ဧဒင်အချစ်ပုံပြင်: အယုဒ္ဓယတွင် ထိုင်းနှင့်မြန်မာအလုပ်သမားများ ခိုက်ရန်ဖြစ်ပွား

Monday 22 October 2012

အယုဒ္ဓယတွင် ထိုင်းနှင့်မြန်မာအလုပ်သမားများ ခိုက်ရန်ဖြစ်ပွား

ထိုင်းနိုင်ငံ အလယ်ပိုင်း အယုဒ္ဓယခရိုင်ထဲမှာ ရာချီတဲ့ မြန်မာအလုပ်သမားတွေနဲ့ ဒေသခံ ထိုင်းအလုပ်သမားကြား  မနေ့ညက အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။
အယုဒ္ဓယခရိုင် ဖားချိမြို့နယ် နောင်နမ့်ဆိုင်ရပ်ကွက်မှာ စီနိုထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီက မြန်မာ အလုပ်သမားတွေနဲ့ ထိုင်းအလုပ်သမားတွေ အုပ်စုဖွဲ့ ရိုက်နှက်မှုကြီး ဖြစ်ပွား ခဲ့တာပါ။
(ဓာတ်ပုံ- krobkruakao)
အောက်တိုဘာ ၂၀ ရက်နေ့ညက မြန်မာဘာသာနဲ့ ဖုန်းပြောနေတဲ့ အလုပ်သမားတချို့ကို ထိုင်းအလုပ်သမားတွေက အသံကျယ်လောင်တယ်ဆိုပြီး ဟန့်တားရာက တဘက်နဲ့တဘက် စကားများခဲ့တာလို့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အလုပ်သမားတဦးက ပြောပါတယ်။
အခင်းဖြစ်ပွားခဲ့ပြီးနောက် မနေ့ညမှာ ထပ်မံ စကားများခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး ၂ ဘက်စလုံး ဆောက်လုပ်ရေး အလုပ်သမားတွေဖြစ်ကြတဲ့အတွက် လုပ်ငန်းခွင်သုံး တူ၊ ဓား၊ တူရွင်း စတာတွေနဲ့ စွဲကိုင်ရိုက်နှက်ကြရာ မြန်မာအလုပ်သမား ၄ ဦးနဲ့ ထိုင်းအလုပ်သမား ၂ ဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။
ညနေ ၇ နာရီလောက်ကစပြီး ပဋိပက္ခဖြစ်ပွားတာမှာ ရဲနဲ့ စစ်တပ် ရောက်လာပြီး သေနတ်
ပစ်ဖောက် ခြိမ်းခြောက်တာကြောင့် ည ၁၁ နာရီလောက်မှာ လူစုကွဲသွားခဲ့တယ်လို့ မြန်မာ အလုပ်သမားက ပြောပါတယ်။
“ကျနော်တို့တွေ ရဲတွေနဲ့ တဖက်နဲ့တဖက် ပြေပြေလည်လည်ဖြစ်အောင် ရှင်းမယ်ဆိုပြီးတော့ လူ ၅၀၀ လောက် ထိုင်နေကြတယ်။ ဒါကို ထိုင်းတွေက ပုလင်းနဲ့ ထိုင်နေတဲ့နေရာကို အဝေးကနေ ချောင်းပြီး ၄ ကြိမ်လောက် လှမ်းလှမ်းပစ်တာ၊ ဒါနဲ့ မြန်မာတွေက တုတ်နဲ့ ၀ိုင်းလိုက်တာ မိသွားတော့ ရိုက်တာပေါ့နော်။ ရဲတွေက ပထမ ကား ၁ စီးနဲ့ လာတာ၊ နောက် မနိုင်တော့ နောက် ၁ စီးပါလာတယ်၊ လက်ကိုင်တုတ်တွေ ကိုင်ထားတယ်။”
ထိုင်းနိုင်ငံထုတ် မာ့တီချွန်းသတင်းစာမှာတော့ မြန်မာ အလုပ်သမားပေါင်း ၂၀ ကျော်က ၀ိုင်းဝန်းရိုက်နှက်ခဲ့တဲ့အတွက် ထိုင်းအလုပ်သမားတဦး ဒဏ်ရာပြင်းထန်ပြီး အချက်ပေါင်း ၃၀ ချုပ်ခဲ့ရတယ်။ ဒါကို လက်စားချေတဲ့ အနေနဲ့ ထိုင်းအလုပ်သမားတွေက အုပ်စုဖွဲ့ပြန်ရိုက်ရာက အခုလို ရိုက်ပွဲကြီး ဖြစ်ခဲ့ရတာလို့ ဖော်ပြထားပါတယ်။
ဒီပြဿနာဟာ ပိုမိုကြီးထွားလာနိုင်တဲ့အတွက် သက်ဆိုင်ရာက ထိုင်း-မြန်မာ ၂ ဘက် အလုပ်သမားခေါင်းဆောင်တွေရော၊ ဆောက်လုပ်ရေး ကန်ထရိုက်တာကို ငှားရမ်းသူ လျှပ်စစ်စက်ရုံ ကုမ္ပဏီပိုင်ရှင်တွေကို အမြန်ဆုံးခေါ်ယူညှိနှိုင်းဖို့ရှိတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
စီနိုထိုင်းဆောက်လုပ်ရေးကုမ္ပဏီမှာ ထိုင်းအလုပ်သမား ၁၀၀၀ ကျော်၊ မြန်မာအလုပ်သမား ၅၀၀ လောက်၊ အခြား လာအိုနဲ့ ကမ္ဘေားဒီးယား အလုပ်သမား ၄၀၀ ကျော် အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
မြန်မာ အလုပ်သမားပေါင်း  ၅၀၀ လောက်မှာ  ၁၀၀ လောက်ပဲ ဒီနေ့ အလုပ်ဆင်းကြပြီး ကျန်သူတွေကတော့ စိုးရိမ်ထိတ်လန့်ပြီး အလုပ်မဆင်းကြဘူးလို့ အလုပ်သမားတဦးက ပြောပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာဘုန်းတော်ကြီးတချို့နဲ့ မြန်မာသံရုံးကလည်း ဒီပြဿနာကို သက်ဆိုင်ရာ ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ လာရောက်ညှိနှိုင်းပေးခဲ့ပြီး ဒီနေ့ အလုပ်မဆင်းတဲ့ မြန်မာ အလုပ်သမားတွေအတွက် လုပ်အားခပေးဖို့ သဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။ 
by-dvb

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...