Myanmar People မဂ္ဂဇင်းက ကြီးမှူးကျင်းပသည့် ခုနစ်ကြိမ်မြောက် Miss
People ပြိုင်ပွဲတွင် မော်ဒယ်ခိုင်သဇင်ယုဝါက ၂၀၁၂ ခုနှစ်အတွက် Miss People
ဆုကို ဆွတ်ခူးသွားသည်။
ခိုင်သဇင်ယုဝါမှာ ပြိုင်ပွဲတွင် နောက်ဆုံးအဆင့် ဆန်ခါတင် ၁၅ ဦးထဲမှ
Miss People ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ဗဟုသုတဆိုင်ရာ
ဉာဏ်စမ်းမေးခွန်းများ ဖြေကြားရာတွင် မြန်မာနိုင်ငံတွင် အမျိုးသမီးများအတွက်
လတ်တလောတွင် ဖြေရှင်းရမည့်လုပ်ငန်းစဉ်မှာ ဘာလဲဟု ဒိုင်များ၏
မေးမြန်းမှုအတွက် ရေးဖြေကဏ္ဍတွင် “မိန်းကလေးဆိုတာ ပညာတတ်ဖို့အရေးကြီးတယ်။
နောက်ပြီး ၀တ်စားဆင်ယင်မှုမှာလည်း ရိုးရာမပျက်ဘဲ ဆင်ခြင်ဝတ်စားသင့်ပါတယ်”ဟု
ပြန်လည်ဖြေကြားခဲ့ပြီး “သင်သာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ပါက
မည်သို့လုပ်ဆောင်မည်လဲ”ဟူသည့် နှုတ်ဖြေကဏ္ဍတွင်လည်း အမြန်ဆုံးနှင့်အကောင်းဆုံး
ဖြေကြားနိုင်ခဲ့ခြင်းကြောင့် အလှဆုံးမိန်းကလေး ၁၅ ဦးအနက် ယခုဆုကို
ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်သဇင်ယုဝါကပြောသည်။
“Miss People ဆုအတွက် ယှဉ်ပြိုင်ချိန်မှာ မေးတဲ့မေးခွန်းတွေကို
စိတ်အေးအေးထားပြီး ဖြေနိုင်ခဲ့တဲ့အပေါ် အရမ်းဂုဏ်ယူမိပါတယ်။ လက်ရှိမှာတော့
မော်ဒယ်တစ်ယောက်ပေမယ့် Miss People ဆုရပြီးချိန်မှာ သရုပ်ဆောင်လုပ်ဖို့
ကြိုးစားပါမယ်။ သမီးရဲ့ရည်မှန်းချက်ကတော့ မတင်မိုးလွင်လို အကောင်းဆုံး
အခမ်းအနားစီစဉ်တင်ဆက်သူ ဖြစ်ချင်ပါတယ်”ဟု အသက် ၁၈ နှစ်အရွယ်
ခိုင်သဇင်ယုဝါကပြောသည်။
ခိုင်သဇင်ယုဝါသည် ၂၀၁၀ ခုနှစ်က မော်ဒယ်အဖြစ် အနုပညာလောကသို့
ရောက်ရှိခဲ့သူဖြစ်ပြီး Miss Ushido ပြိုင်ပွဲတွင် တတိယဆု၊ Miss
လပြည့်ဝန်းပြိုင်ပွဲတွင် ခန္ဓာကိုယ်အလှဆုံးဆု၊ Miss Oramin F ပြိုင်ပွဲတွင်
ဒုတိယဆု၊ ချက်ထရီယမ်ဟိုတယ်က ပြုလုပ်သည့် Miss လွိုင်ကထုံဆုတို့ကို
ရရှိထားသည်။ Miss People အဖြစ် ဆုငွေ ကျပ်သိန်းလေးဆယ်ရရှိခဲ့ပြီး အခြား
Title ဆု ၁၀ ဆုကိုလည်း Myanmar People မဂ္ဂဇင်းက ဆုရရှိသူများအား
ပေးအပ်ခဲ့သည်။
ယခုနှစ်အတွက် ဒိုင်များအဖြစ် လူမင်း၊ အိန္ဒြာကျော်ဇင်၊ R ဇာနည်၊
ဒေါ်သီတာဝင်း(Dozo)၊ မလတ်(လတ်လတ်ဖက်ရှင်)၊ မမဉ္ဓူ (Zu Zu Collection) နှင့်
ပြည်စိုးအောင်တို့က ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲဝင်မော်ဒယ်များကို
ရုပ်ရည်ချောမောမှု၊ ကိုယ်ခန္ဓာ၊ အသားအရေ၊ လမ်းလျှောက်ပုံ၊ စကားပြောပြေပြစ်မှု၊
စွမ်းရည်၊ သွက်လက်ချက်ချာမှု၊ ဖြတ်ထိုးဉာဏ်ကောင်းမှု၊ စည်းကမ်းလိုက်နာမှု
စသည့် အခြေခံအချက်ပေါ်မူတည်၍ အဆင့်ဆင့်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
Ref: 7 Day News
No comments:
Post a Comment