တာလီဘန်များ၏ တေးဂီတနှင့်ပတ်သက်သော တားမြစ်ချက် များကို လိုက်နာရန် ငြင်းဆန်ခဲ့သည့် အာဖဂန်ပေါ့စတား အဆိုတော် တစ်ဦးသည် ဇွန်လ ၁၈ ရက် ညဘက်အလှပြင်ဆိုင်မှ အပြန်တွင် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အသက် ၂၄ နှစ်အရွယ် ပါကစ္စတန် အဆိုတော် ဂါဇာလာဂျာဗက်သည် အလှပြင်ဆိုင်မှ ကားဖြင့်အပြန် သေနတ်သမားများက ဆိုင်ကယ်ဖြင့် လိုက်လံ ပစ်ခတ်ခံရခြင်းဖြစ်သည်။ လုပ်ကြံခံရချိန်တွင် ၄င်းနှင့်အတူ ကားပေါ် ပါလာသော ဖခင်ဖြစ်သူမှာလည်း သေဆုံးခဲ့ရသည်။
လုပ်ကြံသူ ဖြစ်ဖွယ်ရှိသည်ဟု သံသယရှိသူ တစ်ဦးမှာ သူမ၏ ခင်ပွန်းဟောင်း ဖြစ်ပြီး ၄င်းတွင် သူမအပြင်
ဇနီးမယား တစ်ဦး ရှိသေးသည်ဟု သိရှိခဲ့ ပြီးနောက် ကွာရှင်းပြတ်စဲခဲ့ခြင်း ဖြစ်သည်။ ရှေးရိုးစွဲလူမှု အသိုက်အဝန်းနှင့် အမျိုးသား ကြီးစိုးရေးဝါဒ ထွန်းကားရာ အရပ်ဒေသဖြစ်သောကြောင့် သူမ၏ ကွာရှင်းပြတ်စဲ မှုမှာ အများအမြင် မတင့်တယ်ဖြစ်ခဲ့ရသည်။
သေနတ်ကိုင် ဆိုင်ကယ်သမားတို့၏ ရမ်းကား ပစ်ခတ်မှုကြောင့် သူမအား ကျည်ဆံ ၆ ချက် ထိမှန်ပြီး ဖခင်ဖြစ်သူနှင့် အတူ ပက်ရှဝါဆေးရုံသို့ သယ်ဆောင် သွားစဉ် သေဆုံးသွားခဲ့သည်ဟု CNN သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဂီတနှင့်အကတို့ ဆန့်ကျင်တားမြစ်သော ပါကစ္စတန် တာလီဘန်များကြောင့် မစ္စဂျာဗက် အပါအဝင် အနုပညာရှင် များအတွက် ဖန်တီးတင်ဆက်မှု များပြုရန် များစွာ ခက်ခဲလာခဲ့သည်။ မစ္စဂျာဗက်သည် သီချင်းနှင့် ရုပ်သံဗီဒီယို ပေါင်းများစွာ ရိုက်ကူး ထုတ်လွှင့်ခဲ့ပြီး ဒူဘိုင်းတွင်လည်း ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့သည်။ ယခုလုပ်ကြံမှုတွင် တာလီဘန်များ ပါဝင်ပတ်သက်သည့် အရိပ်အယောင် မတွေ့ရဟု ရဲ အရာရှိ Imtiaz Altaf က ဆိုသည်။ မစ္စဂျာဗက် သည် လွန်ခဲ့သော ခြောက်လခန့် က ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြီး ဖခင်၏ နေအိမ်တွင် ပြန်လည်နေထိုင်တော့မည့် အကြောင်းကို သတင်း မီဒီယာများက အကျယ်တဝင့် ရေးသားဖော်ပြခဲ့ကြသည်။
No comments:
Post a Comment