ဧဒင်အချစ်ပုံပြင်: ထူးဆန်း ကြည်ညိုဖွယ်ရာ သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်

Monday 5 August 2013

ထူးဆန်း ကြည်ညိုဖွယ်ရာ သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်

Photo: ထူးဆန်း ကြည်ညိုဖွယ်ရာ သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော် 

''ရွှေလက်ပံငုံစီစီ၊ ဒုတိယ ပုဂံပြည်'' ဟုလူသိများ၍ ရှေးဟောင်း သမိုင်းဝင် စေတီ ပုထိုးကြီးများဖြင့် အထူးစည်ကားလျက် ရှိသော

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့် အကွာရှိ သုံးပန်လှ စံပြကျေးရွာ၌ ကျန်စစ်သားမင်းနှင့် သမ္ဘူလ မိဖုရားကြီးတို့ တည်ထား ကိုးကွယ်ခဲ့သော သမိုင်းဝင် စေတီတိုက် ဘုရား ပရိဝုဏ် အတွင်းမှ တွေ့ရှိရသည့် သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ အလွန်ထူးဆန်း ကြည်ညိုဖွယ် ကောင်းကြောင်း ယင်းဘုရားကြီး၏ ဂေါပက အဖွဲ့ဝင်ဖြစ်သူ ဦးဘဂျမ်းက ပြောပြခဲ့သည်။

''သမိုင်း သုတေသီတွေရဲ့မှတ်ချက် အရဆိုရင်တော့ ဟောဒီ ရှင်ဥပဂုတ္တ မထေရ်မြတ်၏ ပုံတော် ဖြစ်ပေါ်နေတဲ့ သစ်နွယ်ပင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်းက ရှိနေတယ်လို့ ပြောကြတယ်'' ဟု ၎င်းဂေါပက လူကြီးက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ သစ်နွယ်ပင်ခွကြား၌ ဖူးမြော်တွေ့ရှိနိုင်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ထုဆစ် ပြုလုပ် ထားသည်ဟု ယေဘုယျ ဆိုနိုင်သော်လည်း ထုဆစ် ပြုလုပ်သည့် လက်ချက်များကြောင့် သစ်နွယ် အကြောအမျှင်များ ပြတ်တောက်နေရမည့် အစား ပိုမို၍ ထူးဆန်း အံ့သြရသည်မှာ သစ်နွယ်ပင်များ၏ မူလ သဘာဝ သစ်ပင် အကြောအမျှင် များသည် ပုံတော်နှင့် တစ်ဆက်တစ်စပ် တည်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ပန်းပုပညာရှင် များ၏ သုံးသပ် ပြောကြားချက်များ အရ သိရသည်။

အဆိုပါဒေသ၌ ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး အများအပြား တည်ရှိနေပေရာ စေတီ အဆူတော် အရေအတွက်ကို လွယ်ကူစွာ မှတ်သား သိရှိနိုင်စေရန် ရှေးစာဆိုများက ''ရွှေလက်ပံငုံစီစီ'' ဟု လင်္ကာအားဖြင့် မှတ်သား ထားခဲ့သည်။ အဓိပ္ပာယ်မှာ ယင်းဒေသ၏ရှေးဟောင်းစေတီ ပုထိုးအရေအတွက်မှာ ၄၄၅၂၃၃ ဆူခန့် ရှိကြောင်းကို ညွှန်ပြဖွဲ့ဆို ထားခြင်းဖြစ်သော်လည်း မျက်မှောက် ခေတ်တွင်မူ သဘာဝ ဘေးအန္တရာယ်များနှင့် ရာသီဥတု၏ တိုက်စား ချေဖျက်မှုကြောင့် အဆိုပါ ဒေသတွင် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး ၁၃၂ ဆူခန့်သာ ကျန်ရှိတော့ကြောင်း ထိုဒေသရှိ မြေတိုင်း စာရေးကြီး ဦးကျော်ဆွေ၏ စာရင်းပြုစု ချက်များအရ သိရသည်။

ရှေးဟောင်း ယဉ်ကျေးမှု ပုဂံဒေသရှိ စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်နှင့် အဆိုပါ စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်မှာ တထေရာတည်းဖြစ်ကြောင်း ယင်းဒေသသို့ ဘုရားဖူး အလည်အပတ် ရောက်ရှိလာသူ ရှေးဟောင်း ဗိသုကာ ပညာရှင် ဦးလှသောင်း၏ ပြောပြချက်များ အရ သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...