မကြာသေးမီက ဆွစ်ဇာလန် ကမ္ဘာလှည့် ခရီးသည် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသည့် ဖြစ်စဉ်နောက်ပိုင်း အိန္ဒိယတွင် နိုင်ငံခြားသူ အမျိုးသမီးများအပေါ် မုဒိမ်းမှုနှင့် ပတ်သက်သည့် နာမည်ဆိုး ထပ်မံ ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ အသက်(၃၀)ကျော် ရှိပြီး အမည်ဖော်မပြသည့် အမျိုးသမီးသည် ပထမထပ် ပြူတင်းပေါက်မှ ခုန်ချခဲ့သည့်နောက် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ အဂ္ဂရာ မာဟာလ် ဟိုတယ်တွင် တည်းခိုနေသော အမျိုးသမီးသည် အင်္ဂါနေ့ နံနက်အစောပိုင်းက ယခုလို ခုန်ချခဲ့ခြင်း ဖြစ်သည်။
"အမျိုးသမီးဟာ ထိတ်လန့်နေတယ်။ ဟိုတယ် ခန်းထဲကနေ ပြူတင်းပေါက်ဆီ ပြေးပြီး ခုန်ချလိုက်ပုံပဲ"ဟု အဂ္ဂရာမြို့မှ ရဲအရာရှိ ပါဝမ်ကူမာက AFPသတင်းဌာနသို့ ပြောကြားခဲ့သည်။ အချို့သော သတင်းများက ရဲများသည် ယခုအခါ ဟိုတယ် မန်နေဂျာကို ဖမ်းဆီးထားကြောင်း ဖော်ပြခဲ့သည်။ အမျိုးသမီးကို သွားရောက်မေးမြန်းခဲ့သည့် ရဲအရာရှိက သူမသည် အစောပိုင်းက ဟိုတယ် မန်နေဂျာထံမှ စော်ကားချဉ်းကပ်သည့် Messageတစ်ခုကို ငြင်းဆို တုံ့ပြန်ခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် ဟိုတယ် မန်နေဂျာသည် အခြားသူ တစ်ဦးနှင့်အတူ မိမိ၏ အခန်းအား သော့ဖြင့် တံခါးလာဖွင့်ကြောင်း ထွက်ဆိုခဲ့သည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
သွေးရူးသွေးတန်း ခုန်ချခဲ့သည့် အမျိုးသမီးသည် ခြေထောက်အရွတ် ထိခိုက်သွားသော်လည်း ပြင်းထန်မှု မရှိဟု ဆိုသည်။ ရဲများက သူမသည် အလွန်ကြောက်လန့်နေပြီး အိန္ဒိယတွင် လည်ပတ်မည့် အစီအစဉ်ကိုပါ ဖျက်သိမ်းလိုက်ကြောင်း ပြောကြားခဲ့သည်။ ဟိုတယ်ဝန်ထမ်း တစ်ဦးကမူ မန်နေဂျာသည် သူမကို အစောပိုင်း ရထားမီရန် သွားနှိုးမည်ဟု ပြောဆိုခဲ့ကြောင်း ရဲများထံ ထွက်ဆိုခဲ့သည်။ "ဘာတွေ ဖြစ်ကုန်လဲ သေချာမသိဘူး။ အမျိုးသမီးကလည်း ဘယ်လိုတွေးမိလဲ မသိဘူး။ ပြူတင်းပေါက်ဖွင့်ပြီး ခုန်ချသွားတော့တာပဲ"ဟု ယင်းဝန်ထမ်းက ပြောဆိုသွားသည်။
Source: Nation
No comments:
Post a Comment