ဧဒင်အချစ်ပုံပြင်: ထပ်ဆင့်ထုတ်လွှင့် ပြသသည့် အနုပညာကြေးများ အလွဲသုံးစားမှု မပြုနိုင်ရန် ဘဏ်မှလွှဲပေးမည်

Wednesday 24 April 2013

ထပ်ဆင့်ထုတ်လွှင့် ပြသသည့် အနုပညာကြေးများ အလွဲသုံးစားမှု မပြုနိုင်ရန် ဘဏ်မှလွှဲပေးမည်

Photo: ထပ်ဆင့်ထုတ်လွှင့် ပြသသည့် အနုပညာကြေးများ အလွဲသုံးစားမှု မပြုနိုင်ရန် ဘဏ်မှလွှဲပေးမည်
Wednesday, April 24, 2013

FM များ၊ ရုပ်သံဌာနများ၊ အဆိုပြိုင်ပွဲများမှ ထုတ်လွှင့်သော ဖျော်ဖြေမှုများအတွက် သက်ဆိုင်ရာ အနုပညာကြေးများကို အလွဲသုံးစား မပြုနိုင်ရန် ဂီတအစည်းအရုံးမှတဆင့် ဘဏ်ဝန်ဆောင်မှုဖြင့်သာ လစဉ် ရှင်းပေးသွားမည်ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံး ခေတ်ပေါ် စတီရီယိုအလွှာ ဥက္ကဋ္ဌ ဖြူဖြူကျော်သိန်းထံမှ သိရသည်။

FM များ၊ ရုပ်သံဌာနများ၊ သီချင်းဆိုပြိုင်ပွဲများမှ ရရှိသော အနုပညာကြေးများကို ဂီတအစည်းအရုံးမှ တာဝန်ရှိသူများက သိမ်းဆည်းထားခြင်း မပြုတော့ဘဲ အသံလွှင့်ဌာနများမှ သွင်းငွေများကိုလည်း ဘဏ်သို့ တိုက်ရိုက်သွင်းပြီး သက်ဆိုင်ရာ အနုပညာရှင်များအား ဘဏ်မှတဆင့် ပြန်လည်လွှဲပေးမည်ဖြစ်ကြောင်း၊ ယခင် ဂီတအစည်းအရုံး သက်တမ်းတွင် ကြုံတွေ့ခဲ့ရသော ကျပ် ၅၂၈ သိန်း အလွဲသုံးစားမှုကဲ့သို့ ထပ်မဖြစ်စေရန် ယခုကဲ့သို့ ဘဏ်စနစ်ကို ပြောင်းလဲရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အနုပညာကြေးများကိုလည်း လစဉ် ရှင်းပေးသွားမည် ဖြစ်ကြောင်း ဖြူဖြူကျော်သိန်းက ပြောသည်။

မြန်မာနိုင်ငံဂီတအစည်းအရုံး၏ ပြီးခဲ့သည့် သက်တမ်းတွင် အဆိုပြိုင်ပွဲများမှ သွင်းငွေ ကျပ် ၅၂၈ သိန်းအား တာဝန်ယူ လက်ခံထားသူတဦးက အလွဲသုံးစားခဲ့ကြောင်း (အမည်နှင့် ရာထူးဖော်ပြရန် ဂီတအစည်းအရုံး တာဝန်ရှိသူများက ငြင်းဆိုသည်)၊ ၎င်းငွေများကို တလအတွင်း ပြန်ထည့်ရန် သတိပေးထားကြောင်း၊ ပြန်မထည့်နိုင်ပါက တရားဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပြိုင်ပွဲများမှ သွင်းငွေများကိုလည်း ဘဏ်စနစ်ဖြင့်သာ ရှင်းတော့မည်ဖြစ်ကြောင်း ဂီတအစည်းအရုံး တာဝန်ရှိသူများထံမှ သိရသည်။

“နောက်ပိုင်း ငွေချေတာမှာ ဘဏ်ကနေတဆင့် သွားဖို့ပဲ လုပ်ထားပါတယ်။ အခုလည်း ဆော်သြထားပါတယ်။ ဖြစ်နိုင်ရင် ကမ္ဘောဇဘဏ်၊ သို့မဟုတ် နီးစပ်ရာဘဏ်တွေမှာ ဘဏ်အကောင့် ဖွင့်ထားဖို့ အနုပညာရှင်တွေကိုလည်း အစည်းအရုံးမှာ ကိုယ့်ဘဏ်အကောင့်ရဲ့ ပထမစာမျက်နှာကို မိတ္ထူဆွဲပြီး ကိုယ့်အကောင့် မှန်ကန်ကြောင်း စာရင်းတင်ပေးဖို့ ပြောထားပါတယ်။
နောက်လတွေကျရင် အနုပညာကြေးတွေကို အစည်းအရုံးကနေ ငွေသားနဲ့ မထုတ်ပေးတော့ဘဲ ဘဏ်ကနေတဆင့်ဘဲ ပေးသွားပါမယ်” ဟု သူက ဆိုသည်။

အနုပညာကြေးဟု ဆိုသည်မှာ FMများ၊ အသံလွှင့်ဌာနများ၊ အဆိုပြိုင်ပွဲများတွင် အသုံးပြုသော တေးသီချင်းများအတွက် မူပိုင်ခွင့်အရ သက်ဆိုင်သော တေးရေး၊ တေးဆို၊ တေးဂီတ အဖွဲ့များသို့ အနုပညာကြေး ပြန်လည် ပေးအပ်ခြင်း ဖြစ်သည်။

၎င်းငွေကြေးကို မြန်မာနိုင်ငံ ဂီတအစည်းအရုံးက လက်ခံထားပြီး သက်ဆိုင်ရာ အနုပညာရှင်ကို လစဉ်ဆက်သွယ်ကာ ဘဏ်မှတစ်ဆင့် ပေးအပ်မည့် အစီအစဉ်ဖြစ်သည်။

“အနုပညာကြေးတွေကို လစဉ်ရှင်းဖို့ ရည်ရွယ်ထားပါတယ်။ အနုပညာကြေးတွေမှာ ဆိုရင် အဆိုတော်ဘယ်လောက်၊ အတီးအရေး ဘယ်လောက်ဆိုတာကို အစည်းအရုံးရဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့ကနေ အသေးစိတ် ခွဲပါတယ်။

အသေးစိတ် အချက်အလက်တွေလည်း စုဆောင်းထားရပါတယ်။ အချိန်တော့ တော်တော်လေး ယူရပါတယ်။ ဒီအတွက် ငွေစုစာအုပ်လုပ်ပြီး အစည်းအရုံးမှာ လာစာရင်းသွင်းဖို့လည်း ပြောထားပါတယ်။ ဘဏ်မှာ ငွေ ၁၀၀၀ နဲ့ စပြီး ဖွင့်လို့ရပါတယ်။ နောက် လစဉ်ငွေလွှဲရာမှာလည်း အနုပညာကြေးအ နေနဲ့ ဘယ်လောက်ရပါတယ်၊ ဘယ်နေ့က လွှဲလိုက်ပါတယ် ဆိုတာကို သက်ဆိုင်ရာ အနုပညာရှင်တွေကို အကြောင်းကြားပေးမှာပါ။ နောက်တဆင့်အနေနဲ့ ကိုယ်ရတဲ့ အနုပညာကြေးတွေမှာ ဘယ်နေ့ဘယ်အချိန်က ဘယ် FM မှာ ဘယ်နှကြိမ်လွှင့်ခဲ့လဲ သိချင်ရင် အစည်းအရုံးကနေ နောက်ထပ်ဝန်ဆောင်မှု တခုအနေနဲ့ ပေးသွားမှာပါ” ဟု ဖြူဖြူကျော်သိန်းက ဧရာဝတီသို့ ထပ်ပြောသည်။

လက်ရှိတွင် အသံလွှင့်ဌာနများ အနေဖြင့်လည်း အနုပညာကြေးများကို ဘဏ်များဖြင့်သာ ချိတ်ဆက် လုပ်ဆောင် နေကြကြောင်း သိရသည်။

“ကျနော်တို့ မန္တလေး FM အနေနဲ့ကတော့ သီချင်းတပုဒ်ကို တခါလွှင့်ရင် ၇၅၀ ကျပ် သွင်းပါတယ်။ ၂၀၁၂ တုန်းကတော့ အဲဒီငွေတွေကို ဂီတအစည်းအရုံးမှာပဲ သွင်းတယ်။ ၂၀၁၃ နှစ်ဆန်းပိုင်းကစပြီး ကမ္ဘောဇဘဏ်မှာ သွားသွင်းတယ်၊ သွင်းပြီးကြောင်း လက်ခံပြေစာနဲ့ အနုပညာရှင်တွေ သီချင်းပုဒ်ရေ စာရင်းကို ဂီတအစည်းအရုံးကို ပို့ပေးပါတယ်။

အခုအဲဒီလို ဘဏ်စနစ်နဲ့ သွားတာ ပိုကောင်းတယ်။ ပိုစိတ်ချရသလို အချိန်ကုန်လည်း သက်သာပါတယ်” ဟုမန္တလေး FM မန်နေဂျာ ဦးမြင့်ဇော်က ဧရာဝတီသို့ ပြောသည်။

Lazy Club တေးဂီတမှ လိဒ်ဂစ်တာသမား နိုင်ဇော်က ၎င်းတို့ အဖွဲ့အနေဖြင့် အနုပညာကြေးကို နှစ်တိုင်းရရှိကြောင်း၊ ယခင်နှစ်က Lazy Club အနေဖြင့် တနှစ်လုံးစာ ကျပ် ၉ သိန်း ရဖူးခဲ့ကြောင်း ပြောဆိုသည်။

“ဂီတတံခါးလေး ပြိုင်ပွဲက သွင်းငွေသွားထုတ်တာ ကျပ် ၆ သိန်း ရဖူးတယ်။ ရအောင်လည်း ကိုယ်ပဲ လုပ်ခဲ့ရတာ။ အရင် အစည်းအရုံးကတည်းက အတီးသမားတွေကို ပေးသင့်တဲ့ အကြောင်း အထောက်အထားနဲ့ ပြောခဲ့လို့ ရခဲ့တဲ့ အခွင့်အရေးပဲလေ။ ကျနော်က အတီးပညာရှင် ကိုယ်စားလှယ်အနေနဲ့ ဂီတအစည်းအရုံးကို တက်ခဲ့တဲ့အခါ FM တွေက အတီးကို အရင်က မပေးခဲ့ဘူး၊ ဒါကို ကျနော် အစည်းအဝေးတိုင်းမှာ အခိုင်အမာတင်သွင်း ခဲ့တယ်။ အခုထိ အသက်သွင်းပြီး လုပ်နိုင်တဲ့ အတွက် ဝမ်းသာပါတယ်။ ဘဏ်ကနေလုပ်မယ့် အစီအစဉ်ကတော့ နိုင်ငံတကာမှာလည်း အဲဒီလိုပဲ လုပ်နေတာပဲ။

ငွေရေးကြေးရေး အခက်အခဲတွေ၊ အလွဲသုံးမှုတွေ ကြုံလာတဲ့အခါ အလုပ်မှာ ယုံကြည်မှုတွေ မရှိကြတော့ဘူး၊ ဘဏ်က တဆင့် အကောင့်နဲ့ သွားတော့မယ်ဆိုတော့ အကောင်းဆုံးပေါ့။ ကမ္ဘာ့အဆင့် မီသွားတာပေါ့၊ ဒါပေမယ့် တကယ်လုပ်နိုင်ဖို့ အရေးကြီးတယ်လေ။ ဖြစ်လာရင်တော့ ကောင်းတာပေါ့” ဟု ပြောသည်။

ကိုနိုင်ဇော်က မြန်မာနိုင်ငံ ဂီတအစည်းအရုံး အတီးပညာရှင် ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့စဉ် FM များ၊ ရုပ်သံဌာနများက သီချင်းလွှင့်သည့် အကြိမ်အရေအတွက်ကို မြန်မာနိုင်ငံပြန်ကြားရေး ဝန်ကြီးဌာနသို့လည်း စာရင်း တင်ရကြောင်း၊ ၎င်းစာရင်း အတိုင်း ကော်ပီကို မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ တင်ပြကြောင်း၊ ရုပ်သံများမှ ထုတ်လွှင့်သော သီချင်းများအတွက် တေးသီချင်း တပုဒ်အား တကြိမ် အသုံုးပြုခ ၁၂၀၀ ကျပ်ကို မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ သွင်းကြပြီး ဂီတအစည်းအရုံးမှ တေးရေးအတွက် ၄၀၀ ကျပ်၊ တေးဆိုအတွက် ၄၀၀ ကျပ်၊ တေးဂီတ ၄၀၀ ကျပ် အသီးသီး ပြန်ခွဲပေးရကြောင်း ဧရာဝတီသို့ ရှင်းပြသည်။

လက်ရှိတွင် ကိုနိုင်ဇော်သည် ဂီတအစည်းအရုံးတွင် တာဝန်ယူထားရာမှ အနားယူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

တေးသံရှင် ချောစုခင်က “အရင် နှစ်တွေကလည်း သွားထုတ်ခဲ့တယ်။ ၆ လ တခါ၊ တနှစ် တခါလောက် သွားထုတ်ဖြစ်တယ်။သူတို့က စာရင်းဇယားနဲ့ သေချာ ထုတ်ပေးပါတယ်။ အခုလို ဘဏ်ကနေ လွှဲပေးတော့လည်း ကောင်းပါတယ်။ လူတိုင်း မလုပ်နိုင်ဘူးလေ။ သူတို့လည်း ကောင်းအောင် လုပ်ပေးနေကြတယ် ထင်ပါတယ်။ တမျိုးအဆင်မပြေရင် တမျိုး လုပ်ကြရတယ်။ ပိုကောင်းလာမယ်လို့ ထင်ပါတယ်။ အခုထိတော့ ဘဏ်ကနေ မထုတ်ဖူးသေးပါဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံးတွင် မဟာဂီတအလွှာ၊ ကာလပေါ်အလွှာ၊ ခေတ်ပေါ် စတီရီယိုအလွှာ၊ ထုတ်လုပ်ဖြန့်ချိအလွှာ၊ ခေတ်သစ်ဂီတ အလွှာ၊ စက်မှုအလွှာ စသည်ဖြင့် အလွှာ ၆ လွှာဖြင့် ဖွဲ့စည်းထားကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ဝန်ထမ်းနေရာ များအတွက် ရွေးကောက်ပွဲကျင်းပပြီး ရွေးချယ်ခဲ့ကြောင်း ထုတ်လုပ်ဖြန့်ချိ အလွှာမှ ဦးဇော်ထူးအောင် (CMP) က ပြောသည်။

ဧရာဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...