မြတ်စွာဘုရားရှင်လက်ထက်တုန်းက ..ဝေသာလီမြို့  မှာ "၀ိမလာ" ဆိုတဲ့ ပြည့်တန်ဆာမတစ်ဦး ရှိခဲ့ဖူးပါတယ်။ အမေက ပြည့်တန်ဆာမို့ သူမလည်း ပြည့်တန်ဆာဖြစ်ခဲ့ရတာပါ။ နာမည်က " ၀ိမလာ..မခင်သန့်စင် " ဆိုပေမယ့် သူမရဲ့ ဘ၀က လုံးဝမသန့်စင်ပါဘူး..။ နာမည်က " ၀ိမလာ = အညစ်အကြေးကင်းသူ " ဆိုပေမယ့် သူမရဲ့ အလုပ်က အညစ်အကြေးတွေကြားမှာ နစ်မြုပ်နေရတဲ့ အလုပ်ပါ။
ဘယ်လောက်ပဲ အညစ်အကြေးတွေကြားမှာ မသန့်စင်ဖြစ်နေပါစေ.. သူမရဲ့ ဘ၀ကိုတော့ သူမ ကျေနပ်နေတာပါပဲ။ ချောမောလှပတဲ့ရုပ်ရည်၊ နုပျို တက်ကြွတဲ့အရွယ်၊ ပေါများပြည့်စုံတဲ့ အခြံအရံ၊ စည်းစိမ်ဥစ္စာ၊ ဒါတွေကို အမှီပြုပြီး " လောကမှာ ငါ့ထက်သာတဲ့မိန်းမ တစ်ယောက်မျှမရှိ" လို့တောင် မာန်မာနတွေ ထောင်လွှားနေခဲ့ပါတယ်။
တစ်နေ့ …အိမ်တံခါးဝမှာ သူမရပ်နေတုန်း အိမ်ရှေ့  လမ်းမပေါ်ကနေ အရှင်မဟာမောဂ္ဂလ္လာန် ဆွမ်းခံဖြတ်ကြွတာကို မြင်လိုက်ရတဲ့အခါ သာယာနှစ်သက် တပ်မက်စွဲလမ်းတဲ့ စိတ်တွေ ဖြစ်သွားပါတယ်။
" ချောလိုက်တာကွယ်…၊ အရွယ်ကလည်း ငယ်တုန်း၊ ကောင်းတုန်းပဲရှိသေးတဲ့ဥစ္စာ…၊ ဘာလို့များ ဘုန်းကြီးဝတ်ပြီး အချိန်ဖြုန်းနေရတာလဲ ..၊ အချိန်တွေ နှမြောစရာကြီး၊ ကာမဂုဏ်ဆိုတာ ငယ်တုန်း၊ ရွယ်တုန်း ခံစားမှ အရသာရှိတာလေ "
" သားကောင်တွေကို ဖမ်းဖို့ မုဆိုးက ကျော့ကွင်းထောင်သလို တဏှာရမ္မက် ငမ်းငမ်းတက်နေတဲ့ ယောက်ျားသားကောင်တွေကို ဖမ်းဖို့ ဟောဒီက ၀ိဝိတို့ကလည်း အလှကျော့ကွင်း၊ မာယာကျော့ကွင်းကို ဟောဒီအိမ်မှာ အမြဲထောင်ထားပါတယ်။ ဖုံးထားတာလည်းပြ၊ ဖော်ထားတာလည်းပြပေါ့။ ၀ိဝိတို့ရဲ့  ကျော့ကွင်းမှာ လာမိတဲ့ယောက်ျားတွေ နည်းမှတ်လို့၊ ဘုရင်တွေ၊ ဘုရားသားတော်တွေ၊ သူဌေးသူကြွယ်တွေ၊ သူဌေးသား သူကြွယ်သားတွေ…၊ အို ….ထိပ်ထိပ်ကြဲတွေချည်းပါပဲ "
" ဒီနေ့တော့ ၀ိဝိတို့ရဲ့  အိမ်က ကျော့ကွင်းကို ကျောင်းအထိလာထောင်တော့မယ်လေ…၊ အလှဆုံး ဆင်လာခဲ့မယ်… အမွှေးဆုံးပြင်လာခဲ့မယ်နော်၊ ပျိုပျိုရောက်ရင် ကိုကိုမောဂ် အရည်ပျော်သွားမှာပါ..၊ ခစ်…ခစ်…ခစ် "
အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ရဲ့ ကျောင်းကို သွားပြီး မထေရ်မြတ်ကို ရှိသမျှ ပညာကုန် ထုတ်သုံးကာ မာယာအမျိုးမျိုးနဲ့ ဖြားယောင်းသွေးဆောင်တဲ့ ၀ိမလာကို မထေရ်မြတ်က အသုဘတရား ဟောပေးလိုက်ပါတယ်။
" ချစ်နှမ ၀ိမလာ..၊ တကယ်တော့ သင့်ရဲ့ ခန္ဓာကိုယ်ဟာ တဲကုပ်တစ်လုံးပါပဲ၊ အရိုးစုတွေထောင် အသားတစ်တွေကပ်ပြီး အကြောမျှင်တွေနဲ့ ဖွဲ့တုပ်ထားတဲ့ တဲကုပ်တစ်လုံးပါ၊ ပြီးတော့ အပေါက်ကြီးကိုးပေါက်ကနေ အပုပ်ရည်တွေ အကျိအချွဲတွေ အမြဲမပြတ် ယိုစီးနေတဲ့ နံနံစော်စော် မစင်ထုပ်ကြီးပဲလေ "
" လူတစ်ယောက်က လူတစ်ယောက်ကို နှစ်သက်တပ်မက်နေတယ်ဆိုတာ မစင်ထုပ်တစ်ခုက မစင်ထုပ်တစ်ခုကို နှစ်သက်တပ်မက်နေတာပဲ၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေကြတယ်ဆိုတာ အပုပ်ကောင်အချင်းချင်း ချစ်နေကြတာ…၊ ရွံစရာကောင်းလှပါဘိ "
" တို့သိသလိုသာ လူတွေ သိကြမယ်ဆိုရင် အပုပ်ကောင်ရုပ်ဆောင်နေတဲ့ ခန္ဓာကိုယ်ကို ကိုယ့်ခန္ဓာကိုယ်ကိုရော၊ သူတစ်ပါးခန္ဓာကိုယ်ကိုပါ ဘယ်သူကမှ နှစ်သက်တပ်မက်နေကြမှာ မဟုတ်တော့ပါဘူး၊ မိုးရွာချိန်မှာ မစင်ကျင်ကြီးရှိတဲ့နေရာကို ရှောင်သလိုမျိုး ဝေးဝေးကရှောင်ကြမှာပါ "
ဝိမလာရဲ့  အလှကျော့ကွင်းမှာ မထေရ်မြတ် အရည်မပျော်ဘဲ မထေရ်မြတ်ရဲ့  ဓမ္မချော့ကွင်းမှာ ၀ိမလာ အရည်ပျော်သွားပါတယ်။
" အရှင်ဘုရား မိန့်ကြားတာတွေအားလုံး မှန်ကန်လှပါတယ်ဘုရား၊ ဒါပေမယ့် လူတွေကတော့ ရွှံ့  ဗွက်ထဲမှာ နွားအိုကြီးနစ်မြုပ်နေသလိုမျိုး ဒီမစင်ထုပ်၊ ဒီအပုပ်ကောင်၊ ဒီအညစ်အပတ်အနံအစော်တွေ ထဲမှာပဲ နစ်မြုပ်နေကြဆဲပါ၊ အရှင်ဘုရားကိုလည်း လူထဲကလူပဲ ဖြစ်မယ်ထင်လို့ ဘုရားတပည့်တော်မ ဖြားယောင်းသွေးဆောင်ခဲ့မိတာပါ၊ ဘုရားတပည့်တော်မရဲ့  အပြစ်ကို ခွင့်လွှတ်တော်မူပါဘုရား "
မထေရ်မြတ်ရဲ့  တရားကြောင့် သံဝေဂဉာဏ်တွေ၊ အရှက်အကြောက်တရားတွေ အားကောင်းစွာ ဖြစ်သွားတဲ့ ၀ိမလာဟာ ပြည့်တန်ဆာမအလုပ်ကို စွန့်လွှတ်ပြီး ၊ ရတနာသုံးပါးကို ဆည်းကပ်၊ နောက်တော့ ဘိက္ခုနီမ၀တ်ပြီး ၀ိပဿနာအလုပ် အားထုတ်လိုက်တာ မကြာခင်မှာပဲ ကိလေသာကုန်ခန်းလို့ ရဟန္တာ ဖြစ်သွားပါတယ်။
ဝိမလာသာ အရှင်မဟာမောဂ္ဂလ္လာန်ကို နှစ်သက်တပ်မက်တဲ့စိတ် မဖြစ်ခဲ့ရင် ..၊ ဖြားယောင်းသွေးဆောင်မှု မပြုခဲ့ရင် … အခုလို ရဟန္တာဖြစ်တဲ့အထိ ကောင်းကျိုးချမ်းသာတွေ ရလာမှာ မဟုတ်ပါဘူး။ " ကံကောင်းလို့ မကောင်းတဲ့စိတ် ဖြစ်သွားတာ၊ ကံကောင်းလို့ မကောင်းမှုပြုမိတာ " လို့ ပြောရတော့မှာပါပဲ။
သူတစ်ပါးကို မကောင်းတဲ့စိတ်ဖြစ်နေတိုင်း၊ မကောင်းတဲ့အလုပ် လုပ်နေတိုင်း အလွယ်တကူ အပြစ်မပြောလိုက်ပါနဲ့။ ဇာတ်လမ်းဆုံးအောင် စောင့်ကြည့်ပါဦး။ ဇာတ်လမ်းဆုံးလို့ ကောင်းတာတွေ ဖြစ်သွားရင်၊ သို့မဟုတ် အကောင်းဆုံးဖြစ်သွားရင် မကောင်းတဲ့စိတ် ဖြစ်မိတာ၊ မကောင်းတဲ့အလုပ် လုပ်မိတာကိုက ကောင်းဖို့ ဖြစ်လာတာမို့ ၀မ်းမြောက်စရာပါပဲ။ (ကိုယ့်ကိုယ်ကိုလည်း နည်းတူပါ။)
တစ်ခါတစ်ရံမှာ မလုပ်သင့်တာလုပ်မိပြီးမှ နောင်တရပြီး လုပ်သင့်တာ လုပ်မိသွားတတ်ပါတယ်။ အသိခိုင်မာသွားတဲ့အတွက် အဲဒီလုပ်သင့်တဲ့အလုပ်ကိုလည်း အကောင်းဆုံး လုပ်ဖြစ်သွားပါတယ်။ မလုပ်သင့်တာ လုပ်မိတာကိုက ကောင်းဖို့ ဖြစ်လာတာမို့ မလုပ်သင့်တာ လုပ်ခဲ့မိတဲ့ အတိတ်ကို ပြန်လက်ညှိုးထိုးပြီး သူတစ်ပါးကို လုံးဝ အပြစ်မပြောသင့်ပါဘူး။ (ကိုယ့်ကိုယ်ကိုလည်း နည်းတူပါပဲ။)
ရဟန္တာဖြစ်နေတဲ့ ၀ိမလာထေရီမကို အတိတ်က ဖြားယောင်းခဲ့တဲ့လုပ်ရပ် ပြန်ပြောပြီး ကဲ့ရဲ့  ရှုတ်ချရင် ကဲ့ရဲ့  ရှုတ်ချသူပဲ အ၀ီစိကျပါလိမ့်မယ်။ ပစ္စုပ္ပန်မှာ သူဟာ ဖြားယောင်းနေသူမှ မဟုတ်တော့ဘဲ၊ ကိလေသာ လုံးဝ ကင်းစင်နေသူလေ။
လူတစ်ယောက်ကို အတိတ်က မကောင်းကွက်တစ်ခု အသေကိုင်ထားပြီး အပြစ်ပြောတတ်တာဟာ စိတ်ထားညံ့တဲ့ လူတော်တော်များများရဲ့  အကျင့်စရိုက်တစ်ခုပါ။ အတိတ်က မှားခဲ့တာကိုကြည့်ပြီး အခုလည်း မှားနေတုန်းပဲလို့ အပြစ်ပြောရင် မှားမှာပေါ့။ အခု သူဘာဖြစ်နေလဲ၊ အခု သူဘာလုပ်နေလဲ ဆိုတာကိုပဲ ကြည့်ပါ။ အခုလက်ရှိ အခြေအနေကို သေချာမသိဘဲနဲ့ အတိတ်က ကိုယ်သိသလောက်လေးနဲ့ ရမ်းသမ်း အပြစ်မပြောပါနဲ့။
ကိုယ်သိသလောက်လေးကလည်း တစ်ဆင့်ကြားဆိုရင် မှန်ချင်မှ မှန်မှာပါ။ မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ.. အခုလက်ရှိမှာ ကိုယ်အပြစ်ပြောသလိုမျိုး သူ့ဘက်က မဟုတ်ဘူးဆိုရင် ကိုယ်ပဲ အပြစ်ဖြစ်ပါလိမ့်မယ်။ သူ့ဘက်က ကောင်းရင် ကောင်းနေသလောက် ကိုယ့်ဘက်က အကုသိုလ်အပြစ် ပိုကြီးမှာပါ။ ဟိုလို အကုသိုလ်အပြစ်တွေ မဖြစ်ဘူးထား၊ ဒေါသကိလေသာ၊ ဣဿာ မစ္ဆရိယကိလေသာဆိုတဲ့ ကိလေသာအပြစ်တွေကတော့ သေချာပေါက်ဖြစ်နေမှာပါပဲ။
ကိုယ်သိထားတဲ့ အားနည်းချက်လေးတစ်ခု၊ အပြစ်ကလေးတစ်ခုနဲ့ လူတစ်ယောက်ကို တန်ဖိုးဖြတ်လို့ မရပါဘူး။ ခက်တော့လည်းခက်သားပဲ။ လုပ်ရပ်ချင်းတူတောင်မှ ကိုယ်လိုတဲ့သူဆို အပြစ်မမြင် ၊ ကိုယ်မလိုတဲ့သူဆို အပြစ်မြင်တတ်တာဟာ လူ့သဘာဝဆိုတော့ ကိုယ်မလိုတဲ့သူရဲ့  အားနည်းချက်တွေ ၊ အပြစ်တွေကို ထောက်ပြပြီး ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲတမ်း ပြဿနာရှာကြဦးမှာပါပဲ။
ကိုယ်ကြည်ညိုတဲ့ ရဟန်းတစ်ပါးဆီလာတဲ့ ဒကာမတချို့ ကို ဒကာရင်း ဒကာမရင်းတချို့ က သူတို့ မကြိုက်တဲ့ အချက်ကလေးတွေ အသေကိုင်ပြီး အပြစ်ပြောချင်ကြပါတယ်။ တချို့  အချက်က တကယ်ရှိတဲ့ အားနည်းချက်၊ တချို့  အချက်က အမြင်ကပ်တဲ့ ပုဒ်မနဲ့ သတ်မှတ်ထားတဲ့ အားနည်းချက်။
တချို့ က ကွယ်ရာမှာ အပြစ်ပြောရုံနဲ့တွင် အားမရဘဲ သူမကျေနပ်တဲ့သူ သူ့ ဘုန်းကြီးဆီ နောက်မလာအောင် တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်တစ်မျိုး ပြောတတ်ကြပါသေးတယ်။ စေတနာလိုလို ဘာလိုလိုနဲ့ပေါ့။ သူတစ်ပါးရဲ့  လွတ်လပ်စွာ ကြည်ညိုခွင့်၊ လွတ်လပ်စွာ ကုသိုလ်ပြုခွင့်ကို ပိတ်ပင်တားဆီး လိုက်တာပါပဲ။
ဘယ်ဘုန်းကြီးဆီကို ဘယ်ဒကာမ လာလာ ၀ိမလာလောက်ဆိုးသူတွေတော့ မလာနိုင်လောက် ပါဘူး။ လာရင်လည်း အသိသာကြီးပါ။ တစ်ယောက်ချင်းတွေ့တာမဟုတ်ရင် ၊ အများရှေ့ မှာတွေ့တာဆိုရင် မလိုအပ်ဘဲ အလကားနေရင်း စိတ်ပူမနေပါနဲ့။
စိုးရိမ်စိတ်လွန်ကဲပြီး၊ စိတ်အပူလွန်ပြီး ဟိုလူ့ကို နောက်မလာချင်အောင် လိုက်ပြော၊ ဒီလူ့ကို နောက်မလာဖြစ်အောင် တားမြစ်ဆိုရင် သူတစ်ပါးရဲ့  စိတ်ချမ်းသာမှုနဲ့ ကုသိုလ်စိတ်၊ ကုသိုလ်ကောင်းမှု တွေကို ဖျက်ဆီးပစ်ရာ ရောက်တဲ့အတွက် ဖြစ်လေရာဘ၀ ကိုယ်လည်း စိတ်ချမ်းသာမှု ဘယ်တော့မှ ရမှာမဟုတ်သလို ကုသိုလ်အကျိုးကိုလည်း ပြည့်ပြည့်၀၀ မခံစားရဘဲ အကုသိုလ် အကျိုးတွေက အမြဲတမ်းလိုက်ပြီး ပိတ်ပင်ဟန့်တားနေကြပါလိမ့်မယ်။
ကိုယ်ကိုယ်တိုင် ၀မ်းနည်းစိတ်ဖြစ်နေရင်လည်း စိတ်မညစ်ပါနဲ့။ သူတစ်ပါး ၀မ်းနည်းစိတ် ဖြစ်နေရင်လည်း မကဲ့ရဲ့ ပါနဲ့။ ၀မ်းနည်းစိတ်ရဲ့ နောက်မှာ ကိုယ်ကိုယ်တိုင်ရဲ့  ယောနိသော (စိတ်ထားကောင်း) ကြောင့်ဖြစ်ဖြစ်၊ မိတ်ဆွေကောင်းရဲ့  အားပေးစကား၊ သို့မဟုတ် လမ်းညွှန်အဆုံးအမကြောင့်ပဲ ဖြစ်ဖြစ် အကောင်းတွေ၊ သို့မဟုတ် အကောင်းဆုံးတွေ ဖြစ်လာနိုင်ပါတယ်။
အမှားဆိုတာ မောဟမကင်းသေးသူတိုင်းရဲ့  ဘ၀မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတစ်ခုပါ။ မောဟကင်းတယ်ပဲထားဦး၊ အသိဉာဏ် မပြည့်စုံရင်၊ ကျွမ်းကျင်မှု အားနည်းရင်လည်း မှားတတ်တာပါပဲ။ မောဟကင်းရုံမက ပညာအရာမှာ အသာဆုံး၊ အမြတ်ဆုံးဖြစ်တဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး တောင်မှ ရွှေပန်းထိမ်သည်သား တပည့်ရဟန်းတစ်ပါးကို ကမ္မဋ္ဌာန်းအပေးမှားခဲ့ဖူးလို့ တပည့်ရဟန်းခမျာ စိတ်အဆင်းရဲကြီးဆင်းရဲပြီး လူထွက်ဖို့အထိ စိတ်ဓာတ်ကျသွားခဲ့ရဖူးပါတယ်။ လောကမှာ အမှားလုံးဝ ကင်းတာ ဘုရားနဲ့ ပစ္စေကဗုဒ္ဓါပဲ ရှိပါတယ်။
မောဟဆိုတာကလည်း ဘုရားရဟန္တာဖြစ်မှ (အရဟတ္တမဂ်ရပြီးမှ) ပယ်သတ်နိုင်တာဆိုတော့ မောဟကို လုံးဝ မပယ်သတ်ရသေးတဲ့ ပုထုဇဉ်လူသားတွေအနေနဲ့ အမှားတစ်ခုမဟုတ်တစ်ခုကို တစ်ချိန်မဟုတ် တစ်ချိန်မှာ ပြုမိနေကြမှာပါပဲ။
လူတိုင်းလူတိုင်းမှာ အမှားကိုယ်စီရှိကြပါတယ်။ တစ်ယောက်ရဲ့ အမှားနဲ့ တခြားတစ်ယောက်ရဲ့  အမှားတော့ တူချင်မှ တူမှာပေါ့။ တူတဲ့အမှားတွေလည်း ရှိနိုင်သလို မတူတဲ့အမှားတွေလည်း ရှိနိုင်ပါတယ်။ ကိုယ့်အမှားနဲ့ သူ့အမှား မတူရင်သာနေမယ်… ကိုယ့်မှာရော၊ သူ့မှာရော အမှားကတော့ ရှိနေတာပါပဲ။ "အမှား"ချင်းမတူကြပေမယ့် "အမှားရှိ"ချင်းကတော့ တူကြပါတယ်။ "အပြစ်"ချင်းမတူကြပေမယ့် "အပြစ်ရှိ"ချင်း ကတော့ တူကြပါတယ်။
အမှားရှိခြင်းအတူတူ သူတစ်ပါးရဲ့  အမှားကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အပြစ်မပြောသင့်ပါဘူး။ အပြစ်ရှိချင်းအတူတူ သူတစ်ပါးရဲ့  အပြစ်ကို နှုတ်ခမ်းမဲ့မဲ့ ရွဲ့  ပြီး မကဲ့ရဲ့  သင့်ပါဘူး။ အမှားရှိချင်းအတူတူ သူတစ်ပါးရဲ့  အမှားကို နားလည်စာနာပေးသင့်ပါတယ်။ အပြစ်ရှိချင်းအတူတူ သူတစ်ပါးရဲ့ အပြစ်ကို ခွင့်လွှတ်သည်းခံပေးသင့်ပါတယ်။
ကိုယ့်မှာ နားလည်စာနာမှု၊ ခွင့်လွှတ်သည်းခံမှု ရှိတယ် မရှိဘူးဆိုတာလည်း ဘယ်လောက်အတိုင်း အတာအထိ မြင့်မားတယ် မမြင့်မားဘူးဆိုတာကို သူတစ်ပါးရဲ့ အမှား၊ သူတစ်ပါးရဲ့  အပြစ်တွေနဲ့ လက်တွေ့ စမ်းသပ်ကြည့်နိုင်ပါတယ်။ သူတစ်ပါးရဲ့  အမှား သူတစ်ပါးရဲ့ အပြစ်တွေကို ထိပ်တိုက်မြင်တွေ့ ကြားသိရတဲ့ အခါ ကိုယ်ဘယ်လိုတုံ့ပြန်သလဲ၊ ကိုယ်ဘယ်လို စိတ်ထားသလဲဆိုတာကို သတိပြုလေ့လာကြည့်ရင် ကိုယ့်ရဲ့  စာနာမှုစွမ်းရည်၊ ခွင့်လွှတ်သည်းခံမှုစွမ်းရည် အဆင့်အတန်းကို အမှန်အတိုင်း သိနိုင်မှာပါ။
အမျိုးသားနှစ်ယောက်ရှိတယ် ဆိုကြပါစို့။ နှစ်ယောက်လုံးက သူတို့ရဲ့  လက်ထပ်ဖို့ ရည်ရွယ်ထား သူတွေနဲ့ လက်မထပ်ခင်မှာ အသီးသီး မှားယွင်းမိကြပါတယ်။ တစ်ယောက်က ရည်ရွယ်ထားသူနဲ့ လက်ထပ်ဖြစ်သွားပြီး တစ်ယောက်ကတော့ အကြောင်းမညီညွတ်လို့ (ဘယ်လိုမှ အကြောင်းမညီညွတ် တော့လို့) ရည်ရွယ်ထားသူနဲ့ လက်မထပ်ဖြစ်ဘဲ တခြားတစ်ယောက်နဲ့ လက်ထပ်ဖြစ်သွားပါတယ်။
လက်ထပ်ဖြစ်သွားသူက လက်မထပ်ဖြစ်တော့သူကို " မှားယွင်းပြီးကာမှ လက်မထပ်ဘူး၊ လူမှုရေး ဖောက်ပြန်တဲ့ကောင်၊ ကျောရရုံကြံတဲ့ကောင်၊ လူမဆန်တဲ့ကောင်၊ မိုက်ရိုင်းတဲ့ကောင်၊ ခွေးကောင် " လို့ အပြစ်ပြောမယ်ဆိုရင် သဘာဝကျပါ့မလား။ မှားယွင်းပြီးတဲ့နောက် လက်ထပ်ဖြစ်ခြင်း၊ လက်မထပ်ဖြစ်ခြင်း ဆိုတဲ့ နောက်ဆက်တွဲအခြေအနေကြောင့်သာ လက်မထပ်ဖြစ်သူက အပြစ်ပိုကြီးသလို ဖြစ်သွားတဲ့အတွက် " အပြစ်"ချင်းမတူတော့ပေမယ့် " လက်မထပ်ခင်မှားယွင်းခြင်း" ဆိုတဲ့ အခြေခံ " အပြစ်ရှိ " ချင်းကတော့ အတူတူပါပဲ။ အပြစ်ရှိချင်းအတူတူ တခြားတစ်ယောက်ရဲ့  အပြစ်ကို ဘာဖြစ်လို့ ကဲ့ရဲ့ ရှုတ်ချနေဦးမှာလဲ။
တကယ်လို့ လက်မထပ်ခင် မှားယွင်းခြင်းဆိုတဲ့ အပြစ် ကိုယ့်မှာ မရှိဘူးပဲထားဦး…၊ တခြားအပြစ်တစ်ခုခုတော့ ရှိနေမှာပါပဲ။ သူတစ်ပါးနဲ့ ထပ်တူအပြစ်သာ မရှိရင်နေမယ်… အပြစ်ကတော့ တစ်ခုမဟုတ်တစ်ခု ကိုယ့်မှာ ရှိနေတာပါ။ ကိုယ့်ကိုယ်ကိုယ် စင်းလုံးချော အပြစ်ကင်းစင်သူလို့ အာမခံနိုင်တဲ့သူ ဘယ်သူများရှိလို့လဲ။ ထပ်တူအပြစ်မျိုး ကိုယ့်မှာ မရှိတာနဲ့ဘဲ သူတစ်ပါးရဲ့  အပြစ်ကို လက်ညှိုးထိုးမေးငေါ့ပြီး " ငါသာဆို ဒီလိုမလုပ်ဘူး၊ ငါသူ သူ့နေရာဆို ဒီလိုလုပ်မယ် " နဲ့ ကဲ့ရဲ့  ရှုတ်ချ ပုတ်ခတ်ဝေဖန်နေတာဟာ ကိုယ့်ကိုယ်ကိုယ် လုံးဝအပြစ်ကင်းစင်သူလို့ အထင်ရောက် ဘ၀င်မောက် နေတာပါပဲ။
ကိုယ့်အမှား၊ ကိုယ့်အပြစ်ကို သူတစ်ပါးက နားလည်ပေးရင်၊ ခွင့်လွှတ်ရင် ကိုယ်ဘယ်လောက် စိတ်ချမ်းသာသလဲ။ သူ့အမှား၊ သူ့အပြစ်ကို ကိုယ်က နားလည်ပေးမယ်၊ ခွင့်လွှတ်ပေးမယ်ဆိုရင်လည်း သူဘယ်လောက် စိတ်ချမ်းသာသွားမလဲ။ ကိုယ်ချင်းစာတရားသာ လက်ကိုင်ထားမယ်ဆိုရင် ဘယ်သူ့ အပေါ်မှာမှ နားလည်မပေးနိုင်စရာ၊ ခွင့်မလွှတ်နိုင်စရာ မရှိတော့ပါဘူး။ နားလည်မှုနဲ့ ခွင့်လွှတ်မှုဆိုတာ ကိုယ်ချင်းစာတရား အားကောင်းသူတွေရဲ့  နှစ်သက်မြတ်နိုးဖွယ်ရာ အဖိုးတန်ရတနာတွေပါပဲ။ နားလည် ပေးတတ်၊ ခွင့်လွှတ်တတ်ရင် ကိုယ်လည်း စိတ်ချမ်းသာ၊ သူတစ်ပါးလည်း စိတ်ချမ်းသာပါတယ်။
သူတစ်ပါးကို မှားတယ်၊ အပြစ်ရှိတယ်လို့ ကိုယ်က ယေဘုယျစံကို အသေကိုင်ပြီး သတ်မှတ်လိုက်ပေမယ့် သူ့အကြောင်းနဲ့သူ၊ သူ့အနေအထားနဲ့သူ၊ သူ့ဘ၀နဲ့သူ၊ သူ့ခံစားချက်နဲ့သူ ဖြစ်နေရတာ၊ ဖြစ်သွားရတာဆိုတော့ သူ့ဘက်ကကြည့်ရင် မှားချင်မှလည်း မှားမှာပါ။ အပြစ်ရှိချင်မှလည်း ရှိမှာပါ။ သူ့ကိုယ်ရေးကိုယ်တာ၊ သူ့အတွင်းရေးကို သူသာအသိဆုံးမို့ ကိုယ်က ဘေးကနေ အပေါ်ယံ ကြည့်ပြီး ဝေဖန်ရင် ဝေဖန်တဲ့ ကိုယ်ပဲ မှားနေပါလိမ့်မယ်။ ဝေဖန်တဲ့ ကိုယ်ပဲ အပြစ်ရှိနေပါလိမ့်မယ်။
တကယ်တော့လည်း ပြန်ပြင်လို့ မရတော့တဲ့ သူတစ်ပါးရဲ့  အမှားတွေ၊ အပြစ်တွေကို ကိုယ်က ပါးစပ်အရသာခံပြီး ကဲ့ရဲ့  ရှုတ်ချ ပြစ်တင်ဝေဖန်နေရုံနဲ့ သူတစ်ပါးရဲ့  အမှားတွေက အမှန်ပြန်ဖြစ်မလာနိုင် တော့သလို သူတစ်ပါးရဲ့  အပြစ်တွေကလည်း အပြစ်မဲ့ဖြစ်မသွားနိုင်တော့ပါဘူး။ အပြစ်ပြောတဲ့ကိုယ်သာ အလကားနေရင်း အကုသိုလ်ကံတွေ စုဆောင်းသိမ်းဆည်းပြီးသား ဖြစ်သွားပါတယ်။
တစ်ခါတစ်ရံမှာ အမှားကြောင့် အမှန်ဖြစ်သွားတာလည်း ရှိပါတယ်။ အပြစ်ကြောင့်အပြစ်ကင်း သွားတာလည်း ရှိပါတယ်။ ၀ိမလာထေရီမရဲ့  အဖြစ်အပျက်ကို ကြည့်ရင် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကို ဖြားယောင်းသွေးဆောင်ခြင်းဆိုတဲ့ အင်မတန် ကြီးမားတဲ့ အမှားကြောင့်ပဲ သစ္စာလေးပါးဆိုတဲ့ အမှန်တရားကို ထိုးထွင်း သိခွင့်ရသွားခဲ့တာပါ။ ရဟန္တာကို ကာမဖြင့် မြှူဆွယ်ခြင်းဆိုတဲ့ အင်မတန်ကြီးမားတဲ့ အပြစ်ကြောင့်ပဲ သံသရာဝဋ်ဆင်းရဲဆိုတဲ့ အပြစ်ဒဏ်တွေကနေ လုံးဝ လွတ်မြောက်ခွင့် ရသွားခဲ့တာပါ။ တစ်ဆင့်ခံ အကြောင်းတရားအနေနဲ့ အမှားက အမှန်ကို အပြစ်က အပြစ်မဲ့ကို ကျေးဇူးပြုသွားတာပါပဲ။
ကိုယ့်ရဲ့  လက်တွေ့ ဘ၀ထဲမှာ ကြုံတွေ့နေရတဲ့ သူတစ်ပါးရဲ့  လောလောဆယ်အမှား၊ လောလောဆယ်အပြစ်တွေက နောင်တစ်ချိန်မှာ အဲဒီသူတစ်ပါးအတွက် ကောင်းကျိုးချမ်းသာတွေ ဖြစ်ထွန်းလာလိမ့်မယ်၊ အဲဒီသူတစ်ပါးအတွက်သာမက ပတ်ဝန်းကျင်အတွက်ပါ၊ အားလုံးအတွက်ပါ ကောင်းကျိုးချမ်းသာ ဖြစ်ထွန်းလာလိမ့်မယ်လို့ ကိုယ်ကကြိုပြီး သိနိုင်လို့လား။ ကြိုပြီးမသိနိုင်ဘဲနဲ့ လောလောဆယ် အခြေအနေလေးကိုပဲ ကွက်ကြည့်ပြီး အပြစ်ပြောမယ်ဆိုရင် ကိုယ်ပဲ မှားသွာမှာပေါ့။ ကိုယ်ပဲ အပြစ်ဖြစ်သွားမှာပေါ့။
သူတစ်ပါးရဲ့  ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တဲ့ အမှားတွေ၊ အပြစ်တွေကနေ ကိုယ်က ဘာမှ မယူပါနဲ့။ တကယ်လို့ တစ်ခုခုယူချင်တယ်ဆိုရင်လည်း ကုသိုလ်ပဲယူပါ။ အကုသိုလ်မယူပါနဲ့။ စိတ်ထားကောင်းနဲ့ စိတ်ကောင်းထားနိုင်ရင် ကုသိုလ်ရပါတယ်။ စိတ်ထားမကောင်းနဲ့ စိတ်ကောင်း မထားနိုင်ရင် အကုသိုလ်ပါတယ်။
အမှားကျူးလွန်မိသူကို မကျေမနပ် ဒေါသဖြစ်နေရင် မကျေမနပ် ဒေါသဖြစ်နေသူလည်း အမှားကျူးလွန်နေတာပါပဲ။ အပြစ်လုပ်မိသူကို အပြစ်ပြော ဒေါသထွက်နေရင် အပြစ်ပြော ဒေါသထွက်နေသူလည်း အပြစ်လုပ်နေတာပါပဲ။ မကျေမနပ် ဒေါသဖြစ်နေတာကိုက အမှားပါ။ အပြစ်ပြော ဒေါသထွက်နေတာကိုက အပြစ်ပါ။
အမှားတစ်ခုခုပြုမိတဲ့အခါ အဲဒီအမှားကို ပြန်တွေးပြီး ဒါမှမဟုတ် အဲဒီအမှားရဲ့  နောက်ဆက်တွဲ ဆိုးကျိုးကို ပြန်တွေးပြီး ၀မ်းနည်းတတ်၊ စိတ်ဆင်းရဲတတ်ပါတယ်။ ပြီးတော့ " လုပ်မိခဲ့လေခြင်း" လို့ နောင်တရနေတတ်ပါတယ်။ တကယ်တော့ ၀မ်းနည်း စိတ်ဆင်းရဲနေစရာ ၊ နောင်တရနေစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ အမှားတွေက ကိုယ့်ရဲ့  ဘ၀လမ်းကြောင်း အလှည့်အပြောင်းကို အကောင်းဆုံး ဖြစ်အောင် နည်းလမ်းတစ်မျိုးနဲ့ ပုံဖော်တတ်လို့ပါပဲ။
ဝိမလာထေရီမရဲ့  ဘ၀လမ်းကြောင်းဟာ ရဟန္တာကို ဖြားယောင်းခြင်းဆိုတဲ့ အမှားကြောင့် အပြောင်းအလဲ ဖြစ်သွားခဲ့ရတာပါ။ ဖြားယောင်းခြင်းဆိုတဲ့ အမှားပြုမိလို့သာ သူတော်ကောင်းတရား နာကြားခွင့်ရပြီး အေးချမ်းတဲ့ရဟန်းဘ၀ကိုရော၊ လွတ်လပ်တဲ့ ရဟန္တာဘ၀ကိုပါ ပိုင်ဆိုင်သွားခဲ့ပါတယ်။
အမှားပြုမိသူ၊ အမှားကြောင့် အဆိုးကြုံနေရသူတွေအတွက် ၀ိမလာထေရီမရဲ့  အဖြစ်အပျက်က အားဆေးတစ်ခွက်ပါပဲ။ အမှားကို အကောင်းဆုံး အသုံးချတတ်ဖို့ လမ်းညွှန်ပြနေပါတယ်။
အမှားဆိုတာ ဘ၀ရဲ့  ပဲ့ကိုင်တစ်မျိုးပါ။ တစ်ခါတစ်ရံမှာ အမှားတွေက ကိုယ့်ရဲ့ ဘ၀အချိုးအကွေ့ကို အကောင်းဆုံးဘက် လုံးဝပြောင်းလဲသွားအောင် ပဲ့ကိုင်ပေးတတ်ပါတယ်။ အမှားရဲ့  ပဲ့ကိုင်မှုကြောင့်ပဲ ကိုယ့်ရဲ့  နဂိုက တိမ်းစောင်းနေတဲ့ ဘ၀လမ်းကြောင်းက အကောင်းဆုံးဘက် တည့်မတ်သွားတတ်ပါတယ်။
အမှားဆိုတာ ဘ၀ရဲ့  ချိန်ခွင်လျှာတစ်မျိုးပါ။ တစ်ခါတစ်ရံမှာ အမှားတွေက ကိုယ့်ရဲ့  ဟန်ချက်မညီ ဖြစ်နေတဲ့ ဘ၀နေထိုင်မှုပုံစံကို ဟန်ချက်ညီသွားအောင် ထိန်းညှိပေးတတ်ပါတယ်။ အမှားတစ်ခု ပြုလိုက်မိပြီးမှ ကိုယ့်ရဲ့  ဘ၀နေထိုင်မှုပုံစံကို ကိုယ်တကယ်ဖြစ်ချင်တဲ့အတိုင်း၊ အမှန်တကယ် ဖြစ်သင့်တဲ့ အတိုင်း ဟန်ချက်ညီညီ ပြုပြင်ပြောင်းလဲဖြစ်သွားတယ်ဆိုရင် အဲဒီအမှားက ကိုယ့်ဘ၀ရဲ့  ကျေးဇူးရှင်ပါပဲ။
အမှားဆိုတာ ဘ၀ရဲ့  မန်နေဂျာတစ်မျိုးပါ။ တစ်ခါတစ်ရံမှာ အမှားတွေက ကိုယ့်ရဲ့  ဟန်ချက် မညီဖြစ်နေတဲ့ အလုပ်တွေ ကသောင်းကနင်းဖြစ်နေတဲ့အလုပ်တွေ ၊ ဖရိုဖရဲပြန့်ကျဲနေတဲ့ အလုပ်တွေ၊ မနိုင်ဝန်ထမ်းဖြစ်နေတဲ့ အလုပ်တွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပေးတတ်ပါတယ်။ အမှားတွေ ပြုမိပြီးမှပဲ ကိုယ့်အရည်အချင်းနဲ့ အထိုက်တန်ဆုံးအလုပ်က ဘာလဲ၊ ကိုယ့်ဘ၀အနေအထားနဲ့ အသင့်တော်ဆုံးအလုပ်ကဘာလဲဆိုတာကို တိတိကျကျသိသွားပြီး ဘ၀နဲ့အလုပ်၊ အလုပ်နဲ့ဘ၀ ထပ်တူကျသွားတယ်ဆိုရင် ကိုယ့်အလုပ်ကို ကိုယ့်ဘ၀နဲ့ အံဝင်ခွင်ကျဖြစ်အောင် စနစ်တကျ စီမံခန့်ခွဲပေးတဲ့ အမှားတွေကို အထူးကျေးဇူးတင်ရပါလိမ့်မယ်။
အမှားဆိုတာ ဘ၀ရဲ့  တရားသူကြီးတစ်မျိုးပါ။ တစ်ခါတစ်ရံမှာ အမှားတွေက ဆုံးဖြတ်ချက် မချနိုင်ဖြစ်နေတဲ့ ကိစ္စရပ်တွေကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးတတ်ပါတယ်။ ကိုယ်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ရမယ်ဆိုတာ သိသိကြီးနဲ့ ယတိပြတ် မဆုံးဖြတ်နိုင်ဘဲ တွေဝေနေတဲ့အချိန်၊ " လုံးဝမလုပ်တော့ ရင်ကောင်းမလား၊ အကန့်အသတ်လေးနဲ့ လုပ်ရင် ကောင်းမလား " လို့ တွေဝေနေတဲ့အချိန်မှာ အမှားတစ်ခု ပြုမိသွားရာက အဲဒီအမှားနဲ့ပတ်သက်တဲ့ စိတ်ခံစားချက်က ကိုယ်မလုပ်သင့်တော့တဲ့ အလုပ်၊ ကိုယ်မလုပ်ချင်တော့တဲ့အလုပ်ကို လုံးဝမလုပ်တော့ဖို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ ကိုယ်လုပ်သင့်တဲ့အလုပ်၊ ကိုယ်လုပ်ချင်တဲ့အလုပ်ကိုလည်း နည်းတူပါပဲ။ တစ်ခါတစ်ရံမှာ အမှား၊ သို့မဟုတ် အမှားကြောင့်ဖြစ်တဲ့ ဆိုးကျိုးက လုပ်ဖို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။
အမှားဆိုတာ ဘ၀ရဲ့  တရားဟောဆရာတစ်မျိုးပါ။ တစ်ခါတစ်ရံမှာ အမှားတွေက ကိုယ့်ကို မလုပ်သင့်တာမလုပ်ဖို့၊ လုပ်သင့်တာလုပ်ဖို့ အမြဲသတိပေးနေပါတယ်။ မလုပ်သင့်တာတစ်ခုလုပ်မယ်ကြံ တိုင်း တစ်ချိန်က ဒီလိုလုပ်ခဲ့မိတဲ့ အမှားကြောင့် ဘယ်လိုဆိုးကျိုး ကြုံခဲ့ရတယ်ဆိုတာ သတိရပြီး အဲဒီမလုပ်သင့်တဲ့အလုပ်ကို မလုပ်ဖြစ်တော့ပါဘူး။ လုပ်သင့်တာတစ်ခု မလုပ်တော့မယ်ကြံတိုင်း တစ်ချိန်က ဒီလိုမလုပ်ခဲ့မိတဲ့ အမှားကြောင့် ဘယ်လိုကောင်းကျိုးလွဲခဲ့ရတယ်ဆိုတာ သတိရပြီး အဲဒီလုပ်သင့်တဲ့အလုပ် ကို လုပ်ဖြစ်သွားပါတယ်။
အမှားဆိုတာ ဘ၀ရဲ့  အားဆေးတစ်မျိုးပါ။ တစ်ခါတစ်ရံမှာ အမှားတွေက မပြတ်သားတဲ့ စိတ်ဓာတ် ချည့်နဲ့မှုရောဂါ၊ မခိုင်မာတဲ့ စိတ်ဓာတ်ပျော့ညံ့မှုရောဂါကို ကင်းပျောက်စေပါတယ်။ အမှားကရတဲ့ သင်ခန်းစာတွေကြောင့် မလုပ်သင့်တဲ့အလုပ်တွေကို ရဲရဲကြီး ရှောင်နိုင်တဲ့ စိတ်ဓာတ်အင်အား၊ လုပ်သင့်တဲ့ အလုပ်တွေကို ရဲရဲကြီး လုပ်နိုင်တဲ့ စိတ်ဓာတ်အင်အား ရရှိသွားတဲ့အတွက် အလုပ်အောင်မြင်မှု၊ ဘ၀ကြံ့ ခိုင်မှု ပန်းတိုင်ကို ပိုင်ပိုင်နိုင်နိုင်ကြီး လှမ်းကိုင်ဆုပ်ယူခွင့် ရသွားပါတယ်။
အမှားဆိုတာ ဘ၀ရဲ့  လမ်းပြကြယ်တစ်မျိုးပါ။ တစ်ခါတစ်ရံမှာ အမှားတွေက ကိုယ်လျှောက်ရမယ့် လမ်းကို ထင်ထင်ရှားရှား မီးမောင်းထိုးပြတတ်ပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ် မဆုံးဖြတ်နိုင်ဖြစ်နေလို့ ကံတရားက အမှားကို ကိုယ်စားလှယ်စေလွှတ်ပြီး ရွေးချယ်ပေးလိုက်တဲ့လမ်းဟာ တကယ်တော့ ကံခင်းပေးတဲ့လမ်းပါပဲ။ ကံတရားရဲ့  ကိုယ်စား အမှားက ခင်းပေးတဲ့လမ်းဟာ တကယ်လည်း ကိုယ့်ဘ၀အတွက် အသင့်တော်ဆုံးဆိုတာကို ဉာဏ်နဲ့ သိခဲ့ရင် အဲဒီအမှားခင်းပေးတဲ့ လမ်းမှန်ပေါ်မှာပဲ ယုံယုံကြည်ကြည်၊ တည့်တည့်မတ်မတ် လျှောက်လှမ်းသင့်ပါတယ်။
အမှားရယ်၊ ဆုံးဖြတ်ချက်ရယ်၊ အလုပ်ရယ်က တွဲနေတာပါ။ အမှားရဲ့ နောက်မှာ ဆုံးဖြတ်ချက်က ကပ်နေပါတယ်။ အမှားကြောင့်ဖြစ်လာတဲ့ စိတ်ခံစားချက်က ဆုံးဖြတ်ရခက်နေတဲ့ကိစ္စတွေကို ယတိပြတ် ဆုံးဖြတ်ပေးပါတယ်။ အဲဒီအခါမှာ မဆုံးဖြတ်နိုင်ဖြစ်နေချိန်က ခံစားခဲ့ရတဲ့ စိတ်တင်းကျပ်ပူလောင်မှုတွေ ပပျောက်ပြီး စိတ်လွတ်လပ်အေးချမ်းသွားပါတယ်။
အမှားကြောင့် ဆုံးဖြတ်ချက် ပြတ်သားသွားပြီး လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေနဲ့ လမ်းမှန်ပေါ် ရောက်သွားပြီဆိုရင်တော့ အလားတူအမှားမျိုး ထပ်မမှားအောင် ကြိုးစားရင်း လမ်းဆုံးအထိ လျှောက်သွားဖို့လိုပါတယ်။ " မှားရကြိုးနပ်အောင် ကြိုးစားမယ် " လို့ နှလုံးသွင်းထားမယ်ဆိုရင် အမှားကို အကြောင်းပြုပြီး ချမှတ်ထားခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် အခိုင်အမာ ရပ်တည်နိုင်သွားမှာပါ။ အမှားနဲ့ ရင်းနှီးခဲ့ရတဲ့ အမှန်ကို ဘယ်တော့မှ အမှားပြန်မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်မှ မှားရကျိုးနပ်မှာပါ။
အမှားရဲ့  အကြောင်းအရင်းကို တွေ့အောင်ရှာပြီး အဲဒီအကြောင်းတွေကို ပြုပြင်ပြောင်းလဲ လိုက်မယ်ဆိုရင် ကိုယ့်ရဲ့  ဘ၀ဟာ သိသိသာသာကြီး အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ရည်မှန်းချက်နဲ့ အလုပ်အပေါ် မူတည်ပြီး အဲဒီအပြောင်းအလဲဟာ ကိုယ့်ဘ၀ တိုးတက်အောင်မြင်ဖို့၊ သို့မဟုတ် ကိုယ့်ဘ၀ လွတ်လပ်အေးချမ်းဖို့ ဖြစ်သွားပါလိမ့်မယ်။
" ငါ့ဘ၀ တိုးတက်အောင်မြင်ဖို့၊ သို့မဟုတ် ငါ့ဘ၀ လွတ်လပ်အေးချမ်းဖို့အတွက် အမှားတွေဆိုတာ ရှိကိုရှိနေမှာပဲ။ အမှားတွေဆိုတာ ကြုံကို ကြုံနေမှာပဲ " လို့ အမှားတွေကို လက်ခံစိတ် မွေးထားမယ်ဆိုရင် အမှားတွေနဲ့ ရင်ဆိုင်ရမှာ ကြောက်ဖို့ မလိုတော့ပါဘူး။ တမင်မှားအောင်တော့လည်း လုပ်စရာမလိုဘူးပေါ့။ မမှားအောင် ဂရုစိုက်နေတဲ့ကြားက မှားသွားရင်တော့ အဲဒီအမှားကို ကျေကျေနပ်နပ် လက်ခံပြီး မှားရကျိုးနပ်အောင် ကြိုးစားသွားရပါမယ်၊ မှားတာတန်အောင် အားထုတ်သွားရပါမယ်။
တကယ်တော့လည်း အမှားတိုင်းရဲ့  နောက်မှာ ကိုယ်ကြိုမသိနိုင်တဲ့ (တစ်ခါတစ်ရံတော့လည်း ကြိုသိနိုင်တဲ့) အခွင့်အလမ်းကောင်းတွေ ရှိနေပါတယ်။ မြင်အောင်ကြည့်၊ တွေ့အောင်ရှာပြီး အဲဒီအခွင့်အလမ်းကို အကောင်းဆုံး အသုံးချတတ်မယ်ဆိုရင် အမှားခင်ကထက် ကောင်းကျိုးချမ်းသာတွေ ပိုဖြစ်ထွန်းလာတဲ့အတွက် " မှားမိတာ မှန်လိုက်လေခြင်း " လို့ မှားမိတာကို ကျေနပ်လို့မဆုံး ဖြစ်နေမှာ သေချာပါတယ်။ မှားမိလို့ ပိုကောင်းသွားတဲ့ အဖြစ်အပျက်တွေ ကိုယ့်ရဲ့  လက်တွေ့ ဘ၀မှာ အများကြီး ကြုံဖူးကြမှာပါ။
အမှားကို အကုသိုလ်လို့ သတ်မှတ်ခဲ့ရင် အကုသိုလ်ကြောင့် ကောင်းကျိုးရရိုးမရှိဘူးလို့ တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ အကုသိုလ်ကြောင့် တိုက်ရိုက် ကောင်းကျိုးမဖြစ်ပေမယ့် တစ်ဆင့်ခံ အကြောင်းတရားအနေနဲ့ကတော့ တစ်ခါတစ်ရံမှာ ကောင်းကျိုးဖြစ်စေနိုင်ပါတယ်။ အကုသိုလ်ကြောင့် ကုသိုလ်ဖြစ်၊ ကုသိုလ်ကြောင့် ကောင်းကျိုးဖြစ်….မယ်ဆိုရင် အကုသိုလ်ဟာ ကောင်းကျိုးရဲ့  တစ်ဆင့်ခံ အကြောင်းတရားပဲပေါ့။ ကြားထဲမှာ " ကုသိုလ် " ဆိုတဲ့ " တစ်ဆင့် " ခံနေလို့ တစ်ဆင့်ခံလို့ ပြောတာပါ။ ပဋ္ဌာန်းတရားတော်မှာ အကုသိုလ်ကလည်း ကုသိုလ်ကို တစ်ခါတစ်ရံ ကျေးဇူးပြုနိုင်တယ်လို့ ဟောကြားထားပါတယ်။
အမှားကြောင့် တိုက်ရိုက်ကောင်းကျိုးမဖြစ်ပေမယ့် အမှားကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အခြေအနေတွေကြောင့်တော့ ကောင်းကျိုးဖြစ်နိုင်ပါတယ်။ တချို့  ပုဂ္ဂိုလ်တွေအတွက် အမှားအခြေအနေ မျိုးမှာ အတိတ်ကုသိုလ်ကံက အကျိုးဝင်ပေးတဲ့အတွက် ကောင်းကျိုးဖြစ်သွားသလို တချို့  ပုဂ္ဂိုလ်တွေ အတွက်ကတော့ အမှားအခြေအနေကို ပုစ္စုပ္ပန်ဉာဏ်၊ ၀ီရိယနဲ့ပဲ အမှားတွေကို တန်အောင် အသုံးချသွားရမှာပါပဲ။ " အမှားကို တန်အောင် အသုံးချခြင်း " ဆိုတဲ့ " ပစ္စုပ္ပန်ကံ " ကောင်းနေရင် အတိတ်ကံကောင်းတွေကလည်း ပူးပေါင်းပြီး ကောင်းကျိုးပေးကြမှာ မလွဲပါဘူး။
" အမှား " ဆိုတိုင်းလည်း အကုသိုလ်တော့ မဟုတ်ပါဘူး။ ကုသိုလ်ဖြစ်နေတဲ့ အမှားတွေလည်း ရှိပါတယ်။ ကုသိုလ်အလုပ်ပေမယ့် အခြေအနေ၊ အချိန်အခါနဲ့ မကိုက်ညီရင်၊ ကိုယ့်ရည်မှန်းချက်နဲ့ မဆီလျော်ရင်၊ ကိုယ့်ဘ၀အနေအထားနဲ့ အံမ၀င်ရင် ကုသိုလ်အလုပ်လုပ်မိတာကိုက အမှားလုပ်မိတာပါပဲ။
ကုသိုလ်အလုပ်တွေ အများကြီးရှိတဲ့အထဲက အခုလောလောဆယ် အခြေအနေအရ မလုပ်သင့် သေးတဲ့၊ ခေတ္တရပ်နားထားသင့်တဲ့ ကုသိုလ်အလုပ်ကို လုပ်လိုက်တာဟာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် အမှားလုပ်လိုက်တာပါပဲ။ " လုပ်မိလေခြင်း " လို့ နောင်တရတယ်ဆိုရင်ကိုပဲ အကုသိုလ်ဖြစ်နေလို့ မှားနေပါပြီ။ ဒါပေမယ့် အဲဒီအမှားထဲကပဲ သင်ခန်းစာယူတတ်တယ်၊ ဆုံးဖြတ်ချက် ချတတ်မယ်ဆိုရင်တော့ နောက်ဆက်တွဲကောင်းကျိုးတွေ မျှော်လင့်ထားတာထက် အများကြီး များလာနိုင် ပါတယ်။
အကုသိုလ်အလုပ်နဲ့ပဲ မှားမှား၊ ကုသိုလ်အလုပ်နဲ့ပဲ မှားမှား၊ မှားမိတဲ့ အမှားထဲကနေတော့ အကျိုးအမြတ်တစ်ခုခု မရရအောင် ယူရပါမယ်။ အမှားကို တန်အောင် အသုံးချရပါမယ်။ မှားမိသမျှ အမှားတိုင်း " အမှားကောင်း"တွေချည်း ဖြစ်အောင် ကြိုးစားရပါမယ်။
အမှားထဲက အကျိုးအမြတ်ရအောင် ယူတဲ့နေရာမှာ တစ်ခါတစ်ရံတော့ မိတ်ဆွေကောင်းရဲ့  အကူအညီ လိုအပ်ပါတယ်။ ကိုယ့်အမှားကို နားလည်ပေးနိုင်တဲ့၊ ကိုယ့်အပြစ်ကို ခွင့်လွှတ်တတ်တဲ့၊ ကိုယ့်အမှားထဲကနေ ကောင်းကျိုးပေါ်ထွက်လာအောင် နည်းလမ်းညွှန်ပြပေးနိုင်တဲ့ ရင်ဘတ်မိတ်ဆွေ၊ နှလုံးလှမိတ်ဆွေ၊ ပညာရှိမိတ်ဆွေဟာ အမှားကို တန်အောင် အသုံးချပေးမယ့် မိတ်ဆွေကောင်းပါပဲ။ ၀ိမလာထေရီမဟာ အရှင်မဟာမောဂ္ဂလ္လာန်ဆိုတဲ့ မိတ်ဆွေကောင်းရဲ့  မေတ္တာလည်းပါ၊ ပညာလည်းပြည့်တဲ့ အကူအညီကြောင့် အမှားထဲကနေ အကောင်းဆုံး အကျိုးအမြတ် ရရှိသွားခဲ့တာပါ။
အမှားထဲကနေ အမြတ်ထုတ်ပေးမယ့် မိတ်ဆွေကောင်းရဖို့ ဆိုတာကလည်း ကိုယ်က အရင်ဆုံး မိတ်ဆွေကောင်းဖြစ်ခဲ့ဖူးဖို့ လိုပါတယ်။ သူတစ်ပါးအမှားကို နားလည်ပေးခဲ့ဖူးမှ ကိုယ့်အမှားကို နားလည်ပေးမယ့်သူနဲ့ တွေ့မှာပါ။ သူတစ်ပါးအပြစ်ကို ခွင့်လွှတ်ခဲ့ဖူးမှ ကိုယ့်အပြစ်ကို ခွင့်လွှတ်မယ့်သူနဲ့ ဆုံမှာပါ။
အမှားဆိုတာ အလကားနေရင်း ထပ်တလဲလဲ ပြန်တွေးပြီး နောင်တရ ၀မ်းနည်းနေရမယ့်အရာ မဟုတ်ပါဘူး။ လိုအပ်တဲ့အခါ ကိုယ့်ရဲ့  ဘ၀လမ်းညွှန်အဖြစ် စိတ်ဓာတ်အင်အားယူရမယ့်အရာပါ။
အမှားကိုပြန်တွေးပြီး " အဲဒီတုန်းက အဲဒီလို ငါမလုပ်ခဲ့မိရင်ကောင်းမှာ၊ အဲဒီတုန်းက အဲဒီလို ငါလုပ်ခဲ့မိရင်ကောင်းမှာ " လို့ နောင်တရပူပန်နေရုံနဲ့ မှားခဲ့ပြီးတဲ့အမှားက အမှန်ပြန်ဖြစ်မလာနိုင်တော့ပါဘူး။ မှားခဲ့ပြီးသားကို ပြန်ပြင်လို့ မရတော့ပါဘူး။ နောင်မမှားအောင်ပဲ ကြိုးစားရပါတော့မယ်။
ကိုယ်မှားခဲ့တဲ့ အမှားတွေကို မလိုအပ်ဘဲ အမြဲတွေးနေစရာ မလိုပါဘူး။ အမှားနဲ့ရင်းနှီးပြီး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြင်မိတော့မယ်ကြံမှ အဲဒီဆုံးဖြတ်ချက်ကို ဖြစ်စေခဲ့တဲ့အမှားကို ပြန်တွေးရမှာပါ။ အမှားနဲ့ ဆုံးဖြတ်ချက် ဆက်စပ်ခဲ့ပုံကို သေသေချာချာ အလေးအနက် ပြန်စဉ်းစားလိုက်ရင် ပြင်လုဆဲဆဲ ဆုံးဖြတ်ချက် ပြန်ခိုင်မာသွားပါလိမ့်မယ်။
No comments:
Post a Comment