Friday, 3 August 2012
“ဖမာ့” လို့ ပြောဖို့ ကြောက်ခဲ့တယ်
ထိုင်း နိုင်ငံက စားသောက်ဆိုင် တစ်ဆိုင်မှာ သူငယ်ချင်း တွေနဲ့ ထိုင်ရင်း မြန်မာပြည် ကလို့ထင်ရတဲ့ စားပွဲထိုးလေး တစ်ယောက်ကို“မြန်မာလိုတတ်လား”လို့ မြန်မာစကားစစ်စစ်နဲ့ မေးလိုက်တဲ့အချိန် “ဟင့်အင်း” လို့ ပြန်ဖြေပြီး ရှက်ရှက်နဲ့ထွက်ပြေးသွားတာမျိုး ကြုံရတော့ အစပိုင်းမှာ ငိုအားထက်ရယ်အားသန်မိတယ်။ နောက်တော့ စိတ်မကောင်းဖြစ်မိတယ်။ ထိုင်းမှာ ရောက်နေတဲ့ မြန်မာအလုပ် သမားတွေက မြန်မာလိုပြောရမှာ ကြောက် နေကြလို့ပါ။ ဒါက ကျွန်မ ထိုင်းကိုရောက် ခါစ အချိန် ၂၀ဝ၈ အစောပိုင်း ကာလ လောက်က ဖြစ်ပါတယ်။
ထိုင်း အများစု အထူးသဖြင့် ကား ဒရိုင်ဘာတွေက Central (စန်ထရယ်လ်) ဆိုတာကို ပြောလို့မှနားမလည်၊ ထိုင်းသံနဲ့ “စင်ထန်း” လို့ အသံထွက်မှ နားလည်ကြပါ တယ်။Lotus (လိုတက်စ်) လို့ အသံထွက် ရင် သူတို့ မသိပါဘူး။ နှာသံလေးနှောပြီး ]လိုသ}လို့ အသံထွက်မှ သိပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တက္ကစီ ငှား စီးလို့ ထိုင်းလိုမပီ့တပီနဲ့ လိုရာခရီးကို ပြော ပြ၊ တက္ကစီဒရိုင်ဘာတွေက နားမလည်နဲ့ နောက်ဆုံး ထိုင်းလို သူတို့နားလည်အောင် ကြံဖန်ပြော၊ အင်တာနေရှင်နယ် လန်းဂွေ့ရှ် နဲ့၊ လက်ဟန်ခြေဟန်တွေနဲ့ ပြောပြမှ ခေါ် တင်တာမျိုး ကြုံရပါတယ်။
အဲဒီမှာ ဒရိုင် ဘာက ဘာလူမျိုးလဲဆိုပြီး စပ်စုပါတော့ တယ်။ မသိသာ ဆိုးရွားတဲ့ ကျွန်မက ထိုင်းနိုင်ငံကို ရောက်ခါစလည်း ဖြစ်တော့ ဗမာလို့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဖြေတဲ့အခါ “ဪသာ်”ဆိုတဲ့ အာမေဍိတ်သံကလွဲလို့ သူ့ ဆီက ဘာစကားမှ ထပ်မကြားရတော့ပါ ဘူး။ ဒါကလည်း ၂၀ဝ၈ ခုနှစ် နှစ်လယ် လောက်ကပါ။ တဖြည်းဖြည်းနဲ့ ထိုင်းမှာ အသားကျ လာတော့ ကိုယ်သွားချင်တဲ့ နေရာတချို့ကို ထိုင်းသံနဲ့ ပီလုနီးနီး ထွက်တတ်လာပါ တယ်။ ထိုင်းမှာရောက်နေတဲ့ မြန်မာအလုပ် သမားတွေ ဘာကြောင့်မြန်မာလိုပြောရမှာ ကြောက်တယ်ဆိုတာလည်း နားလည်လာ ပါတယ်။
မြန်မာပြည်မှာ စစ်အစိုးရခေတ် စီးပွား ရေး မပြေလည်လို့ ထိုင်းနိုင်ငံထဲကို နယ်စပ် ကနေတစ်ဆင့် အောက်လမ်းနဲ့ ဝင်လာပြီး အလုပ်လုပ်ရတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကျီးလန့်စာစား ဆိုတဲ့စကားက မပိုတဲ့အပြင် လိုတောင်လိုနေပါသေးတယ်။ နေရာတကာမှာ“ဖမာ့”လို့ခေါ်ပြီး အနှိမ် ခံရတဲ့ မြန်မာတိုင်းရင်းသား ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အဓိကရည်မှန်းချက် က ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်ခွင့် လက်မှတ်တစ်ခုတလေရပြီး အသက်ဝ၀ ရှူနိုင်ခွင့်လေးရဖို့၊ ထိုင်းစကား အနည်းအကျဉ်း ပြောတတ်ဖို့လို့ ကျွန်မကဆိုရင် ကိုယ့်နိုင်ငံထဲမှာ ထမင်းရည်သောက် ဗိုက် မှောက်ပြီးပဲနေတော့မယ်လို့ အများကပြော ကြမှာပါ။ တကယ်တော့ အများစုက ထိုင်းနိုင်ငံ လို အိမ်နီးချင်းနိုင်ငံကို လာအလုပ်လုပ်ကြ ရတာပါ။
အလုပ်သမားချင်း အတူတူ ထိုင်းနိုင်ငံသားက ၁၀ဝ ရရင် မြန်မာနိုင်ငံ သားက ၅၀ ပဲ ရတယ်ဆိုပေမယ့် ကိုယ့် မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ ဖြစ်နေတာ ထက်၊ ကိုယ့်နိုင်ငံမှာ နွားနဲ့ ဖက်ရုန်းလို့ ပင်ပင်ပန်းပန်း ရှာရတာထက် ပိုရနေသေး တယ် ဆိုတဲ့စိတ်နဲ့ မြန်မာအလုပ်သမား တွေ တစ်ဖက်နိုင်ငံကို တရားမဝင် ဝင် ရောက်ပြီး အလုပ်လုပ်နေကြတယ် ဆိုတာ ကို ထိုင်းနိုင်ငံမှာအနေကြာလာတာနဲ့အမျှ ကျွန်မ နားလည်လာရပါတယ်။ တရားဝင် နေထိုင်နေတဲ့ ကျွန်မတို့ ကိုယ်တိုင် “ဖမာ့” ဆိုပြီး နှိမ်တာ၊ နှိမ့်ချတဲ့ မျက်စိနဲ့ အကြည့်ခံရတာမျိုး ကြုံရတဲ့ အတွက် ပိုပြီးနားလည်လာပါတယ်။ တစ်ရက် ကျွန်မသွားနေကျ ရေကူး ကန် တစ်ကန်မှာ ကျွန်မထက် အသက် နည်းနည်းကြီးပုံရတဲ့ ထိုင်းမတစ်ယောက်နဲ့ ဆုံတော့ သူက ကျွန်မကို လာမိတ်ဆက်ပါ တယ်။ ကျွန်မက ထိုင်းလို မတတ်ဘူးလို့ ပြောတော့ သူက အင်္ဂလိပ်လို “နင် ဘာလူ မျိုးလဲ” လို့ မေးပါတယ်။
ထုံးစံအတိုင်း ကျွန်မက “မြန်မာပြည်က”လို့ ပြန်ဖြေတော့ သူက “မဖြစ်နိုင်ဘူး၊ မြန်မာတွေက အင်္ဂလိပ် လို ပြောတတ်လို့လား” ဆိုပြီး ပြန်ပြောပါ တယ်။ ကျွန်မစိတ်ထဲမှာ ဒေါသ ထောင်းကနဲ ထွက်သွားပေမယ့် “ငါ မြန်မာပဲ၊ ဒါပေမယ့် ငါ အင်္ဂလိပ်လိုပြောတတ်တယ်လေ” လို့ ပြန်ပြောတော့ ]ငါ တွေ့ဖူးတဲ့ မြန်မာတွေက အင်္ဂလိပ်လို မတတ်ဘူး၊ နင်တို့ မြန်မာပြည် က ကျောင်းတွေမှာ အင်္ဂလိပ်လို သင်လို့ လား၊ နင်ကတော့ ဘယ်မှာကြီးတာလဲ၊ မြန်မာပြည်မှာကြီးတာမဟုတ်ဘူး မဟုတ် လား”လို့ သူကပြန်မေးခွန်းထုတ်ပါတယ်။
ကျွန်မရဲ့ ဒေါသစိတ်ကို ချိုးနှိမ်ပြီး “ငါက မြန်မာပြည်မှာ ကြီးတာ၊ မြန်မာ ပြည်မှာ ကျောင်းပြီးတာ၊ ငါတို့ မြန်မာတွေ က ကလေးသေးသေးလေးက စပြီး အင်္ဂလိပ်လို ပီပီသသပြောတတ်တယ်” လို့ပြန်ပြောမိပါတယ်။ သူက ကျွန်မ မြန်မာ ပြည်မှာကြီးတယ်ဆိုတာကို သိပ်တော့ယုံပုံ မရပါဘူး။ ကျွန်မလည်း ကျွန်မတို့ မြန်မာ တွေကို ဒီလောက်တောင်နှိမ်ရမလားဆိုပြီး သူ့ကို စကားမပြောတော့ဘဲ ကိုယ့်ဘာသာ ရေကိုပဲ အာရုံစိုက် ကူးနေမိတော့တယ်။ ဒါ လည်း ၂၀ဝ၉ နှစ်လယ်လောက်ကပါ။ ချင်းမိုင်က သာမန်ဈေးသည်တွေ၊ တက္ကစီဒရိုင်ဘာတွေထဲမှာ ၁၊ ၂၊ ၃၊ ၄ ကို အင်္ဂလိပ်လို မရတဲ့သူတွေ အများကြီး၊ ထမင်းစားရေသောက်လောက်ကို အင်္ဂလိပ် လို မပြောတတ်တာ အများကြီးပါ။
ဒါပေ မယ့် ချင်းမိုင်မြို့က ထိုင်းနိုင်ငံရဲ့ နိုင်ငံ တကာ ခရီးသွားဧည့်သည်တွေ အများဆုံး ဝင်ရောက်တဲ့ မြို့တွေထဲက တစ်မြို့ဖြစ်ပါ တယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ တက္ကစီ မောင်းတဲ့သူ မပြောနဲ့ ဆိုက်ကားသမား တောင် အင်္ဂလိပ်လိုကိုယ့်ပိုက်ဆံတော့ကိုယ် တောင်းတတ်ပါတယ်။ ပုဂံလို ခရီးသွား ဧည့်သည်များတဲ့ မြို့တွေမှာဆိုရင် ၉ နှစ်၊ ၁၀ နှစ်အရွယ်ကလေးတွေတောင် အင်္ဂလိပ် လို ရွှတ်ရှက် ဒွတ်ဒတ် ပြောတတ်ကြတာ အားလုံးအသိပါ။ ဒါပေမယ့် ဒီလို မြန်မာ လူမျိုးတွေကို ထိုင်းက ဘာလို့ နှိမ်ချင်ရ သလဲ ဆိုတဲ့မေးခွန်းကို ကိုယ့်သူငယ်ချင်း တွေနဲ့ တွေ့ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် ပဲဖြစ်ဖြစ် မကြာခဏ မေးကြည့်မိပါ တယ်။
ဒါကလည်း သိသိကြီးနဲ့ မေးတဲ့ မေးခွန်းပါ။ ဘာကြောင့်လဲ ဆိုတာကတော့ ရှင်းပါ တယ်။ ၂၀၁၁ အရှေ့ပိုင်းကာလတွေမှာ ထိုင်း နိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ် သမားတွေရဲ့ဘဝက ကျွန်မ အခုပြောတဲ့ ပုံစံထက် မဆိုးရင်သာရှိရမယ် ဒီထက် သာဖို့တော့ မရှိပါဘူး။ ဒီအဆင့်က ထိုင်းနိုင်ငံထဲကို တရား မဝင် လာပြီး အလုပ်လုပ်နေကြပေမယ့် ထိုင်းစကား တတ်တာတစ်ကြောင်း၊ တချို့ လည်း အလုပ်ရှင်က ကောင်းတဲ့အတွက် ထိုင်းအခေါ် “ဘတ်” လို့ ခေါ်တဲ့ အလုပ် သမားလက်မှတ်လေးရပြီး တရားဝင် နေ နိုင်၊ အလုပ်လုပ်နိုင်တဲ့သူမျိုးကို ပြောတာ ပါ။
ထိုင်းနိုင်ငံထဲကို တရားမဝင် အောက်လမ်းကနေ ဝင်လာ၊ ထိုင်းစကားကလည်း မတတ်၊ ဘာဘတ်မှလည်း မရှိ၊ ကြုံရ ကျပန်း အလုပ်ကို ရသလောက်ပိုက်ဆံနဲ့ ကြံဖန် လုပ်နေရတဲ့သူမျိုးတွေအတွက်က တော့ ခိုင်းနှိုင်းစရာစကားလုံးတောင် မရှိပါ ဘူး။ ဒီလို လူမျိုးတွေကို အေးအေးဆေး ဆေး ကိုယ့်နိုင်ငံထဲမှာ နေထိုင်စားသောက် နိုင်တဲ့ လူတန်းစားတွေက “သူများနိုင်ငံကို အထင်ကြီးပြီးသွားကြတာကိုး ခံပေါ့”ဆိုတဲ့ စကားမျိုး ပြောတာလည်း ကြားဖူးပါ တယ်။
ဘယ်သူမှ ကိုယ့်အိမ်ကနေ တခြားလူ မျိုးခြားရဲ့ ပိုင်နက်ထဲကို မျက်နှာအငယ်ခံ ပြီး သွားချင်ကြတဲ့သူမရှိဘူးဆိုတာ ကျွန်မ ရဲရဲကြီး ပြောရဲပါတယ်။ ဧည့်သည်အနေ နဲ့သာသွားချင်ကြတော့မှာပေါ့။ အစေအပါး အနေနဲ့ကတော့ မဖြစ်လိုသာသွားရတယ်၊ ထမင်းကြမ်းလေး ယပ်ခပ်စားစရာရှိရင် ဘယ်သူကမှ သွားမှာမဟုတ်ပါဘူး။ ရာခိုင် နှုန်း အနည်းငယ်ကတော့ ပညာမတတ် လို့၊ မသိနားမလည်လို့၊ သူများဆွယ်လို့ ဆိုတာမျိုး ရှိနိုင်ပါတယ်။ ဒါတောင် ကျွန်မ နေ့စဉ်ကြုံရတာက မိန်းကလေးဆိုရင်လည်း ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ စားသောက်ဆိုင်လောက်၊ ဈေးဆိုင် တွေလောက်မှာ စားပွဲထိုး၊ ဆိုင်သန့်ရှင်းရေး စတဲ့ အလုပ်မျိုးလုပ်နေသူတွေ၊ ယောကျာ်း လေးတွေ ဆိုရင်လည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်နေတဲ့ သူတွေလောက်ပါ။
ပင်လယ်ထဲထွက်ပြီး ငါးဖမ်းလှေတွေပေါ်မှာ တကယ်ကို သက် စွန့်ဆံဖျား လုပ်နေရသူတွေ၊ နယ်စပ် ရော် ဘာခြံတွေမှာ ခါးချည့်လောက်အောင် ရော် ဘာစေးခြစ်ပြီး ရသင့်တဲ့ပိုက်ဆံကို သူဌေး က တစ်ပြားမှ မပေးချင်လို့ အသက်ရန်ရှာ ခံရတဲ့သူတွေ စတဲ့ ဇာတ်မတရားနာတဲ့၊ ပြောရင် ယုံနိုင်စရာမရှိတဲ့လူတွေအကြောင်း မပါသေးပါဘူး။ အခုတစ်လောမှာတော့ တက္ကစီစီးတဲ့ အခါမှာ သိသိသာသာ ပြောင်းလာတာ လေးတွေ တွေ့လာရပါတယ်။ အရင်ကဆို ကျွန်မကို ဘာလူမျိုးလဲမေးရင် ကိုယ်ကစာအုပ်နဲ့ တရားဝင်နေနေတဲ့သူ ဖြစ်တာ တောင် “ငါ ဖမာ့”လို့ ရဲရဲပြောဖို့ အားတင်း ရတာပါ။
ဘာလို့ဆို ဖမာ့ဆိုတာနဲ့ သူတို့ က ရွံရှာသလို နှိမ်သလိုကြည့်တာ ခံရတာ ကိုး။ ခုနောက်ပိုင်းတော့ ဖမာ့လို့ပြောလိုက် ရင် ပြုံးပြီး အင်္ဂလိပ်သံ မပီတပီနဲ့ “ကောင်း တယ်၊ ကောင်းတယ်” ဆိုပြီး လုပ်တတ်ပါ တယ်။ တစ်နေ့ကတော့ ထူးထူးခြားခြား တက္ကစီဒရိုင်ဘာက “နင် တရုတ်လား”လို့ မေးလို့ထုံးစံအတိုင်း “ငါ ဖမာ့” လို့ဖြေတော့ သူက “ကောင်းတယ်၊ နင်တို့နဲ့ ငါတို့က အတူတူပဲ၊ အိမ်နီးချင်းတွေ” ဘာညာနဲ့ပြော လာပါတယ်။ ကျွန်မစိတ်ထဲမှာတော့ ရယ်ပဲ ရယ်ချင်နေမိပါတယ်။ ဪသာ် အပြောင်း အလဲကလည်းမြန်ပါ့။ ကလေးဆန်တယ် ပဲ ဆိုဆို အဖေအမေ နောက်မှာ ရှိတော့ တစ်မျိုး၊ မရှိတော့တစ်မျိုး ဆက်ဆံချင်ကြ တာလို့လည်း တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံရောက် မြန်မာ ပြည်သားတွေ ကိုယ့်ကိုယ်ကိုယ် ဖမာ့ (မြန်မာ)လို့ ပြောရမှာ ရှက်ခဲ့ရတဲ့၊ ကြောက် ခဲ့ရတဲ့ အချိန်တွေ၊ မြန်မာစကား ကျယ် ကျယ်မပြောရဲတဲ့ အချိန်တွေ၊ မြန်မာတစ် ယောက် ဖြစ်နေရဲ့သားနဲ့ မြန်မာတွေနဲ့ တွေ့ချိန်မှာတောင် မြန်မာစကား လုံးဝ မပြောတတ်ချင်ယောင် ဆောင်နေရတဲ့ အချိန်တွေရှိခဲ့တယ်ဆိုတာတော့ မငြင်းနိုင် ပါဘူး။
အဲဒီ အချိန်တွေတုန်းကလည်း “ဖမာ့” ဆိုတာနဲ့ ထိုင်းရဲက ဖမ်းလိမ့်မယ်၊ အနည်း ဆုံးတော့ အစစ်အဆေးခံရမယ်၊ ဖမ်းမယ်၊ စစ်ဆေးမယ် ဆိုတာရဲ့ နောက်ဆက်တွဲ မလိုလားအပ်တဲ့ ပြဿနာပေါင်းစုံနဲ့ ကြုံရ တော့မယ်ဆိုတဲ့အသိတစ်ခုတည်းနဲ့ သူများ နိုင်ငံမှာ အလုပ်လာလုပ်နေကြရတာကိုး။ ဖမာ့လို့ပြောဖို့ ကြောက်ခဲ့ကြရတာပေါ့လေ။ ပြောရရင် အခုအချိန်အထိ “မြန်မာလိုတတ် လား” ဆိုတဲ့ မြန်မာဘာသာနဲ့ မေးခွန်းကို “ဟင့်အင်း” လို့ဖြေပြီး ရှက်သွား၊ ကြောက် သွားကြတဲ့သူတွေ ထိုင်းမှာ အများကြီးရှိနေ တုန်းပါပဲ။
တူးတူးသာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment