ဧဒင်အချစ်ပုံပြင်: အမျိုးသမီးတဦး “ငတုံး” ဆိုင်းဘုတ် လည်ပင်းချိတ်ရန် စီရင်ချက်ချခံရ –(vedio)ဖိုင်

Wednesday, 7 November 2012

အမျိုးသမီးတဦး “ငတုံး” ဆိုင်းဘုတ် လည်ပင်းချိတ်ရန် စီရင်ချက်ချခံရ –(vedio)ဖိုင်

 
ကလေးများကို အိမ်ရှေ့ချပေးနေသော ကျောင်းကြိုပို့ကားကို ကျော်တက်ပြီး ပလက်ဖောင်းပေါ်မှ မောင်းသွား အမျိုးသမီးတဦးသည် “ငတုံး” ဟူသော ဆိုင်းဘုတ် လည်ပင်းချိတ်ပြီး အခင်းဖြစ်သည့်နေရာတွင် မတ်တပ်ရပ်ရန် တနင်္လာနေ့က စီရင်ချက်ချခံလိုက်ရသည်။

 
အမှုခိုင်လုံရခြင်းအကြောင်းမှာ ကျော်တက်နေပုံကို ကြိုပို့ကားဒရိုင်ဘာက ဗီဒီယို ရိုက်ကူးထားခြင်း၊ အနီးတွင် စောင့်ကြည့်နေသော ယာဉ်ထိန်းရဲကားတစီး ရှိနေခြင်းကြောင့် ဖြစ်ဟန်တူသည်။
 
အမှုမှာ အမေရိကန် Ohio ပြည်နယ်၊ Cleveland မြို့ အသက် ၃၂ အရွယ် Shena Hardin အမည်ရှိ အမျိုးသမီး စက်တင်ဘာလက ထိုသို့ ယာဉ်စည်းကမ်း ချိုးဖောက်မိခြင်း ဖြစ်သည်။
ဗီဒီယိုပြကွက်အရ ထိုအမျိုးသမီး လမ်းစည်းကမ်းဖောက်ပြီးချိန်တွင် စောင့်ကြည့်နေသည့် ရဲကားတစီးက အချက်ပြမီးဖွင့်ပြီး တားဆီးလိုက်သည်ကို တွေ့ရသည်။

ကလေးအတင်အချလုပ်နေကြောင်း အချက်ပေး အမှတ်အသား ပြနေသော ကျောင်းကြိုပို့ကားကို တွေ့လျှင် မည်သည့်ယာဉ်မဆို ရပ်တန့်ထားရန် အမေရိကန်နိုင်ငံ စည်းကမ်း ထုတ်ထားသည်။

ကျောင်းကြိုပို့ကား မောင်းသူက အချက်ပေး အမှတ်အသား ရုပ်သိမ်းမှ ဆက်လက်သွားလာနိုင်သည်။
 
ကလေးအတင်အချ လုပ်မည့်အချိန်တွင် STOP  ဟု ထင်သာမြင်သာ ရှိသည့် ဆိုင်းဘုတ်သည် ကျောင်းကြိုပို့ကားဘေးတွင် ပေါ်ပေါက်လာတတ်ပြီး၊ အချက်ပြမီးများ ဖွင့်ထားလေ့ရှိသည်။
 
ကလေးများ ယာဉ်အန္တရာယ် ကင်းဝေးရန် ပြည်နယ် ၅၀ စလုံးတွင် ထိုသို့သော ယာဉ်စည်းကမ်းကို ချမှတ်ထားသည်။
အထက်ဖော်ပြပါ စည်းကမ်းဖောက်ဖျက်မှုမှာ E. 38 လမ်း၊ Superior လမ်းမကြီးနှင့်  Payne Avenue လမ်းမကြီးကြားတွင် ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
ယာဉ်စည်းကမ်းဖောက်ဖျက်သူ အမျိုးသမီးကို ယင်းမြို့ စည်ပင်သာယာတရားရုံးက ယာဉ်မောင်းလိုင်စင် ရက် ၃၀ ရုပ်သိမ်းရန်၊ တရားရုံးစရိတ် ဒေါ်လာ ၂၅၀ ကျခံရန် အမိန့်ချမှတ်လိုက်သည်။ ထို့ပြင် အခင်းဖြစ်သည့်နေရာတွင် နံနက် ၇း၄၅ မှ ၈း၄၅ အထိ နှစ်ရက်တိုင် ဆိုင်းဘုတ်တခု လည်ပင်းဆွဲပြီး ရပ်နေရန်လည်း အမိန့် ချသည်။
ထိုဆိုင်းဘုတ်တွင် “ငတုံးယာဉ်မောင်းသူသာ ကျောင်းကားရှောင်ရန် ပလက်ဖောင်းပေါ် တက်မောင်းသည်” ဟု ရေးထားသည်။
၎င်းစီရင်ချက်ကို အွန်လိုင်းတွင် ထောက်ခံချီးကျူးသူ အများအပြား ရှိသကဲ့သို့ ကန့်ကွက်သူများရှိကြောင်းလည်း တွေ့ရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...