ဧဒင်အချစ်ပုံပြင်: ယောက်ျား ဘောလုံးပွဲကြည့်၍ ဇနီးက ဆွဲကြိုးချ သတ်သေ

Monday 23 September 2013

ယောက်ျား ဘောလုံးပွဲကြည့်၍ ဇနီးက ဆွဲကြိုးချ သတ်သေ

စက်တင်ဘာ(၂၀)ရက်နေ့က ယောက်ျားဖြစ်သူ ဘောလုံးပွဲကြည့်သည် ကိစ္စဖြင့် စကားများကြပြီး ဇနီးဖြစ်သူက မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် စစ်ပင်ရွာရှိ လယ်တဲတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ အသက်(၂၁)နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
၎င်းသည် နေအိမ်တဲအတွင်း အမြင့်(၉) ပေခန့်ရှိ ခေါင်မိုးဝါးတန်းတွင် အရှည်(၁၈) ပေ၊ လက်သန်းလုံးခန့် အစိမ်းရောင် နွားချည်သည့် ပလစ်စတစ် ကြိုးဖြင့် ဆွဲကြိုးချ သေဆုံးနေသည်ကို ရဲတပ်ဖွဲ့တွေ့ရှိခဲ့သည်ဟု ဆိုထားသည်။

ယင်းသေဆုံးမှုနှင့် ပတ်သက်ပြီး ပက်ဝန်းကျင်ကို စစ်ဆေးရာတွင်လည်း ၎င်း၏ ခင်ပွန်း ဖြစ်သူနှင့် ဘောလုံးပွဲကြည့်သည့် ကိစ္စဖြင့်ရန်ဖြစ် စကားများခဲ့သည် ဟု ဆိုထားသည်။
ထို့နောက် ခင်ပွန်း ဖြစ်သူမှာ ညနေ ၃ နာရီ အချိန်တွင် ဘောလုံးပွဲ ကြည့်ရန် ရွာထဲသို့ ထွက်သွားပြီး ည ၈ နာရီခွဲ အချိန် နေအိမ်သို့ ပြန်ရောက်စဉ်တွင် ဇနီးဖြစ်သူအား ဆွဲကြိုးချ သေဆုံးနေလျက် တွေ့ရှိရခြင်း ဖြစ်သည်ဟု ဆိုထားသည်။
သေဆုံးသူ၏ တဲအတွင်း တွင်လည်း “အစ်ကိုကြီး သက်ကို မချစ်တော့ဘူး” ဟု ရေးသားထားသော စာရွက်ပိုင်းတစ်ခုကို တွေ့ ရှိခဲ့ရသည်ဟု ရဲဌာနက ဖော်ပြထားသည်။
ထို့ကြောင့် အလောင်းအား လှည်းကူး ဆေးရုံသို့ ပို့အပ်ရာ ပီအာရ် ၆၈ ဖြင့် လက်ခံထားရှိပြီး ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မ ဟုတ် စစ်ဆေးနိုင်ရန် လှည်းကူးမြို့နယ်၊ ဒါးပိန်နယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်မင်းဦးက သေမှုသေခင်း ရေးဖွင့်ထားသည်။
အဆိုပါအမှုကို ရဲစခန်းသေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၃ဖြင့် ဆက်လက်စစ်ဆေးသွားမည်ဟုလည်း သိရသည်။
Source : Mizzima

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...