ဧဒင်အချစ်ပုံပြင်: ကျော်ကိုကို အာရုံကြော အားနည်းသော ရောဂါကြောင့် တစ်လခွဲခန့် အနား ယူရဖွယ်ရှိ

Friday 20 July 2012

ကျော်ကိုကို အာရုံကြော အားနည်းသော ရောဂါကြောင့် တစ်လခွဲခန့် အနား ယူရဖွယ်ရှိ

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် AFC U - 22 Championship ခြေစစ်ပွဲတွင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တောင်ကိုရီးယား စသည့် ပွဲစဉ်များတွင် မြန်မာ့လက်ရွေးစင် ကစားသမား ကျော်ကိုကိုသည် အစွမ်းကုန် ကြိုးစားကစားခဲ့ရာမှ တောင်ကိုရီးယားနှင့် ပွဲစဉ်အပြီးတွင် တံကောက်ခွက် ဒဏ်ရာရရှိမှုကြောင့် ယခုအခါတွင် ဆေးကုသမှု ခံယူလျက်ရှိနေကြောင်း သိရသည်။
ကျော်ကိုကိုသည် တောင်ကိုရီးယားနှင့် ပွဲစဉ်အပြီး ဘောလုံးသမားများ အားလုံး အပြင်းအထန် ကစားပြီးချိန်တိုင်း ပြုလုပ်ရသည့် ခန္ဓာကိုယ် တစ်ခုလုံး ရေခဲစိမ်ခြင်းကို ပြုလုပ်ခဲ့ပြီး၊ နောက်တစ်နေ့ နံနက် အိပ်ရာမှထချိန်တွင် အာရုံကြောဆိုင်းသလိုဖြစ်ကာ အသင်းဆရာဝန် ဒေါက်တာအောင်ကျော်ဦးက ကုသမှုပေးခဲ့ပြီး၊
ဆက်လက် ဆေးကုသမှု ခံယူရန်အတွက် ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးထံ ရောက်ရှိခဲ့ကြောင်း၊ ကျော်ကိုကို၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှလည်း ဆေးကုသမှု ခံယူရာတွင် လိုအပ်သည်များကို ပံ့ပိုးပေးထားကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက “သူက ခြေဖျားထောက်ပြီး လျှောက်ရင်ရတယ်။
ခြေဖနောင့်ထောက်ပြီး သွားမယ်ဆိုရင် ညာခြေထောက်က အားနည်းနေပါတယ်။ အဲဒါက အာရုံကြော (Nerve) အားနည်းသွားတဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့် အဲဒီခြေထောက်နဲ့ ခြေဖျားကထုံပြီး ခြေဖနောင့် ထောက်လို့မရတာပါ။ ခါးရိုးကနေ အောက်ကို ဆင်းလာတဲ့ အာရုံကြောတွေထဲက နံပါတ်ငါး အာရုံကြောတစ်ချောင်း အားနည်းသွားတဲ့ သဘောပါပဲ။ အာရုံကြောအနေနဲ့ ပုံမှန် အကောင်းဆုံးအဆင့်ကို နံပါတ်ငါး သတ်မှတ်တယ်ဆိုရင် သူက နံပါတ်လေးလောက် ဖြစ်သွားတာပါ။ လုံးဝကြီး လှုပ်လို့မရတဲ့ အဆင့်တော့ မဟုတ်ပါဘူး။ ပြန်ကောင်းသွားမှာပါ” ယခုလို အာရုံကြော အားနည်းခြင်းသည် အားကစားသမားများ ဖြစ်လေ့ဖြစ်ထရှိပြီး၊ ကြွက်သားများအား ညှစ်ပြီး အသုံးပြုခြင်းများသည့်အခါ ကြွက်သားတွင် ရှိနေသည့် အိတ်ကြီး (Compactment) ထဲတွင် တင်းကျပ်မှု (Tight) ဖြစ်သွားပြီး အဆိုပါ အိတ်ကြီးတွင် ဖြတ်သွားသည့် အာရုံကြောအား သွားထိသည့်အတွက် အာရုံကြော အားနည်းသွားခြင်း ဖြစ်နိုင်ကြောင်း ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။
ယခုလက်ရှိ ပြန်ကောင်းရန် အတွက် အချိန်တစ်လ၊ တစ်လခွဲလောက် ပေးရမည်ဖြစ်ကြောင်း၊ ပိုမိုသေချာရန် အတွက် MRI (သံလိုက် ဓာတ်မှန်ရိုက်သည့်စနစ်) နှင့် အာရုံကြောများအား စစ်ဆေးခြင်း၊ အာရုံကြောအား လျှပ်စစ်နှင့် စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ထားလျက်ရှိပြီး၊ ယခုအခြေအနေမှာလည်း ပိုမိုကောင်းမွန်လျက်ရှိကာ လိုအပ်ပါကလည်း နိုင်ငံခြားတွင် ဆေးကုသမှု ခံယူနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် ကစားသမား ကျော်ကိုကိုသည် လာမည့် AFF SUZUKI ဖလား ခြေစစ်ပွဲအမီ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းတွင် ပါဝင်လာနိုင်ဖွယ်ရှိကြောင်း၊ AFF SUZUKI ဖလားခြေစစ်ပွဲတွင် AF-C U -22 Championship ခြေစစ်ပွဲတွင် အောင်မြင်ခဲ့သည့် ကစားသမားများထဲမှ အများစု ပြန်လည် ပါဝင်လာနိုင်ကြောင်း၊ အဆိုပါ ခြေစစ်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် အောက်တိုဘာလ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ လက်ခံ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ခိုင်သီတာ
Pyi Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...