ဧဒင်အချစ်ပုံပြင်: ၂ နှစ်အတွင်း ကားဈေး ထက်ဝက်နီးပါး ထိုးကျနိုင်

Monday 5 August 2013

၂ နှစ်အတွင်း ကားဈေး ထက်ဝက်နီးပါး ထိုးကျနိုင်

Photo: ၂ နှစ်အတွင်း ကားဈေး ထက်ဝက်နီးပါး ထိုးကျနိုင်

5/8/2013

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကားဈေးကွက်မှာ မကြာသောကာလအတွင်း ဈေးကွက် ပုံစံအသစ်များ ပြောင်းလဲ၍ ဈေးနှုန်းများ သိသာစွာ ထိုးကျသွားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ပြောင်းလဲ ကျင့်သုံးခဲ့သော ကားတင်သွင်းခွင့် မူသစ်ကြောင့် ယခင်ကထက် ကားဈေးနှုန်းများ သိသာစွာ ကျဆင်းလာခဲ့သော်လည်း နိုင်ငံတကာ ပေါက်ဈေးများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံရှိ ကားဈေးမှာ ဒေသတွင်းနိုင်ငံများထက် မြင့်မားလျက်ပင် ရှိနေသေးသည်ဟု ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးက မှတ်ချက်ပြုသည်။

မကြာမီ ပြောင်းလဲကျင့်သုံးမည့် အခွန်ဆိုင်ရာ မူဝါဒအသစ်ကြောင့် လက်ရှိ ဖြစ်ပေါ်နေသော ကားဈေးနှုန်းမှာ နိုင်ငံတကာ ပေါက်ဈေးနှင့်အညီ တန်းတူသတ်မှတ် ဖြစ်ပေါ်လာနိုင်ကြောင်း သမ္မတရုံး ဒုဝန်ကြီး ဦးသန့်ရှင်က ခန့်မှန်းပြောကြားသည်။ “၂၀၁၅ မှာ ကျင့်သုံးတော့မယ့် အာဆီယံ အခွန်မဲ့ ကုန်သွယ်မှုစနစ်က ဒီကိစ္စကို အများကြီး သက်ရောက်သွားစေနိုင်တယ်။ ကားဈေးကလည်း အဲဒီအချိန်ကျရင် ဒီထက် ထက်ဝက်လောက်ကို ကျသွားနိုင်တဲ့ အခြေအနေမှာရှိတယ်” ဟု ၄င်းက ဆိုသည်။

ယင်းကာလတွင် ဒေသတွင်း ကားထုတ်လုပ်မှု အောင်မြင်ဖြစ်ထွန်းနေသော ထိုင်း၊ မလေးရှား၊ စင်ကာပူ အစရှိသော နိုင်ငံများက ကားတင်ပို့မှုကို တွင်ကျယ်စွာ ပြုလုပ်လာနိုင်ပြီး ကားစက်ရုံ တည်ဆောက်မှုများလည်း နိုင်ငံတွင် ဖွံ့ဖြိုးလာနိုင်ကာ အခွန်ကင်းလွတ်ခွင့်စနစ်ကြောင့် ပြိုင်ဆိုင်မှုများမှာလည်း ပိုမိုအားကောင်းလာနိုင်သည်ဟု ဈေးကွက်ကျွမ်းကျင်သူ ဦးကျော်ဝင်းကလည်း မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ၌ ကားစီးနိုင်သူ ဦးရေမှာ လူတစ်ထောင်လျှင် ၂၀ ဦးပင် မပြည့်သေးသောကြောင့် ဒေသတွင်းနိုင်ငံများထက် နှိုင်းယှဉ်ပါက အရေအတွက် နည်းပါးနေသေးကာ ကားဈေးကွက် ပြောင်းလဲမှုကြောင့် နိုင်ငံသားများအဖို့ အခွင့်အလမ်း ပိုမိုရရှိလာနိုင်မည်ဟု လေ့လာမှုများက ဆိုသည်။ ထိုသို့ ဈေးကွက်ပြောင်းလဲလာမှု အခြေအနေ အကြောင်းအချက်ကြောင့် ပြည်တွင်းကားရောင်းဝယ်မှု ဈေးကွက်မှာ တည်ငြိမ်မှုမရှိဘဲ အရောင်းကား အငှားဈေးကွက်မှာ ပိုမိုအားကောင်းလာဖွယ်ရှိကြောင်း ရန်ကုန်မြို့ အခြေစိုက် ကားဝယ်ရောင်း အကျိုးဆောင်များက ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

General Knowledge

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...