ဧဒင်အချစ်ပုံပြင်: ဘူးသီးတောင်တွင် ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးသူအား ဖမ်းဆီးအရေးယူ

Tuesday 4 December 2012

ဘူးသီးတောင်တွင် ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးသူအား ဖမ်းဆီးအရေးယူ

BuddhaImage Buthidaungရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ရွာရှိ၊ ပွိုင့်(၁၀၃) ဗုဒ္ဓရုပ်ပွားတော်၏ လက်ဝဲဘက်နှင့် လက်ယာဘက်လက်ချောင်းများကို ဒီဇင်ဘာ ၁ရက်နေ့က ချိုးဖဲ့ဖျက်ဆီးခံခဲ့ရ၍ ဖျက်ဆီးသူများကို ချက်ချင်းဖမ်းဆီးကာ စစ်ဆေးအရေးယူလျက်ရှိကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၁ရက်နေ့ ညနေတွင် ရေချမ်းပြင်ကျေးရွာအနီး၊ တောင်ကုန်းတစ်ခုပေါ်၌ တည်ထားကိုးကွယ်နေသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ကင်းတောင်ကျေးရွာအုပ်စုနေ ကုလား လာလူး (ဘ) ဆီဒိက်အာမက်က ရိုက်ပုတ်ဖျက်ဆီးနေသည်ကို တွေ့မြင်ရသည့် ရေချမ်းပြင်ကျေးရွာနေ ကုလား အာမိန်နာခါတူ(ဘ) အဘူတာလေက အရပ်လူကြီးများနှင့် ကျေးရွာ အုပ်ချူပ်ရေးမှူးတို့ထံသို့ သတင်းပေးပို့ခဲ့သဖြင့် ကျေးရွာအုပ်ချူပ်ရေးမှူးက သက်ဆိုင်ရာသို့ သတင်းပေးပို့တိုက်ကြားခဲ့ရာ
တရားခံအား ချက်ချင်းလာရောက် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
"ကျွန်တော်တို့ ဒီကိစ္စကို သတင်းရရချင်း ကျူးလွန်သူကို ချက်ချင်းရှာဖွေပြီး ဖမ်းဆီးရမိခဲ့ပါတယ်။ အခု တရားခံကို ဘူးသီးတောင်မြို့မ ရဲစခန်းကို လွှဲပြောင်းပေးလိုက်ပါတယ်။ လိုအပ်သလို စစ်ဆေး အရေးယူသွားပါမယ် "ဟု လုံခြုံရေးတာဝန်ရှိသူ အရာရှိတစ်ဦးက ပြောသည်။
ဘူးသီးတောင်မြို့နယ်တွင် ဆင်းတုတော်များဖျက်ဆီးခံရခြင်းများ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး နိုဝင်ဘာလအတွင်းကလည်း သပြေတောကျေးရွာတွင် ဆင်းတုတော်တစ်ဆူ ကျိုးပဲ့ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် တရားခံကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်သည်။
ဆင်းတုတော်များ ဖျက်ဆီးခံနေရခြင်းနှင့် ပက်သက်၍ ဘူးသီးတောင်မြို့ သင်္ဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တသောမက "ဒီလိုဆင်းတုတော်တွေ ဖျက်ဆီးခံနေရတယ်ဆိုတာ ဘာကြောင့်လဲ၊ တမင်သက်သက်ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သလိုဖြစ်နေတယ်၊ နောက်ကွယ်ကနေ ဒီလိုလုပ်အောင် တိုက်တွန်းနေတဲ့သူရှိနေလားလို့လည်း သံသယဖြစ်မိတယ်၊ ဒါကြောင့် ဦးဇင်းတို့အနေနဲ့ ဒီကိစ္စတွေကို သက်ဆိုင်ရာ အုပ်ချူပ်ရေးအဖွဲ့တွေက စုံစမ်းဖော်ထုတ်ဖို့နဲ့ ထိထိရောက်ရောက်အရေးယူပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်"ဟု မိန့်ကြားသည်။
ယခုကဲ့သို့ ဗုဒ္ဓရုပ်ပွားတော်များ ဖျက်ဆီးခြင်းခံနေရသည့် ကိစ္စနှင့်ပက်သက်၍ လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် အခြားနောက်ဆက်တွဲ ပြဿနာများ ဖြစ်မလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း တာဝန်ကျအရာရှိတစ်ဦးက ပြောသည်။
"ဒီကိစ္စနဲ့ပက်သက်လို့ စုံစမ်းသိရှိထားသလောက်ကတော့ အခုကျူးလွန်သူနဲ့ ရေချမ်းပြင်ရွာနဲ့ အချင်းချင်းကြားမှာ ပြဿနာတွေရှိထားတယ်၊ ဒါကြောင့် ကျူးလွန်သူက ဒီရုပ်ပွားတော်ကို ဖျက်ဆီးရင် အနီးဆုံး ရေချမ်းပြင်ရွာမှာ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ရပါလိမ့်မယ်၊ သံသယရှိသူတွေကို ခေါ်ယူမေးမြန်းတာတွေ လုပ်ရပါလိမ့်မယ်၊ ဒီရွာသားတွေ အခက်ခဲဖြစ်လာအောင် ရည်ရွယ်ပြီး လုပ်တယ်လို့လည်း ပြောနိုင်ပါတယ်"ဟု ၄င်းကဆက်ပြောသည်။
ယခုကျူးလွန်ခဲ့သော တရားခံကို ဘူးသီးတောင်မြို့မရဲစခန်းတွင် (ပ)၁၆၅/၂၉၅(က)/၅၀၄ဖြင့် အမှုဖွင့်အရေးယူထားပြီး ယင်းတရားခံမှာ ယခင်က ပြစ်မှုဟောင်းများကျူးလွန်ထားခြင်းရှိခဲ့ဖူးသူလည်းဖြစ်သဖြင့် သက်ဆိုင်ရာမှ အလိုရှိနေသူတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။
ယခု ဒီဘာလ ၁ရက်နေ့က ဖျက်ဆီးခံလိုက်ရသော ဗုဒ္ဓရုပ်ပွားတော်မှာ ပလ္လင်တော်ပါ ဥာဏ်တော် ရှစ်ပေခန့်ရှိသော ရုပ်ပွားတော်ဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် လေးမြို့ နစက စခန်းမှ ၀န်ထမ်းများရှိဖွေတွေ့ရှိခဲ့သော ရှေးဟောင်းဘုရားတစ်ဆူဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်မှာ သရက်ပြင်အုပ်စု၊ ရေချမ်းပြင်ရခိုင်ရွာနှင့် ရေချမ်းပြင် ကုလားရွာကြားရှိ လမ်းအနီးတွင် ပွိုင့်-၁၀၃ တောင်ကုန်းပေါ်တွင် တည်ထားခြင်းဖြစ်သည်။
၎င်းကျေးရွာအနီး စိုင်းတင်ချောင်း အနောက်ဘက်ကမ်း၊ ဒုံးသိမ်ကျေးရွာတွင် ရခိုင်/မြန်မာသက္ကရာဇ် (၁၀၇၂)ခုနှစ်တွင် ဘုရင်စန္ဒ၀ိဇယရာဇာ၏သားတော်၊ ဒုံးညိုမင်းသားတည်ထားခဲ့သော ဒုံးသိမ်ပုထိုးတော်ကြီးတည်ရှိကာ အနီးပတ်ဝန်းကျင်တွင် စေတီဟောင်းများ၊ သိမ်ရာဟောင်းများ၊ ယခုထိတွေ့မြင်နိုင်သော ရခိုင်သမိုင်းဝင် နေရာများပင်ဖြစ်ကြောင်း သိရှိရပြီး ယခုရေချမ်းပြင်ရွာရှိ ရုပ်ပွားတော်သည်လည်း ယင်းခေတ်ကတည်းက တည်ထားသည်ဟု ခန့်မှန်းရကာ ယင်းတောင်ကုန်းပေါ်တွင် စေတီဟောင်းတစ်ဆူ၏ ဖိနပ်တော်အ၀န်းကိုလည်း တွေ့မြင်နိုင်သည်။
BuddhaImage Buthidaung 1
ဘုရားတောင်ကုန်းမှာ သရက်ပြင်ရခိုင်ရွာမှ အတန်ငယ် အလှမ်းကွာနေပြီး ထိန်းသိမ်းစောင့်ရှောက်မည့် ဂေါပကအဖွဲ့လည်း မရှိကြောင်းသိရှိရပြီး ယင်းရုပ်ပွားတော်အား လေးမြို့နစကစခန်းမှ စခန်းမှူးဦးဆောင်ကာ ပြန်လည်ပြုပြင် မွမ်းမံသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။
by-arakantimes

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...