ဧဒင်အချစ်ပုံပြင်: ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ် ရောင်းချရာတွင် ရိုးသားမှု မရှိက အစိုးရအဖွဲ့သို့ တိုင်ကြားနိုင်

Thursday 25 April 2013

၁၅၀၀ ကျပ်တန် ဆင်းမ်ကတ် ရောင်းချရာတွင် ရိုးသားမှု မရှိက အစိုးရအဖွဲ့သို့ တိုင်ကြားနိုင်

၁၅၀၀ ကျပ်တန် မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ ဧပြီ ၂၄ ရက်မှ စတင်၍ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး များတွင် မဲဖောက်ရောင်းချ ပေးမည်ဖြစ်ပြီး
ပွင့်လင်း မြင်သာမှု မရှိဘဲ မရိုးမသား ပြုလုပ်မှုများ ရှိပါက သက်ဆိုင်ရာ မြို့နယ် ခရိုင် အုပ်ချုပ်ရေးမှူး ရုံးများနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ၀န်ကြီး ဦးအောင်ခင်က ပြောကြားသည်။

“ပြည်သူတွေ အတွက် ပွင့်လင်း မြင်သာမှု ရှိအောင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ညွှန်ကြားချက် အတိုင်း သက်ဆိုင်ရာ မြို့နယ်တွေမှာ ရောင်းဝယ်ရေး ကော်မတီ ဖွဲ့ပြီးတော့ ပြည် သူတွေရှေ့မှာ မဲစနစ်နဲ့ ရောင်းပေးမှာ ဖြစ်ပါတယ်” ဟု သယ်ယူပို့ဆောင်ရေး ၀န်ကြီး ဦးအောင်ခင်က ပြောကြားသည်။ “ဧပြီ ၂၁ ရက်နေ့မှာ မဲနှိုက်ပြီးပြီ။ ရပ်ကွက်ထဲက ပြည်သူတွေ ရှေ့မှာပဲ မဲနှိုက်ကြတာပါ။ လျှောက်ထားတဲ့ စောင်ရေကတော့ ၁၅၀၀ ကျော်လောက် ရှိတယ်။ ကျွန်တော်တို့ ရတဲ့ ခွဲတမ်းကတော့ ၂၄၀ လောက်ရတယ်” ဟု မြောက်ဥက္ကလာပ မြို့နယ်တွင် အပိုင်း(၁) မှ (၈)အထိ အုပ်ချုပ်သော အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းက ပြောသည်။
ယခု ရောင်းချပေးသည့် ကျပ် ၁၅၀၀ တန်ဆင်းမ်ကတ် CDMA 800 Mhz ၀ယ်ယူရာတွင် လျှောက်လွှာ တင်ထား သူများသည် မဲမပေါက်ခဲ့ပါက နောက်လများတွင် ထပ်မံ ချထား ပေးမည့် ဆင်းမ် ကတ်များ အတွက် လျှောက်လွှာတင်ရန် မလိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “အခု မဲနှိုက်လို့ မပေါက်တဲ့ သူတွေက နောက်ထပ် ချပေးမယ့် ဆင်းမ်ကတ်အတွက် လျှောက်လွှာ တင်စရာ မလိုတော့ဘူး။ လျှောက်လွှာ ပျက်စီးတာတို့၊ ပျောက်သွားတာတို့ ကတော့ ထပ်တင်ရမယ်” ဟု ၎င်းက ပြောသည်။
၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို ပထမ အသုတ်တွင် ကတ်ပေါင်း ၃၅၀၀၀၀ ခွဲဝေရောင်းချ ပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတွင် CDMA 800 MHz ဆင်းမ် ကတ်များကိုသာ ရောင်းချ ပေးမည်ဖြစ်ပြီး CDMA လိုင်းမမိသည့် နေရာများတွင်သာ WCDMA ဖုန်းဆင်းမ်ကတ် များကို ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတင်း ထုတ်ပြန် ထားသည်။
“အခုလက်ရှိ ကတော့ CDMA 800 MHz ကိုပဲ ဦးစားပေး ရောင်းချသွားမယ်။ နောင်တစ်လ၊ နှစ်လလောက် နေရင်တော့ WCDMA လိုချင်တဲ့ သူတွေ ၀ယ်နိုင်အောင် ရောင်းချပေးဖို့ စီစဉ် ထားပါ တယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ မိုဘိုင်းဖုန်း ၀ယ်လိုသူ အများစုမှာ CDMA 800 MHz ဖုန်းထက် WCDMA နှင့် ဂျီအက်စ်အမ် ဖုန်းလိုင်း ကိုသာ ၀ယ်ယူလိုသူ များကြောင်း သတင်း ရရှိသည်။
လမ်းမတော် မြို့နယ်နေ WCDMA ဖုန်းလိုချင်သူ တစ်ဦးက “အခုချ ထားပေးမယ့် CDMA 800 MHz ကိုတော့ မလိုချင်ဘူး။ WCDMA ပဲ လိုချင်တာ။ CDMA 800 MHz က ဟန်းဆက်လည်း မပေါ ဘူး။ ရန်ကုန်တို့ မန္တလေးတို့လို မြို့ကြီးတွေမှာ လိုင်းကောင်းပေမယ့် နယ်ရောက်သွား ရင်တော့ အဆင်မပြေ တော့ဘူး” ဟု ဆိုသည်။ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် တပ်ဆင် ထားသည့် CDMA မိုဘိုင်း တာဝါတိုင် အရေအတွက် ပေါ်မူတည်ပြီး CDMA ဆင်းမ်ကတ် ၃၅၀၀၀၀ ကို ခွဲဝေ ရောင်းချပေးခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေး မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။
7Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...