ဧဒင်အချစ်ပုံပြင်: ဧည့်လမ်းညွှန်အသင်းက လိုင်စင်မဲ့လုပ်နေ သည့် ဧည့်လမ်းညွှန်များမငှားရန် တားမြစ်ချက်ထုတ်

Wednesday, 15 August 2012

ဧည့်လမ်းညွှန်အသင်းက လိုင်စင်မဲ့လုပ်နေ သည့် ဧည့်လမ်းညွှန်များမငှားရန် တားမြစ်ချက်ထုတ်

မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်းက ခရီးသွား လုပ်ငန်း လုပ်ကိုင် နေသည့် ကုမ္ပဏီ များအား လိုင်စင်မဲ့ လုပ်ကိုင် နေသည့် ဧည့်လမ်းညွှန်များ ငှားရမ်းခြင်း မပြုရန် အတွက် ဩဂုတ် ၃ ရက်နေ့တွင် သတိပေး တားမြစ်ချက် ထုတ်ကာ ပေးပို့ ခဲ့ကြောင်း ယင်းအသင်းဝင်တစ်ဦးက ပြောကြားသည်။
“ဧည့်လမ်းညွှန်လိုင်စင် မရှိတဲ့သူတွေနဲ့ နိုင်ငံခြားသားတွေက ဧည့်လမ်းညွှန်တွေလိုလုပ်ပြီး လိုက်ပါ ပို့ဆောင်နေတာတွေရှိတယ်။ ဒါတွေကိုမငှားမိအောင်ပါ”ဟု ၄င်းက ဆိုသည်။
အင်္ဂလိပ်ဘာသာ၊ စပိန်ဘာသာဖြင့် စကားပြန်လုပ်ကိုင်နေသည့် ဧည့်လမ်းညွှန်အမျိုးသမီးတစ်ဦး ကလည်း - “ကျွန်မတို့ဂိုက်တွေက နှစ်နှစ်တစ်ခါ သက်တမ်းတိုးရတာ၊ နေပြည်တော်မှာ သက်တမ်းတိုးရတယ်။ အခွန်ဆောင်ရတယ် စုစုပေါင်း တစ်သိန်းလောက်ကုန်တယ်၊ တချို့ဂိုက်တွေက သက်တမ်းမတိုးတော့ဘူး၊
တိုးကုမ္ပဏီနဲ့ နားလည်မှုယူပြီးလုပ်နေတာတွေရှိတယ်၊ ဥပမာ-တရားဝင်လိုင်စင်နဲ့ဂိုက်ကို တစ်ရက် ဒေါ်လာ ၄၀ ပေးရရင် လိုင်စင်မရှိတဲ့သူကို ၂၀၊ ၃၀ လောက်ပဲပေးရတယ်၊ နစ်နာတာပေါ့”ဟု ဆိုသည်။
ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်လိုပါက မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပေးထားသော သက်တမ်းရှိ လိုင်စင်ကတ်ပါရှိရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းမှ သိရသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်ထွန်းအောင်က - “ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေက လိုင်စင်မဲ့ဧည့်လမ်းညွှန်တွေကို မသုံးပါဘူး၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာပြီးလုပ်နေတာတော့ ရှိတယ်၊ ဂိုက်အပေါ်လည်းမူတည်ပါတယ်၊ ဝါရင့်ဂိုက်ဆို ပိုက်ဆံပိုပေးရတာရှိတယ်၊ အတွေ့အကြုံမရှိတဲ့ ဂိုက်ငှားမိရင် ကုမ္ပဏီလည်းထိခိုက်တယ်၊ နိုင်ငံလည်း ထိခိုက်တယ်၊ ဧည့်လမ်းညွှန် အသင်းကထုတ်ပြန်တာ မှန်ပါတယ်”ဟု ပြောကြားသည်။
မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်းက ဩဂုတ် ၃ ရက်နေ့ သတိပေးတားမြစ်ချက်တွင် ဧည့်လမ်းညွှန် လိုင်စင်မရှိသူများ၊ နိုင်ငံခြားသားများအနေဖြင့် ဘာသာရေး၊ ယဉ်ကျေးမူနှင့် သမိုင်းဝင် အဆောက်အအုံများ၊ စေတီပုထိုးများ၊ ပြတိုက်နှင့် မြို့တွင်းမြို့ပြင်များတွင် ဧည့်လမ်းညွှန်အဖြစ် ဝန်ဆောင်မှုမပြုရန်နှင့် ခရီးသွား ကုမ္မဏီများအနေဖြင့် ငှားရမ်းခြင်းမပြုရန် ပါဝင်သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းက ထုတ်ပြန်သောစာရင်းအရ ၂၀၁၂ ခုနှစ် ဇူလိုင်လကုန်အထိ လိုင်စင်ရှိ ဧည့်လမ်းညွှန် ၃၁၆၂ ဦးရှိပြီး အင်္ဂလိပ်ဂိုက် ၁၉၃၃ ဦး၊ ဂျပန်ဂိုက် ၃၄၃ ဦး၊ ပြင်သစ်ဂိုက်၂၃၁ဦး၊ ဂျာမန်ဂိုက် ၂၁၉ ဦး၊ တရုတ်ဂိုက် ၁၂၅ ဦး၊ ထိုင်းဂိုက် ၁၀၆ ဦး၊ စပိန်ဂိုက် ၁၀၆ ဦး၊ အီတလီဂိုက် ၃၄ ဦး၊ ရုရှားဂိုက် ၃၅ ဦးနှင့် ကိုရီးယားဂိုက် ၂၀ တို့ဖြစ်သည်။
ရဲရင့်မိုးအောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...