ဧဒင်အချစ်ပုံပြင်: ၉ နှစ်အရွယ် သားဖြစ်သူကို ပြိုင်ကားပေးမောင်းသည့် ဖခင်အား အိန္ဒိယရဲ ဖမ်းဆီး

Thursday 2 May 2013

၉ နှစ်အရွယ် သားဖြစ်သူကို ပြိုင်ကားပေးမောင်းသည့် ဖခင်အား အိန္ဒိယရဲ ဖမ်းဆီး

 Photo: ၉ နှစ်အရွယ် သားဖြစ်သူကို ပြိုင်ကားပေးမောင်းသည့် ဖခင်အား အိန္ဒိယရဲ ဖမ်းဆီး

အိန္ဒိယနိုင်ငံတွင် (၉)နှစ်အရွယ် သားဖြစ်သူကို Ferrariပြိုင်ကား ပေးမောင်းသည့် ဖခင်တစ်ဦးအား ရဲများက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ (၉)နှစ်သား ချာတိတ်လေး တစ်ယောက်က Ferrari F430 ပြိုင်ကားကို တက်မောင်းနေသည့် ဗီဒီယိုမှာ YouTubeတွင် လူပြောများလာသည့်နောက် စစ်ဆေးကြည့်ရာ သက်ဆိုင်ရာ မိသားစုကို ဖော်ထုတ်လာနိုင်ခဲ့သည်။ ထို့ကြောင့်လည်း အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာ ပြည်နယ်ရှိ Ferrariကား ပိုင်ရှင်ကို ကလေးသူငယ်များအား မော်တော်ယာဉ် မောင်းနှင်စေမှုဖြင့် ထိန်းသိမ်းခဲ့သည်။ မိုဟာမက် နစ်ရှမ်သည် ကလေးတစ်ဦး၏ အသက်ကို ထိခိုက်စေလောက်သော အပြုအမူအတွက် စွဲချက်တင်ခံရသည်။

နစ်ရှမ်သည် သားဖြစ်သူကို ၎င်း၏ (၉)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မိသားစုပိုင် Ferrari ပြိုင်ကားကို တက်မောင်းစေခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော (၂)ပတ်က မွေးနေ့ အစီအစဉ်အတွက် ကလေး၏ မိခင်က ဗီဒီယိုဖြင့် မှတ်တမ်းတင်ခဲ့ပြီး (၇)နှစ်အရွယ် သားငယ်လေးကိုလည်း ကားဘေးခုံတွင် လိုက်ပါစေခဲ့သည်။ အိန္ဒိယတွင် လူပြောများခဲ့သည့် ဗီဒီယိုနှင့် ပတ်သက်ပြီး ယခုဖမ်းဆီးခံရသူ အမျိုးသားသည် ဒေါ်လာ (၄)သန်းဖိုးမျှ တန်ကြေးရှိသည့် မော်တော်ကား (၁၈)စင်းကို ပိုင်ဆိုင်ထားကြောင်း ရဲအရာရှိ တစ်ဦးက ဆိုသည်။ ထိုကားသည် အမြင့်ဆုံး တစ်နာရီ မိုင်(၁၉၀)နှုန်းဖြင့် မောင်းနှင်နိုင်ပြီး ကလေးငယ်မှာ တစ်နာရီ မိုင်(၃၀)မှ (၄၀)ကြား မြန်နှုန်းဖြင့် မောင်းနှင်ပြီးနောက် ကားကို ရပ်တန့်လိုက်သည်ကို တွေ့ရသည်။ 

ဆေးရွက်ကြီး စိုက်ခင်းများနှင့် အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းများ ပိုင်ဆိုင်သော နစ်ရှမ်သည် ယခုအခါ အာမခံဖြင့် ပြန်လည် လွတ်မြောက်နေပြီ ဖြစ်သည်။ နစ်ရှမ်က ယခုအမှုအတွက် ရဲများသည် Ferrariပြိုင်ကားကို သိမ်းယူကောင်း သိမ်းယူနိုင်သည်ဟု ဝန်ခံထားသည်။ သို့သော်လည်း ကလေး၏ မိဘနှစ်ပါးက ယခုကိစ္စအတွက် ရှက်စရာ မလိုဟု ပြောဆိုခဲ့သည်။ နစ်ရှမ်၏ ဇနီးဖြစ်သော အမ်မဲလ် နစ်ရှမ်က "ကျွန်မက သူ့အတွက် ဂုဏ်ယူပါတယ်။ တကယ်တော့ သားက (၅)နှစ်သား အရွယ်ကတည်းက ကားမောင်းတတ်နေပြီ"ဟု ဆိုသည်။ 

သူမက အဆိုပါ ကလေးငယ်သည် ယခင်ကတည်းက မိသားစုပိုင် Bentleyနှင့် Lamborghini အမျိုးအစား တန်ဖိုးကြီး ပြိုင်ကားများကို တက်မောင်းနေကျဟုလည်း ပြောကြားခဲ့သည်။ "ခုက သူ့ရဲ့ (၉)နှစ်ပြည့် မွေးနေ့အတွက်လေ။ သူကလည်း ဆန္ဒရှိတာကြောင့် Ferrariကို ပေးမောင်းခဲ့တာပါ။ သူက ကားမောင်းတဲ့ နေရာမှာ သတိထားတတ်သလို ယုံကြည်မှုလည်း ရှိပါတယ်။ ဒီအသက်အရွယ် ကလေးတစ်ယောက်အတွက် ခုလို လုပ်ဆောင်ပြနိုင်တယ် ဆိုတာက မလွယ်ဘူး မဟုတ်လား"ဟုလည်း သူမက ဝံ့ကြွားစွာ ပြောဆိုသွားသည်။ 

Source: TheSun

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...