ဧဒင်အချစ်ပုံပြင်: မန္တလေး-မြစ်ကြီးနားလမ်း မိုင်းခွဲခံရ၍ လူသုံးဦးဒဏ်ရာရ

Friday, 21 December 2012

မန္တလေး-မြစ်ကြီးနားလမ်း မိုင်းခွဲခံရ၍ လူသုံးဦးဒဏ်ရာရ

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း 
နမ္မားဘူတာနှင့် မြို့သစ်ဘူတာအကြား
 မိုးညှင်းအကျော် ဆယ်မိုင်ခန့်အကွာ
 မိုင်တိုင် ၆၄၃/၂၂-၂၃ ကြားတွင်



ယနေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပေါက်ကွဲမှုကြောင့် မန္တလေးမြို့ဟောင်း-မြစ်ကြီးနား ကုန်တင်ရထား အမှတ်(၉၃၇)၏ စက်ခေါင်း DD-1137 လမ်းချော်ပြီး ကုန်တွဲသုံးတွဲနှင့် နားနေတွဲတစ်တွဲ တိမ်းမှောက်ခဲ့ကာ ကုန်တစ်တွဲလမ်းချော်ခဲ့သည်။

ယင်းကုန်ရထားအား မောင်းနှင်သည့် စက်ခေါင်းမောင်း ဦးကျော်မြင့်နှင့် လက်ထောက်ဦးနေလင်းထွန်းမှာ ညာဘက်မျက်စိ ကိုယ်စီထိခိုက်ခဲ့ပြီး နားနေတွဲတွင် အနားယူနေသော လက်ထောက်စက်ခေါင်းမောင်း ဦးဥာဏ်ထွန်းမှာလည်း မျက်နှာ၌ ဒဏ်ရာရရှိခဲ့သည်။


 ၎င်းတို့သုံးဦးအား မိုးညှင်းမှတစ်ဆင့် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ကုသနေပြီး ဒဏ်ရာအခြေအနေမှာ စိုးရိမ်စရာမရှိဟု မြန်မာ့မီးရထားလုပ်ငန်း အထက်မြန်မာပြည် အထွေထွေမန်နေဂျာရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မီးရထားသံလမ်းမှာ ပေ ၆၀ ကျော် ပျက်စီးသွားနိုင်ကြောင်း ခန့်မှန်းပြီး မီးရထားလမ်းပိုင်း ပြုပြင်ရန်အတွက် မိုးညှင်းနှင့် မြစ်ကြီးနားမှ အင်ဂျင်နီယာများ၊ စက်ရုံလုပ်သားများ၊ တွဲပြင်လုပ်သားများသည် ကရိန်းများ၊ စက်ပြင်ကိရိယာများဖြင့် အခင်းဖြစ်ပွားရာသို့ သွားရောက်နေကြပြီဟု သတင်းရရှိသည်။ 


ဟိုပင်၊ မိုးညှင်း၊ မော်ဆန်၊ ပင်းဘော ဘူတာများတွင် ခေတ္တရပ်နားနေရသော မန္တလေး-မြစ်ကြီးနား အစုန်အဆန်ရထားအချို့ကို ခရီးသည်ရွှေ့ပြောင်းခြင်းဖြင့် ပို့ဆောင်သွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

မန္တလေးဘူတာကြီးမှ မြစ်ကြီးနားရထားများ ပုံမှန်အတိုင်း ထွက်ခွာပေးနေပြီး ဒီဇင်ဘာ ၂၂ ရက် နံနက် ၆ နာရီခန့်တွင် လမ်းပြန်ပွင့်ရန် ခန့်မှန်းထားကြောင်း မြန်မာ့မီးရထားလုပ်ငန်း အထက်မြန်မာပြည် အထွေထွေမန်နေဂျာရုံးမှ သတင်းရရှိသည်။


7 Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...