိုသူကမမှု၊ ရှေ့တိုးကာ နေရာပင်ရအောင်ထိုင်လိုက်သေးသည်။
အနှီမိန်းကလေးမှာ ငယ်ရွယ်သူပီပီခေတ်ဆန်ဆန် ဝတ်စားနေတတ်သူဖြစ်သည်။ သို့သော် မဟုတ်မခံ။ ဆတ်ဆတ်ထိမခံသူဖြစ်ဟန်ရှိသည်။ ထိုထိုင်နေသောသူအား လက်ညှိုးငေါက်ငေါက်ထိုး၍ 'အဲဒီလူကိုရဲစခန်းတိုင်ပေးပါ၊ ရဲစခန်းမောင်းပေးပါ' စသဖြင့် အော်ပြော၏။
တစ်ကားလုံးမည်သူမျှ တုတ်တုတ်မလှုပ်ကြ။ အကျိုးအကြောင်းလေးပင်ပြောဖော်မရ။ ယာဉ်နောက်လိုက်များကလည်း အင်း အဲ မလုပ်ကြ၊ မိန်းကလေးကလည်း သာမန် မသိမသာ ထိမိတိုက်မိသည့်သဘောဆိုလျှင် ပြောမည် မဟုတ်။ လုံးဝသိသိသာသာကြီး အစော်ကားခံလိုက်ရ၍ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာ၏။ ရဲစခန်းသို့မောင်းရန် တွင်တွင်တောင်းဆိုရာ ယင်းသို့ မဖွယ်မရာပြုသူက ကားပေါ်မှ ဆင်းပြေးတော့၏။
မိန်းကလေးက အလျှော့မပေးသေး၊ ကားအောက်ဆင်း၍ ထိုလူနောက်လိုက်၏။ မော်တော်ပီကယ်ရဲကိုတွေ့၍ အကူအညီတောင်း၏။
''ဒီလူပဲ၊ ဒီလူပဲ ကျွန်မကို မဖွယ်မရာလုပ်တာ'' လက်ညှိုးထိုး၍ပြ၏။ အမှန်ဆိုလျှင် ထိုသူအား အနည်းငယ် တား၍ အကျိုးအကြောင်းမေးသင့်၏။ သို့သော် မိန်းကလေးကိုသာ မေးနေ၏။ ''အဲဒီလူက ဘယ်လိုလုပ်တာလဲ''ဟု အရှက်ရသည့် မိန်းကလေးက အရှက်ကွဲခံပြီး မခံမရပ်နိုင်ဖြစ်လွန်း၍ တိုင်နေခြင်းဖြစ်သည်။ ''ကျားကိုက်ပါသည်ဆိုမှ အပေါက်ကလေးနဲ့လား'' ဆိုသည့်အဖြစ်နှင့် ကြုံနေရပြန်၏။
နောက်ဆုံးတော့ ယာဉ်မောင်းက သမီးတို့နှစ်ဦးကို ရှေ့ခန်းထဲမှာလာထိုင်ဖို့ ပြောသည့်အကြောင်း၊ လူအများဝိုင်းကြည့်နေ၍ ခေါင်းမဖော်ရဲလောက်အောင်ပင် အရှက်ရခဲ့ကြောင်း၊ ယာဉ်မောင်းက မော်တော်ပီကယ်ကို ''ခင်ဗျားရှင်းရမယ့်အလုပ်ကို ကျုပ်ရှင်းပေးလိုက်တာသိလား''ဟု ပြောနေသေးကြောင်း၊ မိန်းကလေးမှာ တစ်လမ်းလုံး ငိုကြွေးလျက်။
စင်စစ် ဤအဖြစ်အပျက်ကိုကြည့်ပါ။ လူဘုံအလယ်တွင် အရှက်ကွဲခံပြီး အကူအညီတောင်းခဲ့သည်။ မဖွယ်မရာလုပ်သူအား မည်သူမျှ ပြစ်တင်ရှုတ်ချခြင်းမရှိ။ တစ်စွန်းတစ်စမျှပင် အကူအညီမရ။ ကားပေါ်တွင် ခရီးသည်ပေါင်း လေးငါးဆယ် ပါသည်။ ဤသို့ မိန်းကလေးတစ်ဦး အရှက်မဲ့ သိက္ခာမဲ့ပြုလုပ်ခံရမှုကို ပွဲကောင်းတစ်ပွဲ ကြည့်နေရသည့်အလား။ မိမိတို့၏ သမီးကလေး၊ နှမကလေးများနှင့် အစားထိုးကြည့်နိုင်ကြလျှင် ကောင်းလေစွ။
ထို့ကြောင့် ပြောချင်သည်မှာ Whistle Campaign က နာမည်ကလေးလှပါသည်။ ရည်ရွယ်ရင်းကောင်းပါသည်။ လှုပ်ရှားမှုတစ်ခုအဖြစ် ပေါ်လွင်ပါသည်။ သို့သော် ထိရောက်မှု မရှိပါ။ အကူအညီမရနိုင်ပါ။ ခရာမှုတ်၍လည်း မထူးခြားနိုင်ပါ။ လူကိုယ်တိုင်အရှက်ကွဲခံပြီး အကူအညီတောင်းသည်ကိုပင် လျစ်လျူရှုခံရလျက် မျက်ရည်စက်လက်ဖြင့် အိမ်ပြန်ခရီးနှင်ခဲ့ရသည်။ စီစဉ်ပေးထားသည့် အမျိုးသမီးသီးသန့်ဆိုသည်မှာလည်း ဘဲအုပ်က တစ်ရာ နှစ်ရာ မဗေဒါက တစ်ပင်တည်းဆိုသကဲ့သို့ မပြောပလောက်။ အမျိုးကောင်းသမီးများ ဤသို့မည်မျှ အစော်ကားခံနေရဦးမည်မသိ။ Whistle Campaign ဆိုသည် ကိုလည်း တရားဝင်ဖျက်သိမ်းပေးလိုက်သည်က ကောင်းပါလိမ့်မည်။ ယင်းအစား အမျိုးသမီးသီးသန့်များများ စီစဉ်ပေးပါဟုသာ တောင်းဆိုလိုက်ချင်ပါတော့သည်။ ။
from The Irrawaddy's Blog by Sithu Linn
No comments:
Post a Comment