ဧဒင်အချစ်ပုံပြင်: ခေတ်၏ မြေစာပင်များ

Saturday, 28 September 2013

ခေတ်၏ မြေစာပင်များ


တစ်နေ့မနက် လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ဝယ်လာတဲ့ ဂျာနယ်လေးဖတ်ရင်း ဇိမ်ခံမယ်အောင့်မေ့မိပါတယ် ရိုက်သံတွေ ငိုသံတွေ ပေါ်လာလို့ အသံကြားရာဘက် လှမ်းကြည့်မိတယ်။ စားပွဲထိုးလေးက ပန်းကန်ကျကွဲသွားလို့ ပိုင်ရှင်က မျက်နှာကို လက်သီးနဲ့ထိုးလိုက်ပုံရပါတယ်၊ ကလေးနှုတ်ခမ်းမှာသွေးတွေ၊ ပါးမှာမျက်ရည်တွေကိုပါ တွေ့ရပါတော့တယ်။

ကျွန်တော်ဟာ ကျောင်းဆရာတစ်ယောက်ဘဝမှာ ကျင်လည်ခဲ့တာကြောင့် ကျောင်းနေအရွယ်ကလေးတွေ ကျောင်းတက် မနေဘဲ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ အလုပ် လုပ်နေတာတွေ့ရရင် ရင်ထဲမှာ နာကျင်ခံစားရပါတယ်။ ပညာရေးဌာနမှာ တာဝန်ထမ်းဆောင်စဉ်က အထက်လူကြီးတွေရဲ့ တာဝန်ကျေ “ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေရေး” ဆိုတဲ့ စီမံချက်တွေကို လက်တွေ့လိုက်ပြီး လေ့လာဖူးပါတယ်။
တိုင်းပြည်မှာက စီမံချက်ဆိုတာတွေကို အစိုးရအသိအမှတ်ပြုဌာနတွေက လူကြီးတွေကပဲ ကိုင်တွယ်ကြတာများတော့ နိုင်ငံခြားက ပရောဂျက်တစ်ခုခုပေးဖို့ ကွင်းဆင်းကြည့်ရင် အထက်လူကြီးကြိုက်အောင်၊ အောက်ခြေက လိမ်ညာပေးရတာ တွေလည်း ရှိခဲ့ပါတယ်။
နွေခေါင်ခေါင်ကို နိုင်ငံခြားက ပညာရေးတာဝန်ခံတစ်ယောက် ကျွန်တော်တို့မြို့ကို ရောက်လာမယ်လို့ မြို့နယ်ပညာရေးမှူးက သတင်းဖြန့်ပြီး မူလတန်းကျောင်းအုပ်ကြီးတွေကို တပ်လှန့်ထားပါတယ်။ သူတို့က ဘူတာနားက မူလတန်းကျောင်းကို လာစစ်မယ်။ ကျောင်းမှာ ကျောင်းသား ၂၀ လောက် စုထားပေးရမယ်။ အဲဒီကျောင်းသားတွေဟာ ကျောင်းကထွက်သွားပြီး အပြင်မှာ ဈေးရောင်း၊ စားပွဲထိုးလုပ်နေသူတွေဖြစ်ရမယ်။ အဲဒီကျောင်းသားတွေကို ၂၀ ပြည့်အောင်စုပြီး ကျောင်းတက်ခိုင်းဖို့ ပြင်ဆင်ပါဆိုတဲ့ စာထွက်လာတော့ ဘူတာကျောင်းမှာ ကျောင်းအုပ်ကြီးလုပ်တဲ့ ကျွန်တော့်သူငယ်ချင်းကျောင်းအုပ်ဆရာမကြီး လည်း တောင်ပြေး မြောက်ပြေးဖြစ်ရတဲ့အပြင် ကျွန်တော်တို့ကို ကူပါ၊ ကယ်ပါတွေဖြစ်ကုန်တော့တယ်။
ကျောင်းမတက်နိုင်တဲ့ကလေးတွေ အမျိုးမျိုးရှိတယ်။ တချို့ကျောင်းသားတွေက ကျောင်းတက်ချင်ပေမယ့် အိမ်ကမတတ်နိုင် လို့ ကျောင်းဆက်မထားနိုင်လို့ ကျောင်းထွက်လိုက်ကြရတာ။ ဒါဆိုရင် ပြောစရာရှိပါတယ်။ အစိုးရက အခမဲ့ပညာရေးကို အကောင်အထည်ဖော်နေတာ ပိုက်ဆံပေးစရာမှ မလိုတာပဲလို့ပေါ့လေ။ ဟုတ်ပါတယ်။ နိုင်ငံတော်က အခမဲ့ ပညာရေးကို ဖော် ဆောင်နေတယ်ဆိုပေမယ့် ကလေးတစ်ယောက် ဘယ်လောက်တန်သလဲဆိုတာ မသိတာကတော့ တာဝန်မဲ့လွန်းပါတယ်။
အသက် ၁၀ နှစ်ကျော်လောက်ရောက်ပြီဆိုရင် မိဘတွေက သူတို့ကလေးတွေကို ပိုက်ဆံရတဲ့ လုပ်ငန်းတစ်ခုခုမှာ ခိုင်းချင်နေ ကြပြီ။ ကလေးတစ်ယောက်ကို ဆိုင်မှာသွားထားရင် တစ်နေ့တစ်ထောင်လောက်ရတယ်။ ကလေးတစ်ယောက်က တစ်နေ့ ဈေးရောင်းကျွေးရင် သုံးထောင်လောက်ရတယ်။ ကလေးတစ်ယောက် တစ်နေ့ အုတ်သွားသယ်ရင် နှစ်ထောင်လောက်ရတယ်။ အဲဒီလုပ်ခဝင်ငွေလေးတွေနဲ့ မိသားစု ရပ်တည်နေကြရတယ်ဆိုတာ သဘောပေါက်ထားဖို့လိုပါတယ်။
ခုနကိစ္စပြန်ဆက်ပါ့မယ်။ ကလေးတွေကို လုပ်ခွင်ထဲက ဆွဲထုတ်လာရမယ်ဆိုတော့ တစ်နေ့ တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်ရနေတဲ့ ကလေးတွေက အိမ်ကို ပိုက်ဆံပြန်မပေးနိုင်ရင်ဆိုတဲ့ နောက်ဆက်တွဲ ပြဿနာကို အထက်လူကြီးဆိုသူ တွေက ဘယ်လိုဖြေရှင်းပေးမယ်လို့ အမိန့်စာထဲမှာ ပါမလာဘူး။ အလားတူပဲ အောက်ခြေက မြို့နယ်ပညာရေးမှူးဆိုတာတွေက လည်း အထက်လေဟပ်တာခံရပြီး ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်ဆိုတော့ ကလေး၂၀ စုဆောင်း ရေးဟာ အောက်ခြေက ဆရာမကြီးရဲ့ ခေါင်းရှုပ်စရာ ဖြစ်လာပါတော့တယ်။
နောက်ဆုံးတော့ ကလေးတစ်ယောက်ကို ၂၀၀၀ ကျပ်ပေးပါ့မယ်လို့ သတင်းလွှင့်လိုက်တော့မှ ကျောင်းထွက်သွားတဲ့ ကလေး ၂၀ စုဆောင်းလို့ရပါတော့တယ်။ ကလေး ၂၀ အတွက် ကုန်ကျစရိတ် ၄၀၀၀၀ ကျပ်ကို အရင်စိုက်ထားလိုက်၊ နောက်မှ ကြည့်ရှင်းမယ်ဆိုတဲ့စကားနဲ့ ဆရာမကြီးလည်း နားကပ်လေးပြေးပေါင်လိုက်ရပါတယ်။
ကလေးတွေကို စုဆောင်းပြီးတော့ မနက်ဖြန်ပွဲအတွက် တစ်ညလုံးဇာတ်တိုက်ရပါသေးတယ်။ လူကြီးတွေ ကြားစေချင်တာကို ပြောဖို့ အထက်ကဆင်းလာတဲ့ ရွှေကြိုဇာတ်ဆရာရဲ့ လိုအင်အတိုင်း ဘယ်လိုမေးရင်၊ ဘယ်လိုပြော၊ ဘာမေးရင်၊ ဘယ်သူက ထပြော။ ဒီလိုဆိုရင် ဒီလိုပြော။ ဝင်လာရင်ဘယ်လိုပြော။ ထွက်သွားရင် ဘယ်လိုပြောဆိုတာတွေ အားလုံးဇာတ်တိုက်တဲ့ည အတွက်လည်း မုန့်ဝယ်ကျွေးလိုက်ရလို့ ငါးထောင်လောက် ပြောင်သွားပါသေးတယ်။
နောက်တစ်နေ့မှာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးအတွက် စီမံချက်ကြီး အကောင်အထည်ဖော်ထားပုံကို နိုင်ငံခြားဧည့်သည်တွေနဲ့အတူ၊ အစိုးရဌာန အရာရှိမင်းများ တိုက်ပုံတကားကားနဲ့ ကြွရောက်ချီးမြှင့် လေ့လာအားပေးခဲ့ကြပါ တယ်။
ဘိုလိုမွှတ်နေအောင်ရှင်းပြ၊ သဘောကျမှုတွေရယူ၊ ကလေးတွေကို ချူဆီလုပ်ပြီး ထောက်ပံ့ငွေတွေကို ဂဏန်းပေါင်းစက်နဲ့ တွက်သူတွေကလည်း တွက်နေကြပါတယ်။ ကလေးတွေ ဘယ်လောက်ဆင်းရဲကြောင်းကို မျက်ရည်ကျလောက်အောင် ပြောနေတဲ့ အဆင့်မြင့်အရာရှိကြီးကို နိုင်ငံခြားသားကြီးက ပါးစပ်အဟောင်းသားနဲ့ကြည့်ပြီး၊ သူနဲ့ပါလာတဲ့ ကတော်ကတော့ မျက်ရည်လေးစမ်းစမ်းဖြစ်ကာ သုတ်နေရှာပါတယ်။ အောင်မြင်သွားပါပြီ။ ပရောဂျက်တစ်ခုအောင်မြင်သွားပါပြီ။ ကလေးတွေ နှုတ်ဆက်သံကိုတောင် မစောင့်နိုင်တော့ပဲ အဆင့်မြင့်အရာရှိကြီးကိုယ်တိုင် နိုင်ငံခြားသားကို ကားတံခါးသွားဖွင့်ပေးကာ နှိုင်းတုလို့မရအောင် သိုင့်ခရုနေတာကို ကျောင်းပေါ်က အတိုင်းသား ကြားနေရပါတယ်။
ပကတိအရှိတရားနဲ့ အထက်လူကြီးတွေ သိတဲ့ အသိတရား လွန်စွာကွာခြားပါတယ်။ လက်တွေ့ဘဝမှာ ကျောင်းနေတဲ့အရွယ် ကလေးတိုင်းကို ကျောင်းမတက်တော့တဲ့အတွက် ပြန်ခေါ်ဖို့ ခက်ခဲပါတယ်။ ကျောင်းမတက်တာ ပိုက်ဆံကုန်လို့ မဟုတ်ပါဘူး။ တစ်ဘက်က မိသားစုအတွက် ပိုက်ဆံမဝင်မှာ စိုးရိမ်လို့ပါ။ တစ်နေ့ကို ပိုက်ဆံ နှစ်ထောင်၊ သုံးထောင်လောက်ရှာပေးနေတဲ့ သားသမီး တစ်ယောက်ကို ဘယ်မိဘက လက်လွှတ်ခံနိုင်ပါ့မလဲ။
ဒီခေတ်မှာ မိဘလုပ်စားတဲ့သူတွေရဲ့ လုပ်ရပ်ကိုလည်း ကြည့်ပါဦး။ ဆင်းရဲတော့ စားစရာမရှိဘူးလို့သာပြောတယ် ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်မွေးတော့တာပဲ။ ကလေးတွေများတာ သူတို့ငယ်စဉ်မှာပဲ ဒုက္ခရောက်တာ။ သူတို့ကြီးလာရင် တွက်ခြေကိုက်သွားပြန်ရော။ အရွယ်ရောက်လာရင်ကျောင်းထုတ်။ သားကစက်ရုံ၊ သမီးကအထည်ချုပ်၊ အလတ်ကောင်က ဝပ်ရှော့၊ အငယ်ကောင်က လက်ဖက်ရည်ဆိုင် အားလုံးပေါင်းရင် တစ်နေ့ တစ်သောင်းလောက်ဝင်ငွေရှိတယ်။ အဖေနဲ့ အမေ အလုပ်မလုပ်တော့ဘူး။ မိုးလင်းမိုးချုပ် လက်ဖက်ရည်ဆိုင်ထိုင်။ ချဲထိုး၊ ဘောလုံးလောင်းနဲ့ ဟန်ကျနေတာ ယနေ့မြန်မာ့ ဆင်းရဲတယ်ဆိုတဲ့ လူတန်းစားတွေရဲ့ တွက်ကိန်းနဲ့ ရပ်တည်ချက်တွေဖြစ်ပါတယ်။
ပြန်ဆက်ပါ့မယ်။ ပရောဂျက်ရုပ်ပြကောင်းအောင် လုပ်ဇာတ်မှာ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးဆရာဝင်လုပ်ခဲ့ရတဲ့ ကျွန်တော့်သူငယ်ချင်းဆရာမကြီးဟာ နောက်ဆုံးပင်စင်ယူသွားတဲ့အထိ နားထဲမှာ နားကတ်လေး ပြန်ပြီးမဝတ်နိုင်တော့ပါဘူး။ ကျွန်တော်က လခထုတ်ရက်တိုင်း သူနဲ့တွေ့ရင် ဘယ်လိုလဲ နားကတ်လေးပြန်ရွေးဖို့ ရုံးက ပိုက်ဆံထုတ်ပေးသလားလို့ မေးလိုက်တိုင်း ရယ်ကျဲကျဲနဲ့
“အပြောင်းအရွှေ့လေးများ ရမလားလို့ လူကြီးကို မျက်နှာလုပ်မိပါတယ်ရှင်၊ နားကတ်တစ်ရံပြုတ်တာပဲ အဖတ်တင်တော့ တယ်” လို့ ပြောရှာပါတယ်။
ကလေးလုပ်သားတွေဟာ အဲဒီစီမံချက်ဆိုတာတွေပြောပြီးကတည်းက ကျွန်တော်တို့မြို့မှာ ပိုပြီးဆိုးလာတယ်။ ကလေးတွေကို မြို့ထဲမှာသာမဟုတ်ပဲ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေကို အလုပ်သွားလုပ်ဖို့ ပွဲစားတွေ ရောက်လာတာနဲ့ ကလေး တစ်ယောက် ကျွန်ခံဖို့ပေါက်ဈေးနှုန်းတွေလည်း ထိုးတက်သွားပါတော့တယ်။ မိဘတွေက ကြိုတင်ငွေတွေထုတ်၊ သားသမီး တွေကို ပွဲစားလက်ထဲထည့်၊ ရွှေဝယ်ဆင်တဲ့သူတွေတောင် ရှိလာပါတယ်။ အဲဒီလည်ပင်းက ဆွဲကြိုးတွေဟာ သူတို့ ကလေးတွေ ပွဲစား နောက်လိုက်သွားရလို့ ကျတဲ့မျက်ရည်တွေဆိုတာ သဘောမပေါက်ကြပါဘူး။ ရရစားစား၊ ပျော်ပျော်ပါးပါးနဲ့ ဘဝကို ဖြစ်သလို ရင်ဆိုင်နေကြတာဆိုတော့ ကလေးထုတ်လုပ်သူတွေက ကလေးတွေထုတ်၊ ပရောဂျက်လုပ်သူတွေကလည်း ပရောဂျက်လုပ်၊ ရောင်းကုန်လုပ်ပြီး အမြတ်ထုတ်သူတွေကလည်း အမြတ်ထုတ်နေတဲ့ကြားမှာ သနားစရာကလေးတွေသာ မြေစာပင် ဖြစ်နေရပါတော့တယ်။
 Written by အငြိမ်းစား ကျောင်းဆရာတစ်ဦး
 maukkha

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...