ဧဒင်အချစ်ပုံပြင်: မင်္ဂလာပွဲကို အခမ်းအနား ၃ မျိုးဖြင့် ကျင်းပရန် မိုင်လီဆိုင်းရပ်စ် ဆန္ဒရှိ

Thursday 1 November 2012

မင်္ဂလာပွဲကို အခမ်းအနား ၃ မျိုးဖြင့် ကျင်းပရန် မိုင်လီဆိုင်းရပ်စ် ဆန္ဒရှိ


မိုင်လီဆိုင်းရပ်စ်သည် သူမနှင့် ချစ်သူ လီယမ် ဟမ်းဆွော့သ်တို့ လက်ထပ်ရာတွင် အခမ်းအနား (၃)ခု ကျင်းပသွားရန် စီစဉ်နေကြောင်း သိရှိရသည်။ Hannah Montanaစတား အဆိုတော် မင်းသမီးလေးသည် လီယမ်နှင့် ချစ်သူများအဖြစ် (၃)နှစ်ကြာ တွဲခဲ့သည့်နောက် လက်ထပ်ရန် စဉ်းစားနေခြင်း ဖြစ်သည်။ အသက်(၁၉)နှစ် ရှိပြီဖြစ်သော မိုင်လီသည် Hunger Games ဇာတ်ကားတွင် ပါဝင်ခဲ့သည့် အသက်(၂၂)နှစ်အရွယ် လီယမ်နှင့် လေးနက်ခိုင်မာသော ဆက်ဆံရေးမျိုး တည်ဆောက်ထားခဲ့ပြီးနောက် တရားဝင် လက်ထပ်ရန် လုပ်ဆောင်နေပြီဟု သတင်းများက ဆိုသည်။


အထူးသဖြင့် သူမသည် မိသားစုများ၊ မိတ်ဆွေများနှင့်အတူ လက်ထပ်မင်္ဂလာပွဲကို အမျိုးမျိုး ပြောင်းလဲ ဆင်နွှဲရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။ မိုင်လီနှင့် နီးစပ်သူများက မိုင်လီသည် ဒီဇိုင်နာများနှင့် တိုင်ပင်ကာ ဝတ်စုံ (၃)စုံ ချုပ်လုပ်နေကြောင်း ပြောကြားခဲ့ကြသည်။ သူမသည် မင်္ဂလာ အခမ်းအနားများအတွက် အနည်းဆုံး ဒေါ်လာ တစ်သန်းမျှ အကုန်အကျခံရန် အသင့်ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

မိုင်လီ၏ ဖခင်ဖြစ်သူ ဘီလီရေးဆိုင်းရပ်စ်က မကြာသေးမီက မိမိသည် သမီးဖြစ်သူ၏ အောင်မြင်အေးချမ်းသော အချစ်ရေးအတွက် ကျေနပ်ပျော်ရွှင်မိကြောင်း ပြောဆိုခဲ့သေးသည်။ "တကယ်တော့ မိုင်လီ့အသက်က ငယ်ငယ်လေး ရှိသေးတာပါ။ ဒါပေမဲ့ သူရွေးချယ်ထားတဲ့ အခြေအနေတွေက အရမ်း တည်ငြိမ်ပါတယ်။ ကျွန်တော် လီယမ်ကို သဘောကျပါတယ်။ သူဟာ ထူးချွန်တဲ့ မင်းသားတစ်လက်ပါ"ဟု ဘီလီက မှတ်ချက်ပြုသွားသည်။

Source: DailyMail

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...